Saturday, December 3, 2016

thoughts of today: Dec 3


တချို့သော ဘာသာစကားတွေမှာ “အားနာတယ်” ဆိုတဲ့ စကားလုံး မရှိဘူးတဲ့.. ဘယ်လောက်ကောင်းလဲ.. အားနာတယ် ဆိုတဲ့ ခံစားချက်ကြီးနဲ့ အားနာလို့ လုပ်တယ်တယ်ဆိုတဲ့ နောက်ဆက်တွဲတွေက တစ်ခါမှ ကောင်းကျိုးမပေးဘူး..

ဥပမာ - အိမ်တစ်အိမ်ကို သွားလည်တယ်.. အိမ်ရှင်က ဘာသောက်မလဲ မေးရတာ “အားနာလို့” ဆိုပြီး နာနတ်သီးဖျော်ရည်တိုက်တယ်.. ကိုယ်က တကယ်တော့ နာနတ်သီးကို တော်တော်မုန်းတယ်.. မသောက်ပြန်ရင်လည်း အားနာစရာကြီးဆိုပြီး အာစွတ်ရုံလေးသောက်တယ်.. ကုန်လည်းမကုန်ဘူး.. ကိုယ့်အကျန်ကို အိမ်ရှင်တွေကလည်း ဆက်သောက်လို့လည်း မရဘူး..အလကား သွန်ပစ်လိုက်ရရော.. စကတည်းကသာ အိမ်ရှင်က အားမနာဘဲ ဘာသောက်မလဲမေးရင် သို့မဟုတ် အားမနာဘဲ မကြိုက်လို့ မသောက်တော့ဘူးလို့ငြင်းပြီး တစက်မှ မထိရင် အအေးတစ်ခွက်ဟာ အလကားဖြစ်သွားစရာ အကြောင်းမရှိဘူး.. ဒါက ဘာမှမဖြစ်လောက်တဲ့ သေးဖွဲတဲ့ ဆုံးရှုံးမှုပဲ.. ဒီထက်ကြီးတဲ့ ကိစ္စတွေလည်း လုပ်ငန်းတွေမှာ ဖြစ်သွားနိုင်တယ်..

ဥပမာ - အိမ်ပြင်ချင်တယ်.. ကိုယ့်မိတ်ဆွေက အင်တီးရီးယားလုပ်တဲ့ လုပ်ငန်းရှိတယ်.. သူ့ကို အကြံတောင်းတိုင်ပင်တာ.. ဒါပေမယ့် သူက “အားနာပြီး” သူလုပ်ပေးမယ်လို့ ကမ်းလှမ်းတယ်.. ကိုယ်ကလည်း သူကတောင် ပြောနေတာဆိုပြီး “အားနာတာနဲ့” သူနဲ့လုပ်တယ်.. တကယ်လုပ်တော့ကျတော့ လုပ်ပေးရတဲ့လူကလည်း ဈေးတောင်းရမှာ “အားနာတာနဲ့” လူချွေတာ ပစ္စည်းချွေတာလိုက်တော့ ကွာလတီကမကောင်းဘူး.. ကိုယ်လိုချင်တဲ့ စိတ်ကူးဒီဇိုင်းလည်း မဖြစ်လာဘူး.. ဒါပေမယ့် ပြင်ပေးပါလို့လည်း ပြောရမှာ “အားနာတာနဲ့” ဒီတိုင်းကြီးပဲ အီလည်လည် လက်ခံထားလိုက်ရတယ်.. ၁ လလောက်ကြာတော့ ဘယ်လိုမှ သည်းမခံနိုင်တဲ့ ဒီအိမ်အတွင်းပိုင်းကို တခြားတဖွဲ့ကိုခေါ်ပြီး ပြန်ပြင်လိုက်ရတော့ ပိုက်ဆံလည်းကုန်တယ်.. ၂ ခါတွေပြင်ရတော့ အိမ်လည်းထိ လူလည်းပင်ပန်းတယ်.. တစ်ဖက်က လုပ်ပေးခဲ့ရတဲ့လူကလည်း အလကားသက်သက် အချိန်တွေ ပိုက်ဆံတွေ ကုန်ရတယ်.. ၂ ဦး ၂ ဖက်လုံးအတွက် အကျိုးတစ်ခုမှ မရှိဘူး..

”အားနာတယ်” ဆိုတာ မကောင်းဘူး.. ချွင်းချက် တချို့ကိစ္စတွေကလွဲရင် ကိစ္စတော်တော်များများမှာ အားနာခြင်းဟာ မကောင်းကျိုးတွေချည်းပဲ ဖြစ်စေတယ်.. အားမနာနဲ့.. တတ်နိုင်သလောက် စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်းပြောတတ်အောင် ကျင့်ယူကြပါ..

#အားနာ #manners #nN_think #thoughtsoftoday #thoughtsof_nN

Read More...

Thursday, December 1, 2016

ကလေးတို့တွေ လုံခြုံဖို့ သိရမယ့် အဓိကအချက် ၁၀ ခု

ကလေးမုဒိန်းတွေ များလာတဲ့အချိန်မှာ တရားဥပဒေကလည်း ကာကွယ်ရမယ်.. မိဘတွေကလည်း သတိလက်မလွတ်ဘဲ ကလေးတွေကို စောင့်ရှောက်ရမယ်.. ဒါ့အပြင် ကလေးတွေ ကိုယ်တိုင်ကလည်း သတိထားတတ်ပြီး ကိုယ့်ကိုကိုယ် အန္တရာယ်ကင်းအောင် နေရမယ်.. အဲလို နေနိုင်ဖို့ ကိုယ့် သားသမီးတွေကို အိမ်မှာ သင်ပေးနိုင်အောင် အဓိက ပြောပြထားရမယ့် အချက် ၁၀ ချက်ကို ပုံလေးတွေနဲ့ ရေးပေးထားပါတယ်..




















ကိုယ့်ရဲ့ သားသား မီးမီးတွေကို သင်ပေးဖို့ ပြပေးဖို့အတွက် ပရင့်ထုတ်ချင်တယ်ဆိုရင် ဒီပုံတွေက ကွာလတီမကောင်းဘူးဖြစ်နေမှာစိုးလို့ ကွာလတီအမြင့် pdf သို့မဟုတ် jpeg ပုံ ဒေါင်းချင်ရင် ဒီအောက်က လင့်မှာ ဒေါင်းလို့ရပါတယ်.. လွတ်လပ်စွာ share လို့ download လုပ်လို့ရပါတယ်.. ကလေးတွေကို ပြောပြပေး
သင်ပေးပါ ..


Read More...

Friday, November 25, 2016

I was a victim, now I'm a survivor

ကျမ အသက် ၂၉  နှစ်ရှိပြီ.. လက်တလောမှာ မြန်မာနိုင်ငံမှာ ကလေးမုဒိန်းမှုတွေအများကြီး ကြုံတွေ့လာရတော့ အားလုံးက မုဒိန်းကောင်တွေကို ကြီးလေးတဲ့ ထိရောက်တဲ့ ပြစ်ဒဏ်ပေးဖို့ တောင်းဆိုကြတယ်.. ကျမလည်း ကျမ ကိုယ်တိုင်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောပြရင်း ဖတ်တဲ့လူအားလုံးဆီ သတင်းစကား ၃ ခု ပေးချင်ပါတယ်..

ပထမတစ်ခုက ခံရတဲ့လူတွေပေါ့.. ကလေးဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် အခြောက်ဖြစ်ဖြစ်.. လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရသူ ဘယ်သူဖြစ်ဖြစ်.. ခံရရင် ငြိမ်ပြီး ဖွင့်မပြောတာမျိုး မလုပ်ပါနဲ့.. တိုင်ပါ ပြောပါ.. အကူအညီယူပါ..

နောက်တခုကတော့ မိဘတွေပေါ့.. ကလေးတွေကို ငယ်သေးတယ်ဆိုပြီး လိင်ပညာပေးတာတွေ မလုပ်ဘဲ မထားပါနဲ့.. စကားကို နားလည်တတ်တဲ့အရွယ်ရောက်တာနဲ့ သူ့အသိဥာဏ်နဲ့ လိုက်ဖက်တဲ့ ပညာပေးမှုတွေ လုပ်ပါ.. ဥပမာ- သားသားရဲ့ဂျိုးလေးကို တခြားလူတွေလာကိုင်ရင် မေမေ့ကို ပြောနော်.. သမီးရဲ့ ပိပိလေးကို လာထိရင် ကိုင်ရင် အော်ပြီး မေမေ့ဆီ ဖေဖေ့ဆီလာပြောနော်.. စသဖြင့်ပေါ့..

နောက်တစ်ခုကတော့ ပတ်ဝန်းကျင်ကလူတွေပေါ့.. ကလေးတွေက တခုခု ပြောလာရင် တိုင်လာရင် လျစ်လျူမရှုပါနဲ့.. ကလေးတွေက ဟန်ဆောင်တာတွေဘာတွေ မတတ်ပါဘူး.. သူတခုခု ကြောက်နေရင် လူတယောက်ကို မနှစ်သက်ရင် တိုင်ရင် အရေးတယူမေးပါ.. ပြီးတော့ မိန်းကလေးတွေကိုလည်း “နင်က အဲလိုခံရမှာပေါ့ နင်ဝတ်ထားတာကမှ အချိုးမပြေတာ နင်နေပုံထိုင်ပုံကမှ မဟုတ်တာ”ဆိုပြီး victim blaming မလုပ်မိဖို့ သတိထားကြဖို့ပါ...

ကျမအဖြစ်အပျက်မှာ ဒီအပြစ်တွေအကုန်ကြောင့် ဘယ်လိုဒုက္ခမျိုးတွေဖြစ်ခဲ့တယ်ဆိုတာကို သိချင်ရင် ဖတ်ကြည့်ပါဦး..

ကျမ ငယ်ငယ်တုန်းက ၆ ခန်းတွဲ တိုက်တစ်ခုရဲ့ အပေါ်ဆုံးထပ်မှာ နေခဲ့ဖူးပါတယ်.. အသက် ၆ နှစ်လောက်မှာ ဘေးခန်းကို လူသစ်တွေ ပြောင်းလာခဲ့ကြတယ်.. အဲ့ဒီမိသားစုမှာ လူပျိုပေါက်အရွယ် သား ၂ ယောက်ရှိတယ်.. အစ်ကိုကြီးတွေက တိုက်က ကလေးတွေ စုပြီး ကစားကြရင် သူတို့က ဒိုင်လူကြီးလုပ်တာတို့ ကစားနည်းထွင်ပေးတာတို့ အဲလိုမျိုး ကလေးခေါင်သူကြီး လုပ်တတ်ကြပါတယ်.. အဲ့ဒီတုန်းက မိဘတွေက အဖေက အစိုးရဝန်ထမ်း အမေကလည်း အပြင်မှာ စာစီစာရိုက်နဲ့ စာအုပ်ချုပ်လုပ်ငန်းတစ်ခုလုပ်နေတော့ အလုပ်များကြတယ်.. ညနေဘက် ၂ နာရီခွဲ ကျောင်းဆင်းရင် အိမ်ကို လမ်းလျှောက်ပြန်တာ ၁၀ မိနစ်လောက်ပဲ လျှောက်ရတတ်ပါတယ်.. အဲလိုကျောင်းဆင်းတဲ့အချိန်ကနေ ညနေဘက် မိဘတွေ ပြန်လာတဲ့အချိန်အထိ ဘေးခန်းက အဒေါ်ကို ကြည့်ပေးစောင့်ပေးဖို့ အမေက အပ်ထားပေးပါတယ်.. အဒေါ်ကြီးက ကောင်းပါတယ် ကျမကို ချစ်တယ်.. သေသေချာချာ ပြင်ဆင်ကျွေးမွေးပါတယ်.. ဒါပေမယ့် သူကလည်း အမြဲတော့ စောင့်ကြည့်မနေနိုင်ဘဲ တစ်ခါတလေ အပြင်ကို ထွက်သွားတတ်ပါတယ် အလုပ်ကိစ္စ ဘာညာ ရှိချင်လည်း ရှိမှာပေါ့လေ..

အစပိုင်းတော့ ဘာမှ ပြဿနာ မရှိခဲ့ဘူး.. အဒေါ်ကြီးမရှိလည်း သူတို့ ညီအစ်ကိုရှိနေတယ်ဆိုတော့ ကိုယ့်ကို စောင့်ပေး ကြည့်ပေးမယ့်လူရှိတယ်ဆိုပြီး အဆင်ပြေပါတယ်.. ကျောင်းအိမ်စာတွေ ဘာတွေ ထိုင်လုပ်တယ် ပြီးရင် တခြားအခန်းတွေက ကလေးတွေရောနဲ့ အကုန်စုပြီး ဆော့ကြတယ်.. နောက်တော့ ဘယ်ကနေ ဘယ်လို စဖြစ်တာလဲ မမှတ်မိဘူး.. သူတို့  ညီအစ်ကိုထဲက အကြီးက (သေချာမမှတ်မိတော့ပေမယ့် သူက အသက် ၁၆ လောက်တော့ ရှိပြီထင်တယ်).. သူက ကျမ ရေချိုးရင် အခန်းပေါက်ဝကနေ စောင့်ကြည့်နေတာတို့ တံခါးလာဖွင့်တာတို့ လုပ်ရာကနေ နောက်တော့ လာကိုင်တာတွေ ဘာတွေ လုပ်ပါတယ်.. ကျမက ဘာမှန်းသေချာမသိပေမယ့် မကြိုက်တော့ မလုပ်ဖို့ ငြင်းပါတယ်.. အဲ့ဒီမှာ သူက ပြောတာ.. ဒါက ဆော့နေတာ.. သူနဲ့ ဒီလိုအတူမဆော့ရင် ကလေးတွေအကုန် ဆော့တဲ့အခါ ကျမကို ပေးမပါဘူး ပေးမဆော့ဘူး .. အဲလိုတွေ ပြောတော့ ကျမကလည်း ကြောက်ပြီး ဘာမှမပြောမိတော့ဘူး.. ဒါပေမယ့် သူတို့အိမ်ကို ကျောင်းအဆင်းမှာ ဝင်နေရတာ မပျော်တော့ဘူး..

အဲ့ဒါနဲ့ အမေကို ပြောတယ်. ကျောင်းဆင်းရင် အဲ့ဒီအိမ်မှာ မနေတော့ဘူး.. ကိုယ့်အိမ်ဘက်မှာပဲ ကိုယ်နေမယ်.. တခုခုရှိရင် အဲ့ဒီအဒေါ်က ဘေးခန်းကနေ လာကြည့်ပေးလို့ရတာပဲလို့ တောင်းဆိုတော့ အမေကလည်း သဘောတူပါတယ်.. ဘာကြောင့်လဲလို့ အမေက မေးလားမမေးလား မမှတ်မိတော့ဘူး.. ကျမကတော့ အမေ့ကို အဲ့ဒီအကြောင်း မပြောပြခဲ့မိပါဘူး.. ကိုယ့်အခန်းမှာပဲ ကိုယ်နေ ရေချိုး မုန့်စား အိမ်စာလုပ် ဆိုတော့ သူက ကျမအနား လာလို့ မရတော့ဘူး.. ဒါပေမယ့် တရက်ကျတော့ ကျမ အိမ်မှာ တယောက်ထဲ ကစားနေတုန်း သူတို့ ညီအစ်ကိုက လာခေါ်ပါတယ်.. ဝူခုန်းလုပ်တိုင်း ကစားမယ်လို့ ပြောတယ်.. အဲ့ဒီတုန်းက တရုတ်ကား ဝူခုန်းဇာတ်လမ်းတွဲတွေလာနေတော့ အဲလို ကစားရင် လူတိုင်းက ဝူခုန်းသို့မဟုတ် ဘုန်းကြီးရှိဖော် လုပ်ချင်ကြတယ်.. ခု လိုက်ခဲ့မှ ကျမကို ကစားရင် ရှိဖော်ပေးလုပ်မယ်လို့ ပြောတယ်.. အရင်က ကျမက အမြဲ သရဲနေရာ စုန်းနေရာက ကစားရတာဆိုတော့ ခုလာခေါ်တော့ လိုက်သွားလိုက်တယ်..

သူတို့အခန်းကိုရောက်တော့ သူတို့က အခန်းထဲခေါ်ပြီး သူတို့ရဲ့လိင်အဂီါကို ကိုင်ခိုင်းတယ် ကြည့်ခိုင်းတယ်.. ကျမကိုလည်း တကိုယ်လုံးကိုင်ကြပြီး နောက်တော့ သူတို့ စိတ်ထင်ရာ နည်းပေါင်းစုံ အကုန်လျှောက်စမ်းတော့တာပဲ.. သူတို့ဗီဒီယိုတွေဘာတွေ ကြည့်ဖူးထားပါလိမ့်မယ်.. အဲထဲက ပုံစံတွေအကုန်လာလျှောက်လုပ်ကြတာ.. ကျမက နာလည်းနာ ကြောက်လည်း ကြောက်ပြီး ရုန်းပေမယ့် သူတို့က ၂ ယောက်.. ကျမက အသက်က ၆ နှစ်လောက်နဲ့ ပိန်လည်းပိန်တယ်ဆိုတော့ ရုန်းလို့ မရဘူး.. တော်တော်ကြာပြီးမှ သူတို့က ပြန်လွှတ်လိုက်တယ် ဘယ်သူ့ကိုမှ မပြောနဲ့ ဆိုတာလည်းပြောတယ်.. သွားဆော့ကြမယ်လို့ ခေါ်ပေမယ့် ကျမ မလိုက်နိုင်တော့ဘူး.. ပေါင်မှာနဲ့ မိန်းမကိုယ်အစပ်နားမှာ ပွန်းပြီး နာနေစပ်နေတာတော့ မှတ်မိတယ်.. သွေးတွေဘာတွေ ထွက်တာတွေ ဘာတွေထိတော့ မဖြစ်ခဲ့ဘူး.. ကျမ ထင်တာတော့ သူတို့လည်း သေချာဘာမှ မသိဘဲ လျှောက်လုပ်တော့ ခန္ဓာကိုယ်အတွင်းထဲထိတွေဘာတွေ မထိမိဘူး ထင်ပါတယ်.. ကျမ ကံကောင်းတာပေါ့..

အိမ်ကိုလည်း ပြန်မပြောမိဘူး.. ဘယ်သူ့ကိုမှလည်း မပြောဘဲ ကျမ နေနေခဲ့တယ်.. ခုပြန်စဉ်းစားတော့ ဘာကြောင့် မပြောခဲ့တာလဲဆိုတာလည်း မမှတ်မိတော့ဘူး.. အဲလိုနဲ့ နောက်၃ ရက် ၄ ရက်လောက်ကြာတော့ တခါ အကြီးကောင်က အဲလို ထပ်လုပ်ပြန်တယ်.. ဒီတခါတော့ ကျမ ကျောင်းမှာ သူငယ်ချင်းကို ပြောပြမိတယ်.. ဘေးအိမ်က အစ်ကိုကြီးတွေက အဲလိုတွေ ဆော့တယ်ပေါ့.. နင်ဆော့ဖူးလားပေါ့.. လူကြီးကို မတိုင်မိဘဲ ရွယ်တူသူငယ်ချင်းကို မေးမိတာ ကျမ မှားသွားတာ.. သူက အလန့်တကြားနဲ့ ငိုယိုပြီး ကျမကို ပြောတော့တာပဲ.. အဲ့ဒါမကောင်းဘူး အဲဒါ ငရဲကြီးတတ်တယ် ကာမေသုမိစ္ဆာစာရာ ဆိုတာ မသိဘူးလား.. အဲဒါဖြစ်လိမ့်မယ်.. လူကြီးတွေလိုပဲ ဗိုက်ကြီးပူလာပြီး ကလေးလေးမွေးလိမ့်မယ်ဆိုပြီး ပြောတယ်..

သူ အဲလိုပြောအပြီးမှာ ကျမတော့ သွားတာပဲ.. ငါတော့ မကောင်းတာကြီးလုပ်မိပြီ.. ငါတော့ ငရဲကြီးပြီ.. ငါ့ဗိုက်ကြီးပူလာရင် ဒုက္ခပဲ.. ငါ့မှာ ကလေးလေးရှိလာရင် ငါ့အိမ်က ဆူမှာပဲ.. ဘယ်နားသွားထားရမလဲ အဲဒီကလေး.. ၆ နှစ်အရွယ်ဆိုတော့ အဲလိုတွေ တွေးတာပေါ့.. အိမ်ကထွက်ပြေးမလို့တောင် ကြံစည်ဖူးတယ်.. အဲ့ဒီအချိန်တုန်းက ကာတွန်းစာအုပ်တွေတို့ ဘာတို့ဖတ်တော့ မြတ်မင်္ဂလာစာအုပ်တွေဘာတွေမှာ ငရဲကျရင် ဘယ်လိုဘယ်ညာဆိုပြီး ကာတွန်းတွေပါတယ်လေ.. အဲ့ဒီထဲမှာပါတဲ့ သူများသားမယားပြစ်မှားတဲ့လူတွေ ဘယ်လို ငရဲခံရတယ်ဆိုတာတွေ ကြည့်ပြီး အိပ်မက်ဆိုေးတွမက် ကြောက်လိုက်တာလည်း အရမ်းပဲ.. သေသွားမှာလည်း အရမ်းကြောက်တယ် သေသွားရင် ငရဲကျပြီး အဲလိုပုံထဲကလိုတွေ ခံရမယ်လို့ ထင်နေတာကိုး.. မိဘတွေကိုပြောဖို့လည်း ပိုဝေးသွားပြီပေါ့.. မိဘတွေက ဆူတော့မယ် ပစ်ထားတော့မယ် အိမ်ကနှင်ထုတ်မယ် အဲလိုထင်နေခဲ့တာ..

နောက်ပိုင်းမှာ တတ်နိုင်သလောက် အဲ့ဒီညီအကိုကို ရှောင်ပေမယ့် တခါတလေ ဘယ်လိုမှ မရဘဲ သူတို့ခြိမ်းခြောက်တာတွေယုံပြီး သူတို့လုပ်သမျှခံရတဲ့အခါတွေ ရှိတယ်.. များသောအားဖြင့်တော့ ကိုင်တာ ပွတ်တာ အဲလိုတွေများတယ်.. သူတို့ကို ကိုင်ပေးရတယ်.. သူတို့ခိုင်းတာလုပ်ပေးရတယ်.. အဲလိုတွေဖြစ်နေတာကို မကြိုက်ဘူး.. စိတ်ဆင်းရဲတယ် ဒါပေမယ့် ဘာမှလည်း မလုပ်တတ်ဘူး ငိုချည်းငိုနေရတာပါပဲ.. ဒါပေမယ့် နောက်တစ်နှစ်ကျော်လောက်အကြာမှာ ကျမတို့ အိမ်ပြောင်းခဲ့တယ်.. သူတို့နဲ့ ဝေးသွားလို့ ကျမ အရမ်းပျော်တာပဲ..

ဒါပေမယ့် ကျမ ကလေးဘဝတစ်လျှောက်လုံး ဘယ်လိုမှ မပျော်ရတော့ဘူး.. သေမှာကို အလွန်အကျူးကြီး ကြောက်တယ်.. ကြောက်လေလေ အဲလို ဘာသာရေး စာအုပ်တွေ ငရဲခန်းပါတောတွေ လျှောက်ဖတ်တယ်.. လူအများနဲ့ စကားပြောရမှာ ဆော့ရမှာ သွားလာရမှာ ကြောက်တယ်.. သူငယ်ချင်းတွေက ကျမအကြောင်းသိသွားပြီး ကျမကို ရွံမှာ စမှာ အရမ်းကြောက်တယ်.. လုပ်ဇာတ်တွေ စိတ်ကူးယဉ်ဇာတ်လမ်းတွေ ထွင်ပြီး ပြောတယ်.. မိဘတွေက ငရဲအကြီးခံပြီး ကျမတို့ကို မွေးထားပါလားဆိုပြီး ထင်နေပြီးတော့ မိဘတွေကို အလွန်အကျူးအားနာတယ်.. ဘာဖြစ်ဖြစ် ကျမအပြစ်လို့ ခံစားရတယ်.. ဘာလေးဖြစ်ဖြစ် စကားမှန်မှန်မပြောမိဘဲ  ညာတယ်.. တကယ်ကို ပြန်စဉ်းစားလို့တောင် မစဉ်းစားချင်တဲ့ ကလေးဘဝပါ..ကျမ ကျောင်းစာလည်း ညံ့တယ်.. စာအုပ်တွေတော့ တော်တော်လေးဖတ်တယ်.. ဖတ်ပြီးလည်း ထင်ချင်သလိုထင် ကောက်ချက်ဆွဲတယ်..

ကျမ အသက် ၁၄ နှစ်လောက်ရောက်မှ အမေက ပေးဖတ်တဲ့ လိင်မှုဆိုင်ရာပညာပေးစာအုပ်တွေ ဖတ်ပြီး လိင်ကိစ္စဆိုတာ သဘာဝပဲ သွေးသားအရဖြစ်တာပဲ ငရဲကြီးတာမဟုတ်ဘူးလို့ သိလာတယ်.. ငရဲမကြီးတော့ဘူး ဆိုတာ သိလာတယ်.. အဲ့ဒီနောက်ပိုင်းကျမှ နည်းနည်း နေရတာ ပျော်လာတယ်.. ကျောင်းစာမှာ အာရုံစိုက်လို့ရတယ်.. အဖေ အမေကို ပုံမှန်စိတ်နဲ့ ကြည့်လို့ရလာတယ်.. ဒါပေမယ့် တက္ကသိုလ်ရောက်တော့ ပထမဆုံး ရည်းစား စထားတဲ့အချိန်မှာ တစ်ခါပြန်ပြီး ဘယ်လိုဖြစ်လဲဆိုတော့.. လူတွေက ကျမကို မချစ်ဘဲနဲ့ လိင်စိတ်အတွက် အသုံးချဖို့ ကြံနေတာပဲလို့ ထင်လာပြန်တယ်.. ဘယ်သူ့ကိုမှ မယုံဘူး.. relationship တခုကို ကြာရှည် ကျမ မရဘူး.. ရည်းစားက နမ်းရင် ဖက်ရင် သမီးရည်းစားသဘာဝ နည်းနည်းပါးပါး ကိုင်တွယ်တာတွေ ရှိလာရင် ကျမ သည်းမခံနိုင်ဘူး.. ငိုချင်တယ် ငိုတယ်.. စိတ်လွတ်သွားတယ် ဒေါသထွက်တယ် ပေါက်ကွဲတယ်.. အဲဒီလူကို ရွံတယ်.. တချိန်ထဲပဲ ကျမ အဲဒါကို အရမ်းလည်း စိတ်ဝင်စားတယ်.. ပြီးတော့ ကျမ ထင်တယ်.. ကျမ ရူးနေပြီလားပေါ့.. ကျမ ဘယ်တော့မှ ရည်းစားထားလို့မရတော့ဘူးလား ယောက်ျားယူပြီး မိသားစုဘဝတခု မရတော့ဘူးလားဆိုပြီး ထင်တယ်..

ဘွဲ့ရပြီးတော့ ကျမ ပိုဆိုးလာတယ်.. တခါတုန်းက ဘတ်စ်ကားပေါ်မှာ အဲဒီလူ အကြီးကောင်ကို လှမ်းတွေ့လိုက်ပါတယ်.. သူကတော့ ကျမကို တွေ့လားမတွေ့လားမသိဘူး.. ကျမကတော့ တွေ့လိုက်တာနဲ့ တအားကို လက်ဖျားခြေဖျားတွေ အေးပြီး ဘတ်စ်ကားပေါ်ကနေ အတင်းဆင်းပြေးတော့တာပဲ.. နောက်က လာတဲ့ ကားနဲ့ တိုက်မိမလိုတွေဖြစ်တဲ့အထိပါပဲ.. ရင်တွေတုန်ပြီး မူးလာတာမျိုးတွေဖြစ်ပါတယ်.. အဲဒီနောက်ပိုင်း အမြဲတမ်း ပျော်လိုက် ငိုလိုက်တွေဖြစ်တယ်.. ညတွေ အိပ်မရဘူး အိပ်မပျော်ဘူး.. အစားကို တအားစားလိုက် မစားဘဲနေလိုက်တွေဖြစ်တယ်.. မျိုးစုံပါပဲ.. စိတ်အေးချမ်းမှုမရှိဘဲ အမြဲ ပူလောင်နေရတာ တော်တော်ပင်ပန်းတယ်.. နောက်တော့ ကျမ အင်တာနက်တွေဘာတွေ ကြည့်တတ်လာချိန်မှာ စာတွေရှာဖတ်ပြီး ကျမ ဆရာဝန်ပြမှရမယ်ဆိုတာ သိလာတယ်.. ကျမ လှည်းတန်းနားက မြင့်မြတ်တော်ဝင်မှာ ၃ လ လောက် ဆေးသွားကုခဲ့တယ်.. စကားတွေပြောရတယ်.. ဆေးတွေလည်းသောက်ရတယ်.. ကျမမှာ ပြဿနာ ၂ ခုဖြစ်နေတာလို့ ဆရာဝန်က ပြောတယ်.. ကလေးငယ်ငယ် ဦးနှောက်နုနုလေးအချိန်မှာ သူငယ်ချင်းပြောတဲ့ စကားကို စွဲသွားပြီး ကိုယ့်ဘာကိုယ်အပြစ်ရှိတယ်လို့ ထင်တဲ့စိတ် အငုံ့စိတ်ဝင်သွားတာက တခု.. သွေးသားဆန္ဒနဲ့ သာယာမှုဆိုတာကို နားမလည်သေးတဲ့အချိန်မှာ intercourse တခု ရှိခဲ့တာကြောင့် လိင်ဆက်ဆံတယ်ဆိုတာကို ကြောက်စရာရွံစရာလို့ ထင်နေတဲ့စိတ်ကတခု..

၂ ခုစလုံးက ဆေးသောက်ပြီး ကုလို့ရတာမျိုး မဟုတ်တဲ့အတွက် သူက ဒါဟာအပြစ်မဟုတ်ဘူးဆိုတာကိုပဲ ပြောပေးနိုင်ခဲ့တယ်.. နောက်ပိုင်း ကျမ ဘာသာ ကိုယ့်စိတ်ကိုယ်တွေ ပြန်ပြီး ဆင်ခြင်ပြုပြင်ရတာတွေ ကိုယ့်စိတ်ကိုထိန်းရတာတွေ အများကြီးပါပဲ.. ဆေးခန်းသွားပြီးနောက်ပိုင်း ၃ နှစ် ၄ နှစ်အထိ ကျမမှာ ကိုယ့်စိတ်နဲ့ကိုယ် ဗျာများရတာတွေ ခံစားရတာတွေ အများကြီးပဲ.. ကျမ ခု လက်ရှိ အမျိုးသားနဲ့ တွေ့တဲ့အချိန်မှာ ကျမ သူ့ကို ချစ်တယ် သဘောကျတယ်.. ဒါပေမယ့် ရှေ့က လူတွေလိုပဲ ကျမသူ့ကို လက်မခံနိုင်မှာကိုကြောက်တယ်..  အဲ့ဒါနဲ့ သူ့ကို အကုန်ပြောပြလိုက်တယ်.. ဘာကြောင့် ပြောပြဖြစ်လည်းဆိုငတာ့မသိဘူး.. ယုံလို့လည်းနေမှာပေါ့.. သူက နားလည်ပေးပါတယ်.. သူကိုယ်တိုင်ကိုက ဒါဟာ ကျမအပြစ်မဟုတ်ဘူး ကျမစိတ်ပူစရာမရှိဘူး စသဖြင့် သူတတ်သလောက် မှတ်သလောက် အားပေးတယ်.. ကျမတို့ တဆင့်တက်ရင်းနှီးကြတော့လည်း သူက အများကြီး စိတ်ရှည် သည်းခံခဲ့ရတယ်.. ကျမ ငိုတာတွေ စိတ်ထဲ ဂယောက်ဂယက်ဖြစ်တာတွေ အကုန်လုံးကို သူက အများကြီး နားလည်ပေးခဲ့လို့လည်း ခုလိုမျိုး ကျမတို့ လက်ထပ်ဖြစ်ခဲ့တာ..

ခု ကျမမှာ ကလေးတစ်ယောက်ရှိနေပါပြီ.. ၁ နှစ်ကျော်ရှိပြီ.. ကျမ PR အဖြစ် graphic designer အဖြစ် အသက်မွေးပါတယ်.. လစာလည်းကောင်းတယ် ကျမ အမျိုးသားကလည်း အရမ်းနားလည်မှုပေးပြီး ကျမကို ကြင်နာတော့ အခုဆို စိတ်ချမ်းသာပါတယ်.. ကျမအကြောင်းပြောဖြစ်တာက အဓိက ကတော့ sexual violence တွေမှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှ ထိခိုက်တာမဟုတ်ပါဘူး.. ကျမဆိုရင် ရုပ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ထိခိုက်တာ ဘာတစ်ခုမှ မရှိခဲ့ဘူး.. ကျမ မိဘတွေတောင် ဒါတွေကို မသိခဲ့ဘဲ ကျမ ကြီးပြင်းခဲ့တာပါ.. ဒါပေမယ့် ဒီလောက်ပဲ ဖြစ်ခဲ့တဲ့ ကျမတောင်မှ စိတ်ပိုင်းဆိုင်ရာထိခိုက်တာတွေ အများကြီးကြုံခဲ့ရပါတယ်.. လူမှုရေးပိုင်းမှာ ထိခိုက်တာတွေ အများကြီးပါပဲ.. သူများတွေ ပျော်ပျော်ကြီး ကျောင်းတက်နေ ဆော့နေတဲ့ အချိန်မှာ ကျမက ညတွေဆို အိပ်မက်တွေမက် ငိုယိုပြီး နေခဲ့ရတာ ၈ နှစ်လောက်ကြီးပါ.. ဒါတွေဟာ မကောင်းမှုတစ်ခုမဟုတ်ဘူး ဆိုတာကို သိတဲ့အချိန်မှာ ကိုယ့်ခေါင်းလေးဉာဏ်လေးနဲ့ သိသလောက် တတ်သလောက် ကိုယ့်ဘာကိုယ် ကုစားခဲ့ရတာ.. တော်တော်ကို ပင်ပန်းခဲ့ပါတယ်.. ကျမတောင် ဒီလိုဖြစ်တယ်ဆိုရင် ကျမလောက် ကံမကောင်းခဲ့ဘဲ ပိုဆိုးတဲ့ အခြေအနေကို ကြုံခဲ့တဲ့ ကလေးတွေ.. ကျမလို စာတွေဖတ်ဖို့ အင်တာနက်မှာ လေ့လာဖို့ ဆရာဝန်သွားပြဖို့ မတတ်နိုင်တဲ့ ကလေးတွေဟာ ဘယ်လိုတွေတောင် ခံရမှာလဲ..

ကျမ victim ဖြစ်ခဲ့ပါတယ်.. ဒါပေမယ့် ကျမအခု အောင်မြင်ကျော်ဖြတ်နိုင်ခဲ့ပါပြီ.. ကျမလိုပဲ အောင်မြင်ကျော်ဖြတ်နိုင်ခဲ့တဲ့ တခြား victim တွေကိုလည်း ကြိုဆိုပါတယ်.. အိပ်မက်ဆိုးတွေ မက်နေတုန်းပဲဖြစ်နေတဲ့ တခြား victim တွေကိုလည်း အားပေးချင်ပါတယ်.. အချိန်ကြာချင်ကြာမယ် ဒါပေမယ့် ကြိုးစားတိုက်ထုတ်ရင် ဒီလို စိတ်အခြေအနေဆိုးတွေကနေ တနေ့တော့ ရုန်းထွက်နိုင်မှာပါ.. ရုန်းထွက်နိုင်ခြင်းကသာလျှင် အဲဒီလူတွေရဲ့ အရိပ်ကနေလွတ်ပြီး အဲဒီလူတွေကို လက်စားချေတာ တမျိုးပါပဲ.. 
ခုအချိန် ကျမ အဲဒီလူတွေနဲ့ ပြန်တွေ့ရင် 
သူတို့ရှေ့မှာ ပြုံးပြီး ခေါင်းမော့ပြီး နေနိုင်နေပါပြီ.. 

Read More...

Tuesday, November 22, 2016

Thoughts of Today (Nov 22)

လက်ရှိမှာ အလုပ်နားပြီး အိမ်ကနေ ပရောဂျက်တွေယူ freelance လုပ်နေတယ်.. အဲလို လုပ်ရတာ ကောင်းကျိုးဆိုးကျိုး အသီးသီးရှိတယ်.. ကြီးကြီးကျယ်ကျယ် လူတိုင်းအတွက် ခြုံငုံပြောတာမျိုးမဟုတ်ဘဲ ကိုယ့်အတွက်ကိုယ် ပြန်သုံးသပ်ကြည့်ရရင်..

ကောင်းကျိုးက))
မုဒ်ပိုဝင်တယ်.. အိမ်မှာ စားချင်တာစား ကော်ဖီကို သောက်ချင်သလောက်သောက်.. ပေါ့ပေါ့ပါးပါး နေရတာကြိုက်တဲ့ မယ်ညီဆိုတော့ ကြိုက်တဲ့အဝတ်အစားကို ဝတ်.. ပက်လက်လှန်ပြီးပဲ ဖုန်းနဲ့ မေးလ်စစ်စစ်.. မှောက်လျက်ကလေးပဲ လက်ပ်တော့နဲ့ ဘာသာပြန်ချင်ပြန်.. အလုပ်ကိစ္စဖုန်းဝင်လာရင်လည်း ကိုယ်လုပ်ချင်ရာ လုပ်နေရင်း ဖုန်းကိုင်ပြောရုံပဲဆိုတော့ စိတ်ပိုကြည်တာအမှန်ပဲ.. အမျိုးမျိုးပြောနေတဲ့ ကလိုင်းယန့်တွေ ဆပ်ပလိုင်ယာတွေကို တစ်စက်မှ မအော်မိဘဲ အေးဆေးချိုသာ ပြောဆိုနေနိုင်တယ်.. ကိုယ့်အချိန်ကိုယ် ညှိလို့ရတော့ သားသားနား နေရတာဖြစ်ဖြစ် သူ့ကို ဟိုဒီပို့တာဖြစ်ဖြစ် ကိုကိုနဲ့အပြင်လိုက်သွားတာဖြစ်ဖြစ် အမေအပြင်သွားချင်ရင် ပေးသွားလို့ရတာဖြစ်ဖြစ် ကြိုက်တာလုပ်နေလို့ရတယ်..

မကောင်းကျိုးက))
ဝင်ငွေနည်းသွားတယ်.. ကိုယ်ရနေကျ လစာကို ရအောင်ဆိုရင် ပြူးသလူးခါနေအောင် ပရောဂျက်တွေကို ယူရမှာဆိုတော့ ခုနအပေါ်ကပြောတဲ့ အချိန်တွေ ဖယ်ထုတ်ထားပေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး.. ရုံးတက်နေရင်တောင် စနေတနင်္ဂနွေ ပိတ်သေးတယ်.. ဖရီးလန့်စ်သမားက ပိတ်ရက်ဆိုတာ မရှိတော့ဘူး.. ဒီကြားထဲ ပိုဆိုးတာက ပရောဂျက်အလိုက် ဝင်ငွေရှိတာဆိုတော့ ပိုက်ဆံပမာဏ နည်းနည်း နည်းနည်းစီ အလီလီအခါခါ ရနေတာ.. မယ်ညီ့လိုမျိုး စည်းကမ်းနဲ့ ငွေကို မသုံးတတ်တဲ့လူက အဲလိုလည်း တို့စိတို့စိ ပိုက်ဆံရတော့ မစုဖြစ်တော့ဘူး.. နည်းနည်းရလိုက် သုံးပစ်မိလိုက်.. ထပ်ရလိုက် ထပ်သုံးလိုက်နဲ့..

နောက် ၅ နှစ်မှာ ဘာဖြစ်ချင်တာလဲ ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာမှာမြင်လဲလို့ မေးရင်.. အဲဒါအဖြေရ အခက်ဆုံးမေးခွန်းပဲ.. ဘဝမှာ ဘာကို လိုချင်တာလဲလို့ တကယ်မသိသေးဘူး..

လစာများများနဲ့ နေရာတစ်ခုရောက်နေတဲ့ အောင်မြင်နေတဲ့ PR Professional နန်းညီလား.. လွတ်လွတ်လပ်လပ်ပဲ သုံးစွဲလို့ လောက်ရုံ ဝင်ငွေလေးနဲ့ ပန်းချီဆွဲ ဒီဇိုင်းဆွဲ ခရီးသွား လုပ်ချင်တာတွေ လုပ်နေတဲ့ နန်းညီလား.. ဘာတစ်ခုမှမလုပ်ဘဲ လူမသိသူမသိ အိမ်တွင်းအောင်းနေတဲ့ ကလေးအမေလား.. စာရေး စာဖတ်နဲ့ စာရေးဆရာနန်းညီလား.. ဘဝမှာ တစ်ခုကို လိုချင်ရင် တစ်ခုကို စွန့်လွှတ်ရတယ်တဲ့.. ဘယ်အရာကမှ ပြီးပြည့်စုံနေတာ မဟုတ်ဘူးတဲ့.. ဘဝမှာ ၄ ခု ၅ ခု လိုချင်ရင်ရော.. ဘယ်နှစ်ခုလောက် စွန့်လွှတ်ရမှာပါလိမ့်..

Read More...

Sunday, November 20, 2016

"when you"


When you touch my hand,
do you actually feel it?

When you say you do,
do you actually mean it?

When you say you mean it,
can you look into my eyes?

When you say you love me,
does your heart actually believe it?

--
nN
(Nov 20, 2016)

Read More...