သစ်ရွက်ရာသီ

သေခြင်းတရားဟာ
တက်စီဆရာရဲ့ ဖုန်းတစ်ချက်ငုံ့အကြည့်မှာ တည်မှီနေ..
သေခြင်းတရားဟာ
ယိုင်နဲ့နဲ့ ဝရံတာလက်တန်း..
သေခြင်းတရားဟာ
ဟော့ပေါ့ဆိုင်က ဂက်စ်အိုးလည်းဖြစ်နိုင်ရဲ့..

ကျမသေသွားခဲ့ရင်
မပြောလိုက်ရ မလုပ်လိုက်ရခြင်းများရဲ့
နောင်တ တရား မရှိလိုပါ..

ဒါကြောင့်..
လောကကြီးကို နှစ်လိုကြောင်း ကျမ ဝန်ခံပါရစေ..
ရှင့်ကို သိပ်ချစ်ကြောင်းနဲ့
အဆုံးမဲ့ စေတနာတွေထားခဲ့ကြောင်း သိကျန်ခဲ့ပါစေ..
ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဖူးတဲ့ ချစ်မေတ္တာများလည်း
သားကလေးကို ပုံအောခဲ့ကြောင်း ပြောပြပေးကြပါ..

ကဏ္ဍပေါင်းစုံရှိတဲ့အနက်က
တစ်ချို့ကဏ္ဍတွေမှာ တာဝန်ကျေခဲ့တဲ့
တစ်ခါတလေ ဆိုးသွမ်းစိတ်ဆင်းရဲစေတဲ့
သမီးတစ်ယောက်အပေါ် မိဘ ၂ ပါး ခွင့်လွှတ်နိုင်ပါစေ..

အနိုင်ကျင့်ဖူးတဲ့ ဖြည့်ဆည်းဖူးတဲ့
အတူရယ်မောပျော်ရွှင်ရင်း လည်ပင်းဖက်ငိုကြွေးဖူးတဲ့
သူငယ်ချင်းမိတ်ဆွေများ..
အချိန်ကာလ မကြာခင်မှာဘဲ ကျမကို မေ့နိုင်ရစ်ကြစေ..

ကိုယ်တိုင်လည်း ဘယ်အရာကိုမှ
မချင့်မရဲ နောက်ပြန်မကြည့်လိုတဲ့..
ရာသီအလိုက် စိမ်းစို ပွင့်လန်း ကြွေလွင့်ခွင့်ရတဲ့
သစ်ရွက်ကလေးတစ်ခုမျှသာဖြစ်ကြောင်း
ကျမ ကိုယ်တိုင် သတိရနိုင်ပါစေ..

#နန်းညီ
(၂၂ ဇန်နဝါရီ၊ ၂၀၁၇)

No comments:

your comment please

Powered by Blogger.