..ကလေးလေးအတွက် မေမေ့ဆုတောင်းများ..

#၁# ဆင်ခြင်ဉာဏ်နဲ့ပြည့်စုံပါစေ..
သူတကာထက်ထူးပြီး ဉာဏ်မကောင်းရင် နေပါစေ.. အမှားအမှန် အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်တဲ့ ဆင်ခြင်တတ်တဲ့ ပညာဉာဏ်ကို ရှိစေချင်တယ်.. လူတော်ဖြစ်ဖို့က လွယ်ပေမယ့် လူကောင်းဖြစ်ဖို့ကတော့ ဒီလိုဆင်ခြင်တုံတရားရှိမှဖြစ်မယ်လို့ ထင်တယ်လေ..

#၂# မိမိကိုယ်ကို ဝေဖန်သုံးသပ်နိုင်သူဖြစ်ပါစေ..
ကိုယ့်စိတ်မှာ ဘာဖြစ်နေသလဲ.. ကိုယ်လုပ်တာမှန်ရဲ့လား.. ကိုယ်ဟာ ဘယ်လိုလူစားမျိုးလဲ စတာတွေကို မညှာမတာနဲ့ ကိုယ့်ကိုကိုယ်ဝေဖန်ဆန်းစစ်နိုင်စေချင်တယ်.. ကိုယ့်ကိုကိုယ် သိတဲ့လူမှသာ ကိုယ့်အားနည်းချက်ကိုမြင်ပြီး ပြုပြင်နိုင်လိမ့်မယ်..

#၃# သူတပါးကို ကိုယ်ချင်းစာတတ်သူ ဖြစ်ပါစေ..
ဘယ်တော့မဆို ကိုယ့်အတွက်ကိုယ်တွေးပြီးနောက်မှာ သူများတစ်ဖက်ကိုလည်း  မျှတပြီးတွေးပေးတတ်တဲ့ ကလေးလေး ဖြစ်ပါစေ.. ကိုယ်ချင်းစာတတ်တဲ့လူကမှ ခွင့်လွှတ်တတ်တဲ့လူ ဖြစ်လာနိုင်တာ မဟုတ်လား..



#၄# ဟာသဉာဏ်ရှိပါစေ..
ပျော်ရွှင်တတ်ပြီး အရာရာကို ဟာသစွက်ပြီး မြင်တတ်မှသာ ဘဝရဲ့ဆိုးဝါးမှုတွေကိုလည်း ပေါ့ပေါ့ပါးပါးကျော်ဖြတ်တတ်သွားမှာ.. အခက်အခဲတွေကိုရင်ဆိုင်ချိန်မှာလည်း အထောက်အကူဖြစ်နိုင်သလို ကိုယ့်ကိုကိုယ် ပြန်ပြီး ရယ်မောပစ်ဖို့လည်း မကြောက်တတ်သူ ဖြစ်ပါစေ..

#၅# စာပေနဲ့ ယဉ်ကျေးမှုကို ချစ်မြတ်နိုးတတ်ပါစေ..
စာကောင်းစာပေတွေ များများဖတ်မှ ဗဟုသုတလည်းတိုးပွားမယ်.. လက်တွေ့မကြုံဖူးပေမယ့် စာအုပ်ထဲမှာပါတဲ့ ဘဝတွေကို ဖတ်ပြီးတော့ နားလည်နိုင်လိမ့်မယ်.. ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု အဆင့်အတန်းနဲ့ သဘောတရားတွေကို သေချာစွာနားလည် မြတ်နိုးပြီးနောက်မှာ သူများရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကိုလည်း မစော်ကားမိဘဲ တန်ဖိုးထားတတ်တဲ့လူဖြစ်လာပါစေ..

#၆# စိတ်နှလုံးကြည်လင်တတ်သူ နှလုံးသားနွေးထွေးသူဖြစ်ပါစေ..
စိတ်ကြည်လင်မှ ရုပ်ကြည်လင်မယ်.. အလွယ်တကူ ဒေါသမဖြစ်တတ် စိတ်လိုက်မာန်ပါမလုပ်တတ်ဘဲ ကြည်လင်သောစိတ် ကြည်လင်သောဦးနှောက်နဲ့ သေချာလေ့လာပိုင်းခြားတတ်တဲ့လူ ဖြစ်ပါစေ.. လူအများကို သနားတတ် ချစ်ခင်တတ်ပြီး နွေးထွေးကူညီတတ်တဲ့သူ ဖြစ်ပါစေ.. ကိုယ့်မိသားစု ကိုယ့်သူငယ်ချင်း ကိုယ့်ချစ်သူကို ယုယနွေးထွေးစွာ ချစ်တတ်တဲ့လူဖြစ်လာပါစေ..

#၇# တာဝန်ယူလိုစိတ်ရှိသူဖြစ်ပါစေ..
ဆင်ခြင်သုံးသပ်တတ်တဲ့ ဉာဏ်ရည်ရှိပြီးနောက်မှာ တာဝန်ယူသမျှ လုပ်ကိုင်သမျှ အလုပ်တာဝန်တွေ ကိစ္စရပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နိုင်သူ ဖြစ်လာစေချင်တယ်.. ကိုယ်စခဲ့တဲ့ အလုပ်ကို ကိုယ်အပြီးသတ်နိုင်သူဖြစ်စေချင်တယ်.. မှန်တဲ့ထင်တဲ့အရာတွေမှာ တာဝန်ခံရဲတဲ့ သတ္တိကို ရှိစေချင်တယ်.. ကိုယ်ပြောခဲ့တဲ့စကားကို တည်အောင်လို့ ထိန်းသိမ်းတတ်တဲ့ ကိုယ့်စကားကိုယ် တာဝန်ယူတတ်သူဖြစ်လာစေချင်ပါတယ်..

#၈# ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖန်တီးနိုင်ပြီး အတိတ်ကိုလည်း မမေ့တတ်သူဖြစ်ပါစေ..
သူတပါး ချပေးတဲ့ လမ်းကို သက်တောင့်သက်သာလှမ်းရသော သူ မဟုတ်ဘဲ ကိုယ်ယုံကြည်ရာလမ်းကို ကိုယ်တိုင်ဖန်တီးပြီး လျှောက်တဲ့လူ ဖြစ်စေချင်တယ်.. ကိုယ်ဖြစ်စေချင်တဲ့အရာ ကိုယ်လိုချင်တဲ့ဘဝကို ဖြစ်အောင်လုပ်ယူနိုင်သူဖြစ်ပြီး ကိုယ်မဖြစ်စေချင်သော ကိုယ်မကြိုက်သော အတိတ်များရှိရင်လည်း မေ့ပစ်တတ်သူမဟုတ်ဘဲ အတိတ်ကို သင်ခန်းစာအဖြစ် ယူနိုင်တဲ့လူတစ်ယောက် ဖြစ်လာပါစေ..

#၉# ရုပ်ဆင်းရူပကာ တင့်တယ်ပြေပြစ်ပါစေ..
အပေါ်ယံအရည်အချင်းလို့ ပြောကြတဲ့ ရုပ်ဆင်းအင်္ဂါကြောင့် ကလေးလေးရဲ့ အတွင်းစိတ်မှာ သိမ်ငယ်တာတွေ အားငယ်တာတွေ ရှက်ရွံ့တာတွေ မဖြစ်စေချင်.. ကိုယ့်မှာရှိတဲ့ ရုပ်ရည်ပုံသဏ္ဍာန်ကို ယုံကြည်ချက်ရှိရှိနဲ့ တန်ဖိုးထားတတ်သူတစ်ယောက် ဖြစ်ပါစေ..

#၁၀# အပေါင်းအသင်း အခြွေအရံ ပေါများချစ်ခင်သူဖြစ်ပါစေ..
ကလေးလေးကို တစ်ယောက်ထဲ အထီးကျန်စွာ မကြီးပြင်းစေလို.. ငယ်စဉ်ကလေးဘဝကတည်းကစပြီး အသက်အရွယ်ကြီးရင့်အိုမင်းသည့်တိုင်အောင် ကလေးလေးဘေးမှာ ကောင်းကျိုးဖြစ်ထွန်းစေတဲ့ သူငယ်ချင်း အပေါင်းအသင်းများ၊ တပည့်တပန်းများ၊ မိတ်ဆွေ ဆရာသမားများ ဝန်းရံပြီး ပျော်ရွှင်စွာ သိုက်ဝန်းစွာ ဘဝကို ဖြတ်သန်းနိုင်ပါစေ..

မေမေ့ ဆုတောင်းများနဲ့ ဘဝကို အေးချမ်းစွာ အောင်မြင်စွာ ပျော်ရွှင်စွာ ပြည့်စုံစွာ ဖြတ်သန်းနိုင်ပါစေ ကလေးလေးရေ..

4 comments:

  1. ဘယ်​ အီး မဂ္ဂဇင်းထဲက ဟာ​တွေကို ဘာသာပြန်​ထားတာလဲ ညိညိ

    ReplyDelete
  2. ဘယ်​ အီး မဂ္ဂဇင်းထဲက ဟာ​တွေကို ဘာသာပြန်​ထားတာလဲ ညိညိ

    ReplyDelete
  3. ကျန်း.. ရာရာစစ.. ဒါ ကိုယ့်ဘာကိုယ် စဉ်းစားမိတာတွေကွ.. ဟင်း ဟင်း

    ReplyDelete
  4. အလွန်တရာရခဲစွာသော ဆုများကိုတောင်းတတ်ပေသည်
    တော်ပေစွ မေမေညီ

    ReplyDelete

your comment please

Powered by Blogger.