အမေးအမြန်းထူတဲ့ ကလေးတွေ

ကလေးတွေဟာ သူတို့အသက်အရွယ်အလိုက် ဦးနှောက်ဖွံ့ဖြိုးလာတာနဲ့ အမျှ စူးစမ်းစိတ်တွေသိချင်တာတွေ အရမ်းများလာပါတယ်.. သူတို့ဟာ အချိန်တိုင်း သင်ယူနေကြတာမဟုတ်လား.. ဒီတော့ သူတို့မသိတာတွေ သိချင်တာတွေကို တချိန်လုံး တရစပ်မေးနေတာ သဘာဝပါပဲ.. အဲ့ဒီအခါ လူကြီးတွေက ဘယ်လိုတွေ ဖြေမလဲ.. တချို့ကလည်း ကျိုးကြောင်းဆီလျော် သေချာဖြေသလို တချို့ကလည်း ပြီးလွယ်စီးလွယ် ပါးစပ်ပိတ်ပြီးရော ဖြေတတ်ကြပါတယ်.. ဒါပေမယ့် ကျိုးကြောင်းတွေ ပြောတိုင်းလည်း မသင့်တော်သလို ပြီးပြီးရော ဖြေလိုက်တာဟာလည်း မကေင်းမွန်ပါဘူး.. ဒီတော့ ကလေးတွေရဲ့ အမေးတွေကို ဘယ်လိုတွေ ဖြေသင့်သလဲဆိုတာလေးတွေ ဖတ်မိသလောက် ဆောင်းပါးတွေ အကုန်ထဲကနေ ပြန်စုပြီး နန်းညီက tip လေးတွေ ပြောပြပေးချင်ပါတယ်.. 

ရိုးရိုးရှင်းရှင်းဖြေပါ.. သားသားက ဘယ်ကရောက်လာတာလဲ ဆိုတဲ့ မေးခွန်းမျိုးကို ပွင့်ပွင့်လင်းလင်း သေချာဖြေသင့်ပေမယ့် သန္ဓေတည်တာတွေ အချင်းတိုင်တွေ ရေမြွှာတွေအကြောင်း လျှောက်ပြောနေရင်တော့ ကလေးလည်း မူးသွားမှာပါပဲ.. “လူ ၂ ယောက်က ချစ်ကြရင် မင်္ဂလာဆောင်ကြတယ် ပြီးတော့ ချစ်ကြတော့ ခန္ဓာကိုယ်ထဲက ဖေဖေ့အသားနည်းနည်း မေမေ့အသားနည်းနည်းနဲ့ ပေါင်းပြီး မေမေ့ဗိုက်ထဲမှာ ထည့်ထားတယ် ကလေးလေးငယ်သေးတော့ အထဲမှာပဲ ထားပြီး ကလေးလေး အပြင်ထွက်လို့ရပြီလဲဆိုတော့ ဗိုက်ထဲကထုတ်လိုက်တော့ သားသားဖြစ်လာတာပေါ့..” ဆိုတာမျိုး အမှန်အတိုင်း.. ဒါပေမယ့် ခပ်လွယ်လွယ် ပြောပြလို့ရပါတယ်.. နည်းနည်းကြီးတဲ့ ကလေးတွေဆိုရင်တော့ ယောက်ျားမိန်းမ မျိုးပွားအင်္ဂါအလုပ်လုပ်ပုံတွေ ထည့်ပြောရင် နားလည်လောက်ပါရဲ့.. 


မရွှီးပါနဲ့.. ကလေးတွေမေးတဲ့အကြောင်းအရာကို ကိုယ်က မသိဘူးဆိုရင် ရွှီးပြီး လျှောက်မပြောပါနဲ့.. တခြားတယောက်ဆီက သိလာတဲ့အချိန်မှာ ကလေးက ကိုယ့်ကို ငရွှီးကြီးလို့ ယူဆသွားရင် မမိုက်ဘူးမဟုတ်လား.. ဒီတော့ “မေမေလည်း မသိဘူး ဖေဖေလည်းမသိဘူး.. သိအောင် အတူတူလုပ်ကြမလား” ဆိုပြီး ကလေးနဲ့အတူ အဖြေရှာကြည့်ရင် ကလေးအနေနဲ့လည်း ကိစ္စရပ်တွေအပေါ် ကိုယ်တိုင်ကြိုးစား အဖြေရှာချင်တတ်တဲ့ စိတ်ကလေး ဖြစ်စေပါတယ်.. 

မလှောင်မိပါစေနဲ့.. ကလေးတွေ မေးတဲ့ တချို့မေးခွန်းတွေဟာ လူကြီးတွေအတွက် ရီရတတ်ပါတယ်.. ဒါပေမယ့် တတ်နိုင်သလောက် သူတို့ မေးခွန်းမေးလာချိန် သို့မဟုတ် တခုခုကို ရင်ဖွင့်တိုင်ပင်လာချိန်မှာ လှောင်ပြောင် ရီမောတာမျိုး မလုပ်မိအောင် ရှောင်ပါ.. သူတို့ ပြောလာတာတွေကို အလေးအနက်ထားပြီး နားထောင်ပေး ဖြေပေးသင့်ပါတယ်.. “မောင်လေးကို ဘာလို့ သမီးထက်ပိုချစ်တာလဲ” ဆိုတာမျိုး ပြောလာခဲ့သည်ရှိသော် “သမီးက ကားလမ်းပေါ်က ကောက်ရတာ ဒါကြောင့် မွေးစားသမီးမို့လို့ မချစ်တာ” ဆိုတာမျိုး လုံးဝ မပြောပါနဲ့.. မိဘကိုယ်တိုင်မဟုတ်ဘဲ တခြားလူကြီးတွေ မိတ်ဆွေတွေက စနောက်ပြီး ပြောတာမျိုးကိုလည်း လက်မခံပါနဲ့ မကြိုက်ဘူးဆိုတာ ပြောထားပါ.. သားသမီးတွေကို အချင်းချင်း နှိုင်းယှဉ်ဆုံးမတာမျိုးလည်း မလုပ်သင့်ပါဘူး.. လူတိုင်းဟာ တစ်ဦးနဲ့တစ်ဦးမတူတဲ့အတွက် နှိုင်းယှဉ်ဆုံးမခံရရင် ကလေးအတွက် စိတ်ထိခိုက်စရာဖြစ်ပါတယ်.. “မောင်လေးက အ၇မ်း ငယ်သေးတော့ နည်းနည်းပို ဂရုစိုက်ရတာပေါ့.. သမီးငယ်ငယ်ကလည်း ဒီလိုလေးပဲ ဂရုစိုက်ခဲ့ရတာပဲလေ.. သမီးက မေမေကိုရော ဖေဖေကိုရော ချစ်သလိုပဲ မေမေတို့ကလည်း သမီးကိုရော မောင်လေးကိုရော တူတူပဲ ချစ်တာပါပဲ” လို့ ပြန်ဖြေလိုက်ရင် ပိုမကောင်းဘူးလား.. 

နောက်ကွယ်အဓိပ္ဗါယ်တွေ ရှိတတ်ပါတယ်.. တစ်ခါတလေ ကလေးတွေက တစ်ခုခုကို မေးလာ ပြောလာ တောင်းဆိုလာရင် ဘာအဓိပ္ဗါယ်မှ မရှိသလိုထင်ရပေမယ့် သူတို့မှာ နောက်ကွယ်က ကြီးမားတဲ့ကိစ္စ ရှိနေတတ်ပါတယ်.. ဥပမာ “မေမေ သေမှာလား သားသားကော သေမှာလား” ဆိုတာမျိုးတွေ “ဟိုဘက်အိမ်က ဦးလေးကြီးက ဘယ်တော့ အိမ်ပြောင်းမှာလဲ” ဆိုတာမျိုးတွေ.. ဟိုဘက်အိမ်က ဦးလေးကြီးကို အိမ်ပြောင်းစေချင်နေတာ ဘာကြောင့်လဲလို့သိအောင်လုပ်ဖို့ အရေးကြီးပါတယ်.. သေတယ်ဆိုတာ ဘာမှန်းမသိသေးဘဲနဲ့ အဖေ အမေ သေမှာကို အရမ်းကြောက်နေတယ်ဆိုရင် ကလေးမှာ တစ်ခုခုကို စိုးရိမ်နေတာ ဖြစ်နိုင်ပါတယ်.. လူတိုင်းဟာ သေတတ်တယ် ကြောင်လေးတွေ ခွေးလေးတွေပန်းပွင့်လေးတွေလည်း သေတတ်တယ်.. ဒါပေမယ့် ဘယ်အချိန်သေမယ်ဆိုတာ မသိနိုင်ဘူး.. မသေခင် ကောင်းအောင် နေရမယ် စသဖြင့် နားလည်သလောက်တွေ ပြောပြသင့်ပါတယ်.. မသေဘဲ သူတို့အနား တစ်သက်လုံး ရှိနေမှာပါလို့ လွယ်လွယ် ကတိ မပေးသင့်ပါဘူး.. 

“ဖေဖေကျ ဆေးလိပ်သောက်တယ် သားသားကျ မသောက်ရဘူးလား” ဆိုတာမျိုးတွေ လာတတ်ပါတယ်.. “ဆေးလိပ်သောက်တာ မကောင်းဘူး၊ ဖေဖေလည်း မကောင်းမှန်းသိလို့ နောက်ဆို မသောက်ဖြစ်အောင် လုပ်နေတယ်.. သားသားပါလိုက်သောက်ရင် ဖေဖေရော သားသားပါ မကောင်းတဲ့အကျင့်တွေရှိကုန်မှာမို့ သားသားမသောက်နဲ့နော် ဖေဖေ့ကို အကျင့်ကောင်းတွေရှိအောင် ကူနော်” လို့ ပြောလို့ရပါတယ်.. ဒါပေမယ့် တကယ်လည်း ဆေးလိပ်ဖြတ်တာဖြစ်ဖြစ်.. သူတို့ရှေ့ နောက်ဆို မသောက်မိအောင် မလုပ်မိအောင် နေသင့်တာပေါ့.. 

လင်နဲ့မယား လျှာနဲ့သွား.. တစ်ခါတလေ အငြင်းပွားရန်ဖြစ်ရတတ်တာ သဘာဝပါ.. တတ်နိုင်သလောက် ကလေးတွေရှေ့မှာ ရန်ဖြစ်တာ အော်ဟစ်တာ ငိုယိုတာတွေမလုပ်မိပါစေနဲ့.. ဒါပေမယ့် တခါတလေ ကလေးကို ကျောင်းလိုက်ပို့ဖို့ ကားမောင်းရင်း လမ်းကြောရွေးတာမှားလို့ ကတောက်ကဆ ဖြစ်ရတာမျိုးတွေရှိတတ်တဲ့အခါ ကလေးက သူ့ကိုလိုက်ပို့ရလို့ ဒီလိုဖြစ်ရတယ်ဆိုတဲ့ အားငယ်စိတ်မျိုး ဖြစ်တတ်ပါတယ်.. “ဘာလို့ ဖေဖေမေမေ ရန်ဖြစ်နေကြတာလဲ” လို့ မေးရင် အဲ့ဒီအခါ “သမီးတို့တွေ ကစားရင်း ငြင်းကြသလိုပဲ ဖေဖေမေမေတို့လည်း တခါတလေ စိတ်ချင်းမတူတဲ့အခါ ငြင်းကြတာပေါ့.. ဒါပေမယ့် အချင်းချင်း ချစ်ကြတော့ ပြန်ခေါ်ကြတယ် ပြန်တည့်ကြတယ်လေ.. ဘာမှမဖြစ်ပါဘူး သမီးကြောင့်လည်းမဟုတ်ဘူးနော်” လို့ ဖြေသိမ့်ပေးသင့်ပါတယ်.. 

သမီးမှာ ဂျိုးဂျိုးမရှိဘဲ သူ့မှာ ဘာလို့ရှိတာလဲ ဆိုတဲ့ ကပ်သီးကပ်သပ်တွေလည်း မေးတတ်ပါတယ်.. ဒီအခါတွေမှာ လူတွေမတူအောင် ဖန်တီးထားမှ အချင်းချင်း အတူတူ ချစ်ကြပြီး နောက်ထပ် ကလေးလေးတွေ မွေးလို့ရမယ်ဆိုတာမျိုး အကြမ်းဖျင်း ဖြေပေးလိုက်ရင် အဆင်ပြေတတ်ပါတယ်.. လူတစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး .. ဝတယ် ပိန်တယ် ရှည်တယ် ပုတယ် မည်းတယ် ဖြူတယ် စသဖြင့်သိထားပြီး သူတပါးကို ဝလို့ဆိုပြီး လှောင်တာမျိုး မည်းလို့ဆိုပြီး သူငယ်ချင်းမလုပ်ချင်တာမျိုး မရှိသင့်ဘူးဆိုတဲ့ သဘောတရားလေးတွေပါ တစ်ခါထဲပြောပြပေးလို့ရတာပေါ့.. 

သရဲ တစ္ဆေတွေ၊ ဆေးသောက်ရင်ခါးတာတွေ၊ ဆေးထိုးရင်နာတာတွေ၊ နေ့စဉ် ကလေးကို ထားခဲ့ပြီး အလုပ်သွားရတာတွေဟာလည်း မပြောမဖြစ် သေချာပြောရမယ့် ကိစ္စတွေပါပဲ.. ဒါတွေကျတော့ အနာပေါ်ကပလာစတာ ဆတ်ခနဲ ခွာသလိုပဲ အမှန်အတိုင်း တစ်ခါထဲ သိအောင် လက်ခံအောင် လုပ်ထားပေးရမယ့်အရာတွေပါ.. သရဲဆိုတာ ရှိချင်လည်းရှိမယ် ကြောက်ဖို့မလိုဘူး ဆိုတဲ့သဘောမျိုး သေချာရှင်းပြထားရမယ်.. ဆေးသောက်ဆေးထိုး လုပ်ရတာတွေဟာ နေမကောင်းရင် လုပ်ကိုလုပ်ရမယ် မလုပ်ချင်ပေမယ့် နေပြန်ကောင်းအောင် လုပ်ရမှာတွေ ဆိုတာကို ပြောပြထားရမယ်.. နေ့တိုင်း အလုပ်သွားနေရတာဟာ ဘာတွေကြောင့်လဲဆိုတာကို ပြောပြထားရမယ်.. “မေမေတို့တွေ မုန့်တွေစားလို့ရအောင် ပိုက်ဆံတွေရအောင် အလုပ်သွားရတာလေ.. သားသားလည်းကြီးလာရင် ကျောင်းသွားမှာလေ.. မေမေက နေ့တိုင်းသွားပေမယ့် နာရီလက်တံအတိုလေး ဒီနားရောက်ရင် အမြဲပြန်လာတယ်လေ” ဆိုတာမျိုး အကျင့်လေး လုပ်ထားလို့ရပါတယ်.. 

ကလေးတွေဟာ နုနယ်ပါတယ်.. ဒါပေမယ့် အမှတ်သညာ သိပ်ကြီးပါတယ်.. ဒါကြောင့် ကလေးအရွယ်မှာ သူတို့ကို ပိုပြီး ဂရုတစိုက် စကားပြောရမှာဖြစ်တာကြောင့် ဒီ tip လေးတွေက ကလေးတွေနဲ့ပြောဆိုဆက်ဆံရာမှာ အသုံးတည့်တာလေးတွေဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်.. စကားပြောနိုင်ကြပါစေရှင်.. 

_နန်းညီ


No comments:

your comment please

Powered by Blogger.