ကိုယ် ငေးမကြည့်မိခဲ့သော နေဝင်ချိန်များ

လူတွေ ဘာကြောင့် ခရီးသွားကြပါသလဲ..

တစ်ခါတလေတော့ ကိုယ့်အကြောင်းကိုယ်မဟုတ်ဘဲ သူများအကြောင်းတွေ တွေးမိတတ်သည်.. ခုခေတ်မှာ လူတော်တော်များများက ခရီးသွားရတာကို ကြိုက်နှစ်သက်လာပြီး ဘာမဆို trend ဖြစ်တတ်သော ဒီနိုင်ငံက ဓလေ့အတိုင်း လူတိုင်းသည်လည်း ခရီးသွားရတာကြိုက်တယ်ဟု ဆိုလာကြပြန်တော့ ခရီးသွားရတာ ဘာကိုကြိုက်တာလဲဟု စပ်စုစေ့ငုတတ်သော ကိုယ်က သိလိုလာ၏.. ရှုခင်းလှလှတွေ မြင်ရလို့လား ဓာတ်ပုံတွေများများရိုက်လို့ရလို့လား ဒေသအစားအသောက်တွေ မြည်းစမ်းရလို့လား သူငယ်ချင်းများနှင့် သို့မဟုတ် ချစ်သူနဲ့ အတူတကွ အချိန်တွေ ကုန်ဆုံးရလို့လား.. ဘယ်နေရာရောက်ရောက် သိပ်ပျော်နေကြောင်း ဓာတ်ပုံတွေတင်ပြီး အချိန်ပြည့် အင်တာနက်သုံးနေကြဖို့လား..

ကိုယ်ကတော့ စိတ်ကူးပေါက်ရာ လုပ်ဖို့နှင့် ထိုသို့လုပ်ပြီး စိတ်အကြည်ဓာတ်ပြန်လည်ရယူဖို့ ခရီးသွားခြင်းဖြစ်သည်.. ရည်ရွယ်ချက်မရှိ ပန်းတိုင်မထားသော စိတ်အေးလက်အေးသွားရသည့် road trip များကို ကိုယ်သဘောကျ၏.. မနက်ခပ်စောစော ကားရှင်းနေချိန် ရန်ကုန်မြို့ကနေထွက်ပြီး အမြန်လမ်းပေါ်မှာ နေထွက်လာတာကို ကားရပ်၍ ကြည့်ရှုရခြင်းသည် ကြည်နူးဖွယ်ရာဖြစ်ကြောင်း ရှင်းပြရန်မလိုသော စိတ်တူကိုယ်တူ ခရီးသွားဖော်တစ်ဦးတော့ လိုမည်.. ကိုကိုသည် ကိုယ်နဲ့ အရာတော်တော်များများမှာ အကြိုက်ချင်းဆန့်ကျင်ဖက်ဖြစ်ပေမယ့် အခြေခံအားဖြင့် သဘာဝကို ချစ်မြတ်နိုးတာ စိတ်လွတ်လက်လွတ်ရှိတာ အနှောင်အဖွဲ့ကိုသဘောမကျတာခြင်းတော့ တူလှရာ ၂ ယောက်ထဲ ခရီးသွားရလျှင် အပေးအယူမျှမျှနှင့် ပျော်ဖို့ကောင်းတာအမှန်..



 ရန်ကုန်မှ ကျိုက်ထို ဘားအံ ဘက်သို့ မကြာခဏ ခရီးသွားဖူးသော ကိုကိုသည် လမ်းခရီး ရှုခင်းများကို အလွတ်ပင်ရမတတ် ရိုးအီနေပြီဖြစ်သော်လည်း ကိုယ့်အတွက်ကတော့ အမြန်လမ်းမှ ၃၉ မိုင်အရောက် သပြေရိပ်ကိုဝင်ပြီး ပူရီစားရခြင်းကစ၍ ဘုရားကြီးမြို့အကျော်တွင်မြင်ရတတ်သည့် စိမ်းတစ်ကွက် ဝါတစ်ကွက် လယ်ကွင်းပြင်များသည်လည်းကောင်း.. တဖြောင့်ထဲ အပြောင်းအလဲမရှိ ဘေးနှစ်ဖက်မြင်ကွင်းများတူညီသော ကတ္တရာလမ်းမကြီးသည်လည်းကောင်း.. သစ်ပင်တွေ နွားတွေ လှည်းတွေ ဆိုင်ကယ်တွေ ကားဘေး၌ တရိပ်ရိပ်ကျန်ရစ်ခဲ့ခြင်းသည်လည်းကောင်း.. လမ်းဘေးက ဖရဲသီးရောင်းသော တဲများတွင် ကားရပ်ပြီး ဗိုက်ကားသည့်အထိ ဖရဲသီးများ စားရခြင်းသည်လည်းကောင်း ပျော်စရာကောင်းသော အချိန်များဖြစ်သည်..

ကားပေါ်မှာ ဖွင့်ရန်သီချင်းများကို ရွေးချယ်ကာ USB stick ထဲ ထည့်အပြီး ထို USB ကျန်ရစ်ခဲ့သောအခါ ကိုယ်တိုင်သီချင်းတွေ အော်ဆိုခြင်းအားဖြင့် ထိုပြဿနာကို ကိုယ်တို့ ဖြေရှင်းလိုက်ကြသည်.. သီချင်းစာသားတွေ အကုန်ရသော်လည်း ဘယ်ကီးကိုမှ ဝင်အောင်မဆိုတတ်သော ကိုယ်နှင့် သီချင်းစာသားမှန်သမျှ တလွဲတွေဆိုတတ်သည့် ကိုကိုတို့ သီချင်းဆိုတော့အခါ ဘယ်လိုရယ်ရမည်ဆိုတာကို မှန်းဆကြည့်နိုင်ကြပါသည်.. (သို့မဟုတ် အကြားအာရုံဖြင့် နှိပ်စက်ခံလိုပါက အက်ဒစ်လုပ်၍တင်ထားသော ဗီဒီယိုလေးကို ကိုယ့် timeline မှာ ရှာဖွေကြည့်နိုင်ပါသည်)..

ဘယ်ကို ဘယ်အချိန်ရောက်ပြီး ဘာတွေလုပ်ရမည်ဟု သတ်မှတ်ထားခြင်း မရှိသည့်ခရီးမို့ ကိုယ်တို့က အေးအေးလူလူရှိလှသည်.. ကားမောင်းရင်း စိတ်ကူးပေါက်ရင်ပေါက်သလို လမ်းဘေး ရာဘာတောစပ်တွင် ကားထိုးရပ်ရင်း ဂိမ်းဆော့ စာအုပ်ဖတ် မုန့်စား လုပ်နိုင်သေး၏.. တဖြောင့်ထဲ ရှည်တန်းလျက်ရှိသော သစ်ပင်များအကြား ဆောင်းလေအေးအေးများ ဖြတ်တိုက်နေသော အချိန်တွင် ကားရပ်ကာ စာအုပ်ဖတ်ရခြင်းသည် ကော်ဖီတစ်ခွက်သာပါခဲ့လျှင် အင်မတန်ပြီးပြည့်စုံမှာအမှန်ပဲဟု ကိုယ်ကတမ်းတမိတော့ လက်ရှိရှိတာနဲ့တင် မရောင့်ရဲချင်သော ကိုယ့်လောဘကို ကိုကိုက ရယ်မောလေသည်.. ကော်ဖီကို လတ်ဆတ်ပြီး သကြားမထဲဘဲ ခပ်ဆိမ့်ဆိမ့် ခါးခါးကျဲကျဲမှ ကြိုက်တတ်သော ကိုယ့်မှာ ခရီးသွားတိုင်း coffee orgasm မရခြင်းက အမြဲ ပြဿနာဖြစ်ရသည်.. ကိုယ်တို့လို အေးအေးဆေးဆေး ခရီးသွားရခြင်းမဟုတ်ဘဲ စီးပွားရေးအတွက် အပူတပြင်းရုန်းကန်နေရသူများ သို့မဟုတ် ပိုက်ဆံကိုချွေတာစုဆောင်းပြီးမှ ဘုရားဖူးခရီးထွက်နိုင်သူများကို နှိုင်းယှဉ်ကြည့်ဖို့ ကိုကိုက ပြောလေ့ရှိသည်..



ဟုတ်လည်း ဟုတ်တာပါပဲ.. လောကမှာ (အခုကိုယ်တို့ ၂ ယောက် လုပ်နေသလို) လေနုအေးများနှင့် လယ်ကွင်းများကို ခံစားတတ်ဖို့.. လှေကလေးတစ်စင်း ချောင်းရိုးလေးအတိုင်းလှော်လာတာကို ဝါးတံတားပေါ်မှာထိုင်ရင်း ငေးမောကြည့်ရှုနိုင်ဖို့.. ကားကို ကုက္ကိုလ်ပင်ကြီးအောက်မှာ ရပ်ပြီး လယ်သမားတွေ လယ်ရိတ်နေတာကို ဆေးလိပ်လေးဖွာရင်း တမေ့တမောကြည့်နေနိုင်ဖို့က ရသခံစားတတ်ဖို့ အားလပ်သောနှလုံးသားရှိရမည့်အပြင် ရသခံစားနိုင်ဖို့ အချိန်ပေးနိုင်ရန်လည်း လိုအပ်သေးသည်.. လူတိုင်းက ထိုသို့ အားလပ်သော ရသခံစားနိုင်သည့် နှလုံးသားများနှင့် မွေးဖွားလာတာမဟုတ်ချေ.. တချို့က အခုကိုယ်တို့ ခံစားနေသော လယ်တဲလေးများထဲမှာ မွေးဖွားလာရပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရတာနှင့်ပင် အလှအပတွေကို အာရုံမစိုက်အား.. တချို့ကတော့ ငွေကြေးပြည့်စုံချမ်းသာပေမယ့် သဘာဝ၏အလှအပများကို ချစ်ခင်မြတ်နိုးတတ်သည့် ရသစိတ်အခံမပြည့်စုံ.. ဘဝမှာ သဘာဝတရားကို ချစ်တတ်ပြီး သဘာဝအလှအပများကို ခံစားတတ်သည့် စိတ်နှလုံးလည်းရှိကာ ခံစားနိုင်သည့် ရုပ်ဝတ္တုငွေကြေးအင်အားလည်း ပြည့်စုံသည်ဆိုလျှင် ထိုလူသည် ဘဝကို အင်မတန်မှ ကျေးဇူးတင်ချစ်ခင်သင့်သည် ထင်တာပါပဲ..

ကျိုက်ထိုသို့ နေ့ခင်းမှာရောက်သော်လည်း ဟိုတယ်မှာ အခန်းမရသေးဟု ဆိုသည်.. ကိုယ်တို့ ကြိုတင် booking လုပ်ထားပေမယ့် မရသေးဘူးဆိုတော့လည်း ဘယ်တတ်နိုင်မလဲ.. (ကိုယ်တို့ Thuwunna Bumi Motain View Hotel မှာတည်းသည်).. ဘာကိုမဆို အေးအေးဆေးဆေးရှိနေသည့် ကိုယ်တို့က ဘာကိုမဆိုလည်း ခွင့်လွှတ်နိုင်နေကာ ကင်ပွန်းစခန်းအကျော်နားက ဆောင်နိုင်ကြီး ရေတံခွန်သို့ ထွက်လာခဲ့သည်.. ဆောင်မြိုင်ကြီး စောင်လှိုင်ကြီး စောင်နိုင်ကြီး.. တနေရာတမျိုးစီရေးထားသော ဆိုင်းဘုတ်များကညွှန်သည့်အတိုင်း မောင်းလာရင်း တောလမ်းထဲသို့ရောက်.. လမ်းတော်တော်ကြမ်းသေးသည်.. ရေတံခွန်ကလည်း သိပ်ပြီး သဘာဝအတိုင်းမဟုတ်တော့ချေ.. ဗမာပြည်မှာ ကိုယ်တော်တော်လေး သဘောမကျသည့် တစ်ချက်က "တောင်ထွတ်တိုင်းတွင်ဘုရားတည်" စိတ်ဓာတ်ဖြစ်သည်.. ကယားပြည်ထီးစဲခါးရေတံခွန်ရောက်တုန်းကလည်း သူ့သဘာဝအတိုင်း ရှိသင့်သည့် လှသင့်သည့် ရေတံခွန်ကို ကျောက်စွန်းများတွင် ဘုရားတည်ထားခြင်း လမ်းတွင်သာသနာ့အလံထောင်ထားခြင်း ဘုန်းကြီးကျောင်းဆောက်ထားခြင်း စသည်တို့လုပ်ထားသဖြင့် သဘာဝမကျ သာသနာလည်းပြုရာမရောက် စေတီအောက်ခြေ ချောင်းထဲ ဘီယာပုလင်းခွံများမြင်နေရပြီး ဂွတီးဂွကျတွေ ဖြစ်ကုန်ခြင်းပင်..



အဝတ်အပိုများလည်းမပါသည်မို့ ကိုယ်တို့ရေမကူးရချေ.. ကိုယ်ကတော့ ဘောင်းဘီတိုနဲ့မို့ ရေထဲဆင်းပြီး လက်တွေနှစ် မျက်နှာနှစ်ကာ အသားပေါ်နေသည့် ရေထိလို့ရသည့်နေရာမှန်သမျှ ရေတံခွန်ရေ အေးအေးနှင့် ထိစိမ်ထားပစ်လိုက်သည်.. ချမ်းတတ်သူ ကိုကိုက ရေထဲမဆင်းဘဲ ကျောက်တုံးပေါ်တွင်ထိုင်လျက် ကိုယ့်ကို ဓာတ်ပုံဗီဒီယို လိုက်ရိုက်နေ၏.. စိတ်လိုလက်ရ ကြည်သာနေပြီး အလုပ်ကိစ္စများလည်း မရှုပ်နေချိန်ဆိုလျှင် ကိုကိုသည် ကိုယ့်အပေါ်အတော်လေး အလိုလိုက်ကာ စိတ်ရှည်တတ်သည်.. ကားမောင်းကာ ကိုယ်သွားလိုရာကို ပို့ပေးတတ်သော သူ့ကို ကိုယ်ကလည်း ချစ်ခင်စိတ်များများဖြစ်နေကာ တစ်ချိန်လုံး လက်တွဲလိုက် ပုခုံးဖက်လိုက် ပါးနမ်းလိုက်လုပ်ရတာ သဘောကျမိသည်.. အလုပ်များသော ကိုယ်တို့အတွက် ဒီလိုသာယာကြည်နူးချိန်များက အဖိုးတန်လွန်းလှသည်လေ..

ဟိုတယ်မှာ ကိုယ်တို့တည်းသည့် အဆောင်လေးက တောင်ထိပ်ကလေးမှာမို့ ရှုခင်းတော်တော်လှသည်.. နေဝင်ချိန်ရှုခင်းကို ရေကူးကန်ထဲကနေ ကြည့်ရခြင်းနှင့် မနက်နေအထွက်ကို အခန်းရှေ့ သစ်သားဝရံတာကျယ်ကြီးကနေ စောင်ခြုံပြီး လှမ်းကြည့်ရသည်ကလည်း ဇိမ်ရှိသည်.. သို့သော် ဝန်ဆောင်မှုကတော့ တော်တော်ညံ့သည်ဟု ကိုယ်ဝေဖန်ချင်ပါသည်.. ပြီးတော့ မြန်မာနိုင်ငံရှိ ဟိုတယ်များသည် ဘာကြောင့် မနက်စာကို ဒေသအစားအစာများ မထည့်သွင်းထားရသလဲ.. ရှမ်းပြည်ဆိုလည်း ဟိုတယ်များတွင် မနက်စာအနေဖြင့် ရှမ်းခေါက်ဆွဲ တို့ဟူးနွေး စသဖြင့် ဒေသအစားအစာများကို ထည့်သွင်းတည်ခင်းသင့်သည်ဟု ကိုယ်တော့ထင်တာပဲ.. ခုတော့ ဘိုမကျ ဗမာမကျ ခြောက်တီးခြောက်ကပ် မဖွယ်မရာ မနက်စာကိုသာ တို့ကနန်းဆိတ်ကနန်း စားရသည်မှာ စိတ်ကျေနပ်စရာမကောင်းချေ..

အခန်းလေးထဲ  ရုပ်ရှင်ကြည့်လိုက် စကားပြောလိုက် မုန့်စားလိုက်.. ဝရံတာထွက် ဆေးလိပ်သောက်ရင်း ရှုခင်းငေးလိုက်.. မနက်အစောထ နေထွက်တာကြည့်ပြီး နေ့ခင်းထိ ပြန်အိပ်လိုက်.. ဘာအပူအပင် တာဝန်မှ မရှိတုန်း နေချင်သလိုနေ လုပ်ချင်သလို လုပ်နေရခြင်းသည် အဟောသုခံ ချမ်းသာပေစွ.. ညစာစားဖို့ကိုလည်း ဆိုင်ကြီးကန္နားတွေ ရှာမနေဖြစ်ချေ.. ဟိုနားဒီနား ကားလျှောက်မောင်းရင်း မြို့သေးသေးလေးထဲ လမ်းဆင်းလျှောက်ရင်း နေဝင်ချိန်သိပ်လှနေတာကို တွေ့ရသည်.. ကောင်းကင်သည် ပန်းဆီခရမ်းအပြာအဝါများဖြင့် တောက်ပလျက်ရှိရာ.. မီးရထားလမ်းကွေ့နားရှိ ကမူစွန်းလေးမှာ မေးတင်ဆောက်ထားသော ခနော်နီခနော်နဲ့ သစ်သားများဖြင့် ထမင်းဆိုင်လေးတစ်ခုကိုတွေ့တော့ ဒီမှာ ညစာစားမယ်ဆိုပြီး ၂ ယောက်သား ဝင်စားဖြစ်ကြသည်.. ဆိုင်မှာတကယ်တော့ ဘာမှ စားစရာမယ်မယ်ရရ မရှိပေမယ့် အတွင်းဖက်အခြမ်းက ကဲလားတံခါးတစ်ခုလုံးဖွင့်ထားတော့ ထိုထောင့်စွန်းခုံမှာထိုင်လျှင် မီးရထားလမ်းကြီးနဲ့ တောင်တန်းကြီးနောက်က နေလုံးကြီးကို မြင်ရသည်မို့ ထမင်းဆီဆမ်းနဲ့ ကြက်ဥကြော်ဖြင့်လည်း ညစာကို တင်းတိမ်ရောင့်ရဲနိုင်လေသည်..



ဆိုင်ကထမင်းဆီဆမ်းက မြေပဲတွေထည့်ထားတော့ မကြိုက်တတ်သူ ကိုယ်က တစိချင်းပြန်ရွေးထုတ်ပြီး ကိုကို့ပန်းကန်ထဲ ထည့်ပေးထားတာကို စားပွဲထိုးကောင်ငယ်လေးက မြင်ပုံရသည်.. ထမင်းဆီဆမ်းလိုက်ပွဲဟု ထပ်မှာသောအခါ "မြေပဲမထည့်ဘူးမလား"ဟု မေးလေ၏.. ကိုယ် အင်မတန်သဘောကျမိသော အခိုက်အတန့်ပါပဲ.. ပျော်ရွှင်ဆော့ကစားနေရမည့်အရွယ် ၁၂ နှစ် ၁၃ နှစ်လောက်မှာ အိမ်က ထမင်းဆိုင်အလုပ်ကို ကူနေရပေမယ့် စိတ်မပါလက်မပါ မဟုတ်ဘဲ ကိုယ်လုပ်နေတာကို ကိုယ်စိတ်ဝင်စားပြီး ဆိုင်လာသည့် ဧည့်သည်အရိပ်အကဲကို သိတတ်သော ကောင်ငယ်လေးသည် အသက်ကြီးလာပြီး ပညာတတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ ဒီလိုစိတ်ထားနှင့်သာ အလုပ်လုပ်လျှင် ကြီးပွားမှာပဲဟု စိတ်ထဲက မှတ်ယူမိသည်.. ကိုကို့ကို ပြောပြတော့ ပြုံးနေလေ၏..

နောက်တစ်နေ့ ဆက်နေဦးမည် စိတ်ကူးပြီး တကယ်တော့ မနေဖြစ်.. ကိုကိုရော ကိုယ်ပါ သားလေးကို လွမ်းနေကြပုံရသည်.. အပြန်လမ်းသည် အလာတုန်းကလောက်တော့ ဆူဆူညံညံ တက်တက်ကြွကြွမရှိဘဲ ကိုကိုကလည်း ပြန်ရောက်လျှင် လုပ်ရမည့် အလုပ်များကို ရုံးနဲ့ ဖုန်းဆက်ပြောဆိုနေပြီး ကိုယ်ကလည်း ဒီတစ်လလုံး ကလေးထိန်းမရှိလျှင် မည်သို့ စီမံရမည်ကို တွေးဆရင်း တစ်ချက်တစ်ချက် တိတ်ဆိတ်နေသည်.. သို့သော် ကိုယ်တို့မှာ အလုပ်တွေပြန်လုပ်ဖို့ လုံလောက်သော စိတ်ကြည်လင်မှုအကြည်ဓာတ်ရှိနေပြီဟု ကိုယ်ကတော့ ယုံကြည်သည်.. "ပျော်ရဲ့လား စိတ်ချမ်းသာလား" လို့ ကိုကိုမေးတော့ အလေးအနက် ကျေးဇူးတင်ကြောင်း ပြန်ပြောမိ၏.. ရုပ်ပိုင်းဆိုင်ရာ အင်အားက ဖြည့်ဖို့လွယ်သလောက် စိတ်ပိုင်းဆိုင်ရာ ကြည်လင်မှုက ပြည့်တင်းဖို့ ခက်သည်မဟုတ်လား.. အပြန်ရန်ကုန်ဝင်ခါနီးမှာ နေဝင်တာကို ထပ်စောင့်ကြည့်ပြီး ကိုကိုက ဓာတ်ပုံရိုက်သေးသည်.. ကိုယ်ကတော့ တွေးနေသည်.. ကိုယ့်အသက် ၃၀ နဲ့ တွက်လျှင် နေဝင်ချိန်ပေါင်း တစ်ထောင်လောက် ဖြတ်ကျော်ခဲ့ပြီးပြီ.. ဒါပေမယ့် တခြားသော စိတ်ရှုပ်ထွေးစရာများနဲ့ အတွေးများမှ လွတ်ကင်းပြီး နေလုံးကြီးကို လှလိုက်တာဟု ထိုင်ငေးကြည့်နေခွင့်က တစ်ရာပင်မပြည့်သေး..



ကိုယ်မငေးကြည့်ခဲ့မိသော လှပသည့် နေဝင်ချိန်များကို တွေးရင်း နှမျောမိပါသည်..

---
နန်းညီ
ဒီဇင်ဘာ ၂၀၁၇

No comments:

your comment please

Powered by Blogger.