မြန်မာ့နံရံဆေးရေးပန်းချီ

မြန်မာ့ပန်းချီအစနဲ့ အခြေခံမြန်မာ့ပန်းချီလေးမျိုးဖြစ်တဲ့ ကနုတ် နရီ ကပီ ဂဇာတွေအကြောင်းကို ဒီမှာ ပြောခဲ့ဖူးပြီးပါပြီ.. အခုတော့ မြန်မာ့နံရံဆေးရေးပန်းချီတွေအကြောင်း နည်းနည်းဆက်ပြောပြကြည့်မယ်လေ..

မြန်မာပြည်မှာ အစောဆုံးနံရံပန်းချီကတော့ ကျောက်ခေတ်လူသားတွေရဲ့လက်ရာလို့ သတ်မှတ်ထားတဲ့ ကျောက်ဆည်ခရိုင်၊ ရွာငံဒေသ၊ ပြဒါးလင်းဂူနံရံက ပန်းချီတွေပါပဲ.. သမိုင်းမတင်မီ ကျောက်ခေတ်လက်ရာတွေမှာ ကျောက်ခေတ်လူသားတွေရဲ့ လူနေမှုဘ၀၊ အမဲလိုက်ကြပုံနှင့် သဘာဝကို ကိုးကွယ်ခြင်း အလေ့အထများကို လေ့လာတွေ့ရှိနိုင်ပါတယ်.. တောင်ကမ်းပါးကြားက နေထွက်ပုံ၊ လက်ဝါးပုံ၊ သားကောင်ပုံများကို ရေးဆွဲလေ့ရှိကြပြီး လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၀ ခန့်က ရေးဆွဲခဲတယ်လို့ ခန့်မှန်းရတယ်.. အဲဒိပုံတွေကတဆင့် ကျောက်ခေတ်လူသားတို့ရဲ့ လူမှုဆက်ဆံရေးနှင့် နေထိုင်အသက်မွေးပုံ အတိတ်သမိုင်းတို့ကို သိရှိနိုင်တာပေါ့.. (အန်ဒီကောင်ကတော့ ငြင်းပါတယ်.. အဲဒိဂူလက်ရာတွေဟာ ပန်းချီလို့ ဘယ်လိုပြောလို့ရမလဲတဲ့.. စာလုံးတွေမပေါ်သေးလို့ အဲလိုတွေရေးထားခဲ့တာဆိုတော့ ပန်းချီအစမဟုတ်ဘဲ စာအစလည်းဖြစ်နိုင်တာပဲတဲ့.. သူနဲ့အတော်လေး ငြင်းခုန်ခဲ့ရပါသေးတယ်)

သူငြင်းလို့မရတဲ့ တကယ့်နံရံဆေးရေးပန်းချီတွေကိုတော့ ပုဂံခေတ် ဂူဘုရားတွေ သိမ်ကျောင်းတွေမှာ တွေ့ရမှာပါ.. အားလုံးသိကြတဲ့အတိုင်း အနော်ရထာမင်းဟာ ပုဂံမှာစစ်မှန်တဲ့ ထေရဝါရသာသနာထွန်းကားအောင် ကြိုးပမ်းခဲ့ပါတယ်.. သာသနာရေးနဲ့အတူ လက်မှုပညာအမျိုးမျိုး တိုးတက်လာဖို့လည်း အားပေးချီးမြှင့်ခဲ့တာပါပဲ.. ဒါပေမယ့်လည်း ဗိသုကာ ပန်းချီ ပန်းပုစတာတွေက အနော်ရထာမင်းလက်ထက်မှာ အစပျိုးသဘောလောက်ပဲဖြစ်သေးတယ်လို့ ယူဆရပါတယ်.. သူတည်ခဲ့သမျှဘုရားတွေဟာ မြေစိုက်စေတီတွေပဲဖြစ်လို့ပါပဲ.. ဒေါက်တာမတင်ဝင်းရဲ့ ကျန်စစ်သားစာအုပ်ထဲမှာတော့ အနော်ရထာဟာ မင်းပရိတ်သတ် ပြည်သူပြည်သားတို့နဲ့ ခြားနားသီးသန့်နေချင်တဲ့သဘောမို့သာ အပြင်ဘက်ကပဲ ဖူးမျှော်လို့ရတဲ့ မြေစိုက်တွေကိုတည်တယ်လို့ ကောက်ချက်ချထားပါတယ်.. အတွင်းစိတ်သဘောဟာ ဘုရားတည်ရာမှာပေါ်တယ်လို့ သူဆိုလိုချင်ပုံပဲ.. အင်း- ထားပါတော့လေ...

ကျန်စစ်မင်းလက်ထက်မှာတော့ ဂူဘုရားတွေတည်နေပြီ.. ဂူဘုရားတွေရဲ့သဘောက အတွင်း ဂန္ဓကုဋိတိုက်ကိုရံပြီး စင်္ကြန်လမ်းတွေထားရတယ်.. မုခ်အဝင်မှာ အာရုံခံရှိတော့ ဂန္ဓကုဋိတိုက်နံရံ၊ စင်္ကြန်နံရံနဲ့ အာရုံခံနံရံတွေဟာ ပန်းချီရေးဖို့ နေရာကောင်းတွေ ဖြစ်လာပါတော့တယ်.. ပုဂံခေတ်ကျောက်စာတွေမှာ ဂူဘုရားတည်ရင် အတွင်းမှာ ဆေးရေးလေ့ရှိကြောင်းနဲ့ ပန်းချီသမားတွေကို လုပ်ခတွေပေးရကြောင်းတွေ မှတ်တမ်းပါပါတယ်.. အဲဒိအချိန်မှာတော့ ပန်းချီပန်းပုပညာတွေဟာ အရှိန်အဟုန်နဲ့ကို တိုးတက်လာနေပါပြီ.. ပုဂံခေတ်ဆေးရောင်တွေက ခေတ်ဦးပိုင်းမှာဆိုရင် အဖြူ အနက် အဝါ အနီပဲ အသုံးများပါတယ်.. ခေတ်နှောင်းပိုင်းမှာမှ အပြာနဲ့ အစိမ်းကိုပါသုံးလာကြတယ်.. အင်္ဂတေနံရံမှာ ဆေးရောင်စွဲနေဖို့ တမာစေးနဲ့တွဲသုံးပါတယ်.. အရောင်တောက်အောင် သည်းချေကိုရောပါတယ်.. အဖြူရောင်ကို မြေဖြူကထုတ်.. အနက်ကို ရေနံချေးမှိုင်းက.. အဝါကို မြေဝါခဲတွေက.. အနီကို ဟင်္သပဒါးနဲ့ မြေနီကရ.. အပြာကိုမဲနယ်က.. အစိမ်းကို ဒုတ္တာစိမ်းကနေ ဖော်စပ်ကြတယ်လို့ သိရပါတယ်..

ပုဂံဆေးရေးတွေရဲ့ အကြောင်းအရာတွေကတော့ ဗုဒ္ဓဝင်ခန်းတွေ ငါးရာ့ငါးဆယ်နိပါတ်တွေများပါတယ်.. သရုပ်ဖော်ထားတဲ့အကြောင်းအရာကို အောက်ခြေမှာ မွန်ဘာသာ ဒါမှမဟုတ် မြန်မာဘာသာနဲ့စာတန်းထိုးထားလေ့ရှိပါတယ်.. တချို့နံရံတွေမှာဆို ပါဠိတော်တွေက ကောက်နုတ်ချက်တွေနဲ့ ဘုရားလှူသူ နံရံပန်းချီလှူသူ ကုသိုလ်ရှင်ရဲ့ မှတ်တမ်းစာတွေ ဆုတောင်းစာတွေ ဇာတာခွင်တွေကိုလည်း ထည့်ရေးထားလေ့ရှိတယ်..

ပုဂံခေတ်နံရံဆေးရေးတွေက နှစ်ပေါင်းကလည်းကြာပြီဆိုတော့ အင်္ဂတေကွာကျပျက်စီးတာတွေ.. မှေးမှိန်ပွန်းပဲ့သွားတာတွေ.. အညစ်အကြေးတွေစွဲလို့ မထင်မရှားဖြစ်ကုန်တာတွေ.. သဒ္ဓါလွန်ပြီးထုံးသုတ်ပူစော်ပစ်လိုက်လို့ ပျောက်သွားတာတွေ.. ခိုးယူခံရတာတွေ.. တချို့ကနားမလည်ပဲ ထုံးသုတ် အသစ်ပြန်ရေးထားတာတွေကြောင့်နဲ့ ရှေးဟောင်းပန်းချီလက်ရာအတော်များများ ဆုံးရှုံးကုန်ပါပြီ.. ဒါကြောင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း မှတ်တမ်းတင်ပုံများ ရေးထား.. ပန်းချီကျောင်းသားများကလည်း လေ့လာရေးသွားတိုင်းကူးယူရေးပြီး သိမ်းထားကြ.. မှိန်နေတဲ့နေရာတွေ ထင်လာဖို့.. ထပ်ပြီးမပျက်စီးစေဖို့ ဓာတုနည်းတွေနဲ့ထိန်းသိမ်းနေကြပါတယ်..

ခုနောက်ပိုင်းမှာဆိုရင် ပုဂံဘုရားနံရံတွေကို ဓာတ်ပုံပေးမရိုက်တော့ပါဘူး.. ဖျတ်ကနဲလက်သွားတတ်တဲ့ ကင်မရာဖလက်ရှ်ဂန်းမီးရောင်ဟာ သဘာဝဆေးနဲ့ရေးထားတဲ့ ပန်းချီတွေကိုပျက်စီးစေနိုင်လို့ပါ.. အများအားဖြင့် အဲဒိကန့်သတ်ချက်ကို နိုင်ငံခြားသားလေ့လာသူတွေက (နိုင်ငံခြားမှ ပညာတတ်လေ့လာသူအချို့က) လိုက်နာပေမယ့် မြန်မာခရီးသွားတော်တော်များများ (တော်တော်များများ)ကတော့ အလစ်တွေမှာ ခိုးခိုးဓာတ်ပုံရိုက်တတ်ပါတယ်.. တကယ်တော့လည်း မြန်မာပြည်သူတော်တော်များများဟာ ဒီနံရံပန်းချီရဲ့တန်ဖိုးနဲ့ အရေးပါပုံကို မသိတာများပါတယ်.. ဒါတွေလှတယ်လို့လည်း မထင်တာများပါတယ်.. ပုဂံရောက်မှတော့ ဒါလေးမှ ဓာတ်ပုံမရိုက်လိုက်ရရင် မနေနိုင်လို့.. ပြီးတော့ တားမြစ်ထားလို့ ပိုရိုက်ချင်လို့သာ ဓာတ်ပုံရိုက်သွားတာပါ.. ပန်းချီတွေကို တိုက်ရိုက်မဟုတ်ပေမယ့်လည်း ဘုရားထဲမှာ တခြားနေရာကို ရိုက်ရုံနဲ့တင် နံရံပန်းချီတွေဆီ အလင်းပြန်တတ်ပါတယ်.. မကောင်းပါဘူး.. တတ်နိုင်သလောက်တော့ ဘုရားထဲမှာ ဓာတ်ပုံမရိုက်ကြဖို့ တိုက်တွန်းပါတယ်.. နံရံကိုလက်နဲ့မကိုင်ပါနဲ့လို့ တားမြစ်ပေမယ့် ဘာကြောင့်ရယ်မသိ မလုပ်နဲ့ဆို ပိုလုပ်ချင်ကြတဲ့ ထုံးစံအတိုင်း လမ်းလျှောက်သွားရင်း နံရံကိုလက်နဲ့တစ်လျှောက်လုံးထိပွတ်သွားတာမြင်ဖူးပါတယ်.. အဲဒိမိသားစုကို နန်းညီကိုယ်တိုင် အနားခေါ်ရှင်းပြဖူးပါတယ်.. သေချာရှင်းပြတော့လည်း သူတို့လက်ခံတာပါပဲ..

နိုင်ငံတကာအလယ်မှာ ချပြနိုင်တဲ့ မြန်မာ့ရှေးရိုးပန်းချီတွေကို နားလည်တတ်ဖို့ ထိန်းသိမ်းတန်ဖိုးထားတတ်ဖို့အသိကိုလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြည်သူတွေဆီရောက်အောင်ပို့ပေးဖို့ လိုနေသေးတာတော့ အမှန်ပါပဲ..

No comments:

your comment please

Powered by Blogger.