နေကြာရိုင်းများပုံပြင်

ကိုကိုကတော့ ထိုနေ့ကို မှတ်မိသေးလားမသိ.. သော်ကတော့ ထိုနေ့၏ မြင်ကွင်း၊ ရနံ့၊ အေးစိမ့်စိမ့်လေညင်းများနှင့် ခံစားချက်များကိုပါ အသေးစိတ် ပြက်ပြက်ထင်ထင် မှတ်မိလျက်ရှိသေးသည်။

သော်တို့ ခဏသွားလည်နေသည့် တောင်ပေါ်မြို့လေးမှာ နေထိုင်ရာအိမ်ကလေးက မြို့လယ်ထဲမှာမဟုတ်ဘဲ တောင်ခြေရင်းမို့ နွေရာသီပေမယ့်လည်း များသောအားဖြင့်တော့ အေးစိမ့်စိမ့်အမြဲရှိတတ်သည်။ ထိုနေ့မနက်က ကိုကိုနဲ့အတူ လမ်းထောင့်နားက လက်ဖက်ရည်ဆိုင် သေးသေးလေးရဲ့ အပြင်ဘက်က ခုံမှာ ထိုင်ရင်း နံပြားနဲ့ လက်ဖက်ရည်ချိုချိုကို စားသောက်ရင်း ဆိုင်ကဖွင့်ထားသည့် ဗဒင်သီချင်းများကို နားထောင်ရင်း ဇိမ်ကျလျက်ရှိနေရာမှ ရုတ်တရက် မိုးခပ်ဖွဲဖွဲရွာချတော့ ကမန်းကတမ်း ဆိုင်အမိုးအောက်ဖက်က ခုံများဆီ ရွှေ့ကြရသေး၏။

မိုးက ခပ်ဖွဲဖွဲပဲ ရွာပေမယ့် တောင်ပေါ်မှာမို့ စိမ့်နေအောင် အေးလေတော့ ဇိမ်ဆွဲသောက်နေသော လက်ဖက်ရည်ပူပူကို ခပ်မြန်မြန်သောက်ကြရင်း ပြန်ဖို့ စိတ်ကူးကြရသည်။ မိုးကြောင့် တောင်ပေါ်ကနေ တောင်ခိုးများ မြူခိုးများပြိုကျလာပြီး ကြက်သီးထလောက်အောင် စိမ့်အေးလာတာရော၊ မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေသည့် ကိုကို့ကို မမြင်ရလောက်အောင် အခိုးအငေ့ွတွေ ပိတ်သွားတာရော မှတ်မိပါသေး၏။ နောက်တော့ အဲ့သည့် မိုးဖွဲဖွဲနဲ့ မြူခိုးတွေကြား ဝိုးတဝါးမှာပဲ အနွေးထည်ခေါင်းစွပ်တွေ စွပ်ပြီး ၂ ယောက်သား လက်တွဲလျက် အိမ်ဆီကို ခပ်သုတ်သုတ်ပြန်ခဲ့ကြရင်း အိမ်ရောက်တော့ စောင်ခြုံထဲတိုးဝင်ကြရတာ။ ခဏလောက် ကွန်ပျူတာဖွင့်လျက် ဟိုလုပ်ဒီလုပ် လုပ်ပြီးနောက် ကိုကို ပြန်အိပ်ပျော်သွားလို့ တစ်နေကုန် သော်တစ်ယောက် စာအုပ်တစ်အုပ်နဲ့ ပျင်းရိပျင်းတွဲ သက်တောင့်သက်သာရှိနေတာတွေ။ မိုးကလည်း တစ်နေကုန် တဖျောက်ဖျောက်ရွာလိုက် တိတ်သွားလိုက်နဲ့ ချမ်းစိမ့်လွန်းတာတွေ ကိုကို မှတ်မိသေးလား။

ညနေ ၃ နာရီလောက်မှ မြူခိုးတွေရော မိုးပါ တဖြည်းဖြည်းပါးလာပြီး နေကလေး ပြန်ပွင့်လာတော့ ဗိုက်ဆာလာတဲ့ သော်က ကိုကို့ကို နှိုးပြီး အကြော်သွားစားကြဖို့ အဖော်စပ်ရသေး၏။ ရှမ်းကောက်ညင်းပေါင်း စေးစေးနဲ့ အကြော်စုံ ပူပူလေး စားကြတော့ ကိုကို ငှဲ့ထည့်ပေးတဲ့ ရေနွေးခွက်ကို တိုက်ချမိလို့ ပေါင်ပေါ်ရေနွေးပူတွေ ကျပြီး သော် အဆူခံရသေးတာ ခု ပြန်တွေးမိရင် ရယ်ချင်လာမိသည်။ အရာရာ နမော်နမဲ့နိုင်တတ်လွန်းသည့် သော်နဲ့ဆိုတော့ နဂိုကတည်းက မျက်မှောင်ကုတ်တတ်သည့် ကိုကို့ခမျာ ဘယ်တော့မှ မျက်မှောင်တွန့်ချိုး ဖြေချိန်မရဘဲ ရှိရတတ်တာ။ သော် ပေါက်ကရပြောတိုင်း “ပေါတောတောနဲ့ကွာ”လို့ဆိုပြီး ဟက်ဟက်ပက်ပက် ရယ်မောတတ်တာတွေ သော်ကတော့ သတိရမြဲပါလေ။

အကြော်ဆိုင်က ထွက်တော့ အိမ်ဘက်ကို တန်းမပြန်ဘဲ တောင်ပေါ်တက်သည့် လမ်းကလေးဘက်ကို လမ်းလျှောက်ထွက်ကြရင်း ကိုကိုက သော့်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လို့ လက်ဖျားအေးအေးတွေကို နွေးစေခဲ့တာ။ မိုးတိတ်ခါစ ထွက်တဲ့နေမို့ စူးစူးတောက်တောက်လင်းနေပေမယ့် မပူဘဲ မြင်သမျှအရာတိုင်းကို လှပနေသည်လို့ ထင်စေခဲ့ရာ အထူးသဖြင့်တော့ နေကြာပန်းရိုင်းတွေ အများကြီးပွင့်နေသည့် တောင်တက်လမ်းကလေးက အလှပဆုံးပဲပေါ့။ ပန်းတွေကြားက အုတ်ခုံကလေးမှာ ၂ ယောက်အတူတူထိုင်ရင်း ရောက်တတ်ရာရာ စကားတွေပြောနေခဲ့တုန်းက ဒီအချိန်ကလေးကို ထာဝရ စိတ်ထဲမှာ မှတ်မိနေတော့မှာပဲလို့ သော်ထင်ခဲ့တာ မမှားခဲ့ပါဘူး။ တကယ်လည်း အဲ့ဒီအချိန်တုန်းက ကိုကို့ရယ်သံ ခပ်တိုးတိုးကိုရော၊ ခပ်ဖြည်းဖြည်းပြောပြနေခဲ့သည့် ကိုကို့ စိတ်ကူးအိပ်မက်နဲ့ အနာဂတ် ရည်မှန်းချက်တွေကိုရော၊ နေကြာပန်းကလေး ခူးပြီး ကိုကိုက ပန်ပေးတော့ နားရွက်နားက ဆံပင်တွေကို ကိုကို့ လက်နဲ့သပ်ဖယ်လိုက်ချိန်မှာ နွေးခနဲ ကြည်နူးခံစားရသည့် လှိုက်ခတ်မှု သေးသေးကလေးက အစ သော် ယခုတိုင် မှတ်မိနေဆဲပါ။ သော်က အစွဲအလန်းကြီးလွန်းသူများလား။



တောင်စောင်းကနေ နေတဖြည်းဖြည်းကျသွားတာကို ထိုင်ကြည့်နေကြရင်း ချမ်းစိမ့်လာတော့ ကိုကိုက သော့်ကို ဖက်ပြီး ကိုကို့ဂျာကင်အကျီအောက်ထဲမှာ နေစေခဲ့သည်။ ကိုကို့ကို ဖက်ထားရင်း နွေးနွေးထွေးထွေး နေသားတကျရှိရင်း ကိုကို့ နှလုံးခုန်ရာရင်ဘတ်ကို မျက်နှာအပ်လျက် ငြိမ်သက်စွာ နေဝင်ချိန်ကို ကြည့်ရသည့် အခိုက်အတန့်ကို ပြန်တွေးမိလေတိုင်း စိတ်ချမ်းသာ ကြည်နူးရသည်ကို ကိုကို့ကို ပြောပြဖူးသေးလား။ အတူရှိကြရမည့် နောက်ဆုံး ခရီးဆိုသည့် အသိဖြင့် ရသမျှ အမှတ်တရတိုင်း အချိန်တိုင်းကို စိတ်နှလုံးမှာ အမှတ်သညာကြီးစွာ သိမ်းဆည်းထားခဲ့လေတော့ အထီးကျန်အားငယ်ရသော တစ်ယောက်ထဲ ညတွေတိုင်းမှာ ထိုအခိုက်အတန့်များနှင့် ထိုနွေးထွေးမှုများကြောင့် ပြန်လည်အားပြည့်ကာ ကောင်းစွာအိပ်စက်နိုင်ရခြင်းအတွက် ကိုကို့ကို အမြဲထာဝရ ကျေးဇူးတင်ရပါသည်။

နေလုံးကြီး ပျောက်ခါနီးမှာ နှမျောတသစိတ်နှင့် ယခုလို အတူ ကြည်နူးဆိတ်ငြိမ်ရသည့် အချိန်တွေ ကုန်ဆုံးသွားမှာ စိုးရွံ့ စိတ်ကြောင့် သက်ပြင်းမောမောကို ခပ်တိုးတိုးချမိတော့ ကိုကိုက သော့်စိတ်ကို နားလည်နေကြအတိုင်း အားပေးသည့်အနေဖြင့် ခပ်တင်းတင်းတစ်ချက်ဖက်ကာ နဖူးကို မွှေးနမ်းခဲ့တာ။ ကိုကိုဟာ သော့်ထက်ပိုပြီးတော့ကို သော့်စိတ်ကို နားလည်သူပဲ။ ဒါကြောင့်လည်း ကိုကို့ရည်မှန်းချက် အိပ်မက်တွေနောက် လိုက်နိုင်ဖို့ သော့်ကို ထားခဲ့ရတော့မယ်ဆိုလာချိန်မှာ သော်ဟာ တားမြစ်မယ့်သူမဟုတ်၊ ရန်ထောင်မယ့်သူမဟုတ်၊ နာကျည်းမယ့်သူမဟုတ်၊ ယုတ်စွအဆုံး ငိုယိုလွမ်းဆွေးပြမယ့်သူတောင်မဟုတ်ဘဲ နဂိုရှိမြဲနေရာမှာတင် သိပ်လှပသော အမှတ်တရများကို အဖော်ပြုရင်း ခပ်ပြုံးပြုံး ငြိမ်သက်ရပ်ကျန်ခဲ့မယ့်သူဆိုတာ သိနေခဲ့တာပေါ့နော်။

အခုတော့ တောင်ပေါ်မြို့ကလေးကို လာလည်ခဲ့တာ သော်တစ်ယောက်ထဲ။ ကိုကို့လက်ကို တွဲရင်း ကိုကို့ပုခုံးပေါ် ခေါင်းငဲ့မှီလို့ သော် လမ်းလျှောက်ခဲ့သည့် လမ်းကလေးသည် နေကြာရိုင်းပင်များနဲ့ ပြည့်နှက် လှပနေဆဲ။ ဟိုတခါလို မိုးမရွာတော့လို့ မြူခိုးတောင်ခိုးများ မရှိဘဲ အအေးလည်း ပေ့ါနေပေမယ့် လေကတော့ တသုန်သုန်တိုက်ခတ်နေတာမို့ နေကြာပင်များ ဟိုဘက်သည်ဘက် ယိမ်းနွဲ့နေကြကာ သော် တစ်ယောက်ထဲ ငြိမ်သက်စွာ ထိုင်နေသည်ကို ပိုမိုသိသာနေစေတော့၏။ လေတိုးနေရာ ကျောပြင်မှာ စိမ့်နေအောင် အေးစက်လာလည်း နွေးအောင်လုပ်ပေးမယ့် ကိုကို မရှိတော့ဘူး။ သော်သည် လွမ်းဆွတ်စိတ်ဖြင့် မျက်ရည်တွေတွေကျလျက် နေဝင်သည်ကို စောင့်ကြည့်နေသည်။

ကိုကိုကတော့ တစိမ်းတို့၏ မြို့ပြတစ်နေရာမှာ စိတ်မအားလူမအား ခပ်သွက်သွက်လမ်းလျှောက်လျက် အိပ်မက်တို့ကို ဖမ်းဆုပ်မိနေလေပြီလား။
..
NangNyi
7 Nov 2019

No comments:

your comment please

Powered by Blogger.