ကိုယ်ဝန်ဆောင်မေမေတို့အတွက် (၂၁ ပတ်)

ကိုယ့်အတွက်ကိုယ် ကိုယ်ဝန်ဆောင်ကာလတွေမှာ သိသင့်သိထိုက်တာတွေကို လိုက်ရှာဖွေဖတ်ရင်းနဲ့ မြန်မာလိုရေးသမျှ ဆောင်းပါးတွေမှာ မပါတတ်တဲ့ တချို့အချက်တွေကိုပါ ဖတ်မိပါတယ်.. မြန်မာရှေးရိုးအယူအဆ အမှားတွေတို့၊ ဟိုလူပြော ဒီလူပြောနဲ့ အမှတ်မှားနေတာတွေတို့ကို သေချာဖြေရှင်းပြထားတဲ့ အချက်တွေရော အခြားအသုံးဝင်တဲ့အချက်တွေပါ ဖတ်မိတော့ ကိုယ်သိသမျှ ပြန်မျှဝေဖို့ စိတ်ကူးရပြီး ဒါလေးကိုရေးဖြစ်တယ်.. ခုမှသတိရပြီး ထရေးတော့ ကိုယ့် ကိုယ်ဝန်ရဲ့ အချိန်အတိုင်း ၂၁ ပတ်ကနေ စပြီး တင်ဖြစ်သွားတာပေါ့.. တစ်ပတ်ပြီး တစ်ပတ် တိုးတိုးရေးသွားရင်း.. ၂၀ ပတ် နဲ့ ရှေ့ပိုင်းတွေကိုလည်း ပြန်ပြီး တင်ပေးသွားပါမယ်..

အများစုကတော့ babycenter.co.uk ကနေ ဖတ်ထားတာတွေပါ.. သတိမိဖို့က တကယ့်ဆေးပညာအရ ကိုယ်ဝန်ကာလတွေတွက်ရင် လနဲ့ မဟုတ်ဘဲ ရက်သတ္တပတ်တွေနဲ့ တွက်ပါတယ်..

မေမေလောင်းလျာများအတွက် အသုံးတည့်သော post လေးတွေ ဖြစ်ပါစေ.. =)
-----------------

ကိုယ်ဝန် ၂၁ ပတ်




ကလေးလေးရဲ့ ကြီးထွားမှု
ဒီအချိန်မှာ ကလေးလေးရဲ့ မျက်ခွံတွေ မျက်သားတွေ အပြည့်အစုံဖြစ်နေပြီးတော့ လက်သည်းလေးတွေလည်း လက်ထိပ်မှာ ဖုံးနေပါပြီ.. ကလေးလေး လှုပ်တာကို စခံစားမိပြီးပြီဆိုရင် နောက်ရက်တွေအတွင်းမှာ တခြားလှုပ်ရှားမှုတွေ ပိုပြီးရှိလာတော့မှာ.. ကလေးလေးကို ပိုပြီး နားလည်လာတာနဲ့အမျှ သူဘယ်အချိန်မှာ ဘာတွေ လုပ်တယ်ဆိုတာမျိုးကို ပိုပြီး သိလာတော့မှာပေါ့..

၂၁ ပတ်ရဲ့ ကိုယ်ဝန်ဆောင်လက္ခဏာများ
ကိုယ့်ခန္ဓာကိုယ် ပြောင်းလဲမှုကို ထိန်းညှိဖို့ ကြိုးစားရတော့မှာပါ.. ဒီရက်ပိုင်းအတွင်း နမော်နမဲ့နိုင်လှလေခြင်းလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မစောနဲ့နော်.. ဗိုက်နေရာမှာ အလေးချိန်များလာတာနဲ့အမျှ ကိုယ့်ခန္ဓာကိုယ်ရဲ့ အလေးချိန်ထိန်းညှိမှုဟာ အရင်နဲ့မတူဘဲ ဖြစ်လာပါပြီ.. ခန္ဓာကိုယ်အလေးချိန်လည်းတက်လာ ခန္ဓာကိုယ်ရဲ့ အလည်နေရာမှာလည်း အလေးချိန်များလာတော့ ဟန်ချက်ပျက်လာတာပေါ့.. အဲဒီ့ ပြောင်းလဲမှုတွေအပြင် လက်ချောင်းလေးတွေ၊ ခြေချောင်းလေးတွေ၊ တခြား အရိုးအဆက်တွေပါ လျော့ရဲလာတတ်တယ်.. ကိုယ်ဝန်ဆောင်ချိန် ဟိုမုန်းအပြောင်းအလဲတွေကိုသာ အပြစ်ပုံချပေတော့..

ဘယ်အချိန်မှာ ဗိုက်ဘယ်လောက်ထွက်ရမယ်ဆိုတဲ့ ဖော်မြူလာအတိအကျတော့မရှိပါဘူး.. ဒီတော့ ဒီအချိန်မှာ ငါ့ဗိုက်က ပူလိုက်တာ.. ငါ့ဗိုက်ကဖြင့် ပြားတုန်းပါလား.. စသဖြင့် တခြားလူနဲ့ ယှဉ်တွေးပြီး စိတ်ပူမနေပါနဲ့.. မေမေတို့ရဲ့ အိုဂျီ (လက်သည်)တွေက ၂၄ ပတ်မတိုင်ခင် ဗိုက်အတိုင်းအတာကို ထည့်မတွက်ကြပါဘူး.. ဒါပေမယ့် စိတ်ပူနေတာမျိုး မူမမှန်တာမျိုးရှိရင်တော့ဖြင့် ကိုယ့်အိုဂျီကို တိုင်ပင်ပါနော်.. ဒါမှ အိုဂျီက စိတ်ချရတဲ့အနေအထားဖြစ်တယ် ဆိုတာကို သေချာရှင်းပြပေးနိုင်မှာပါ..

ဘဝရဲ့ အပြောင်းအလဲတွေ 
ဒီအချိန်မှာတော့ ကိုယ့်ဗိုက် အခြေအနေအတွက် စကန်လုပ်ကြည့်သင့်တဲ့အချိန်ပါပဲတဲ့ (ultrasound ရိုက်တာကိုပြောချင်တာပါ).. တချို့ မေမေတွေမှာ အချင်းက သိပ်အောက်ကျနေတာမျိုး သိပ်အပေါ်တက်နေတာမျိုး ဒါမှမဟုတ် သားအိမ်အဝမှာ သိပ်ကပ်နေတာမျိုးတွေ ရှိတတ်ပါတယ်.. ခုနေမှာ သိရရင် အချင်းအနေအထားကို ပြောင်းအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်.. ဒါပေမယ့် အိုဂျီနဲ့ တစ်လတစ်ခါ မှန်မှန်ပြနေသူများအဖို့ကတော့ အရမ်းလည်း စိတ်မပူပါနဲ့.. အထဲမှာ အနေအထားကောင်းနေသရွေ့ အိုဂျီက Ultrasound ရိုက်ဖို့ မပြောတတ်ပါဘူး.. ဘယ်လိုပဲ ပြောပြော မေမေတို့ရဲ့ တတိယကိုယ်ဝန်အပိုင်းအခြားမှာ နောက်ထပ်တစ်ခါ သေချာအောင် ultrasound ရိုက်ကြည့်ရဦးမှာပါပဲ..

သိသင့်သည်များ
- ယောက်ျားလေးလား မိန်းကလေးလား သိပ်သိချင်နေပြီလား.. တစ်ခါတလေမှာ ultrasound ရိုက်ပေမယ့် မသေမချာဖြစ်နေတာမျိုးတွေလည်း ရှိတတ်ပါတယ်.. စိတ်အေးအေးသာထားပါ.. ဘာလေးဖြစ်ဖြစ် ကိုယ့်ကလေးပဲ မဟုတ်လား.. ယုံတတ်တယ်ဆိုရင်တော့ online မှာ ကျားလား မလား စစ်လို့ ရတဲ့ အမေးအဖြေလေးတွေ ရှိတတ်ပါတယ်..
- ဒီအချိန်မှာ မေမေ နေကောင်းနေဖို့ အရေးကြီးတာကြောင့် အစားလည်း စုံစုံလင်လင် များများစား.. ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ပေးဖို့ လိုပါတယ်.. ရုံးစားပွဲမှာ ထိုင်ပြီး အလုပ်လုပ်ရတဲ့ မေမေများအဖို့ လမ်း ထထ လျှောက်ပေးဖို့ မမေ့နေပါနဲ့.. ဒါပေမယ့် သတိထားဦးနော်.. တရားလွန် ကိုယ်လက်လှုပ်ရှားတာမျိုးကျတော့လည်း မကောင်းပြန်ပါဘူး..
- ကိုယ့်ခန္ဓာကိုယ်မှာ နားကပ်တို့ နှာခေါင်းမှာတပ်တဲ့ အလှဆင်ပစ္စည်းတို့လို့ body piercing တွေရှိရင် ဖြုတ်ထားသင့်တဲ့အချိန်ပါပဲ.. ခန္ဓာကိုယ် သွေးသားရော ပုံသဏ္ဍာန်ရော ပြောင်းလဲနေတဲ့ကာလမို့လို့ပါ..
- ဒီအချိန်မှာထူးဆန်းတဲ့ အိပ်မက်တွေ အမျိုးမျိုးမက်တတ်ပါတယ်.. စိတ်မပူပါနဲ့.. အရမ်းလည်း အတိတ်နိမိတ်တွေ ကောက်မနေပါနဲ့.. ကိုယ့်မှာ သွေးသားပြောင်းလဲမှုများတဲ့ အချိန်ဖြစ်နေတာရယ်.. စိတ်ကလည်း ကလေးဆီရောက်လိုက် ခန္ဓာကိုယ်ပုံသဏ္ဍာန်ပြောင်းနေတာကိုရောက်လိုက်.. ကိုယ့်အိမ်သားအပေါ်စိတ်ရောက်လိုက် ဖြစ်နေတော့ ဂယောက်ဂယက်အိပ်မက်တွေ မက်ပြီပေါ့.. မက်သမျှတွေကို ကိုယ့်အနားမှာရှိတဲ့ ရင်းနှီးတဲ့လူတွေကို ပေါ့ပေါ့ပါးပါးပြောပြလိုက်ပါ (အစွဲလန်းကြီးတဲ့လူတွေကိုတော့ မပြောမိစေနဲ့ဦး.. သူတို့ အလန့်တကြား အတိတ်ကောက်တာနဲ့ပဲ ကိုယ့်မှာပိုပြီး စိတ်ပူနေရမယ်လေ)

မေမေတို့အတွက် လှည့်ကွက်ကလေးတွေ
ခြေထောက်သွေးကျပြီး ဖောင်းဖောင်းကြီး ယောင်ကိုင်းနေတတ်တဲ့ မေမေတို့အတွက်ကတော့ ရေခဲရေလောင်းထားတဲ့ ဒါမှမဟုတ် ရေခဲကပ်ထားတဲ့ အဝတ်ကို ခြေထောက်မှာ ခဏပတ်ထားပြီးမှ ကိုယ့်ခြေထောက်ကို ပြန်ပြီး မ တင်တာမျိုးလုပ်ပါ.. ခြေတွဲလောင်းချထိုင်တာကြာရင် ခြေထောက်သွေးကျတတ်တယ်.. အဲ့ဒီအချိန်မှာ ချက်ချင်းကြီး ခြေထောက်ကို တစ်တန်းထဲ မတင်တာမျိုးလုပ်မိရင် အခန့်မသင့်တဲ့အခါ ကြွက်တတ်မှာ စိုးလို့ပါ..

-------------------
ကိုယ်ဝန်ဆောင်မေမေတို့အတွက် ၂၂-၂၃ ပတ်

2 comments:

  1. ညီမရေ ဆက်ရေးပေးပါနော် အမလည်း အခု ကိုယ်ဝန် 19ပတ်ထဲမှာမို့ ဗဟုသုတရစေပါတယ် ကျေးဇူးပါ

    ReplyDelete
  2. မေးကြည့်ချင်လို့ပါ သုတ်ပေနေတဲ့လက် မိန်းမကိုယ်ထဲရောက်ရင် ဘာဖြစ်နိုင်မလဲ ကျေးဇူးပြူပြီးဖြေပေးပါ

    ReplyDelete

your comment please

Powered by Blogger.