စွဲလန်းခြင်းပုံပြင်

အချစ်အကြောင်းကို စပြောမည်ဆိုလျှင် ဘယ်ကစပြောရမည်လဲမသိ.. အချစ်ကို ဘယ်မှာစပြီး မြင်ဖူးသည်ကို ပြောရမလား သို့မဟုတ် ဘယ်မှာစပြီး သိပ်ချစ်သွားကြောင်းကို တခမ်းတနား ဖွဲ့နွဲ့ရလေမလား.. ဒါမှမဟုတ်လည်း အချစ်ရဲ့ အမူအကျင့်များနှင့် စိတ်နေစိတ်ထားများကို ပြောရမည်လား.. တကယ်တော့လည်း အချစ်အကြောင်းကို ရေရေရာရာ များများစားစားမသိလှချေ.. အချစ်က လျှို့ဝှက်တတ်သူ၊ မိမိအကြောင်းများကို လူအများကို ပြောပြမျှဝေရမှာကို မကြိုက်တတ်သူဖြစ်ချေ၏..

အချစ်ကို စမြင်ဖူးတုန်းက သူက အထက်တန်းကျောင်းသားဖြစ်ပြီး ကံဆိုးမှုများစွာ ဘဝမှာ ကြုံတွေ့နေရသော ခက်ခဲကြမ်းတမ်းသော မိဘကံမကောင်းသော်လည်း ထူးချွန်ထက်မြက်သည့် ကောင်လေးဖြစ်သည်.. ဒါပေမယ့် ထိုအချိန်တုန်းကတော့ သတိထားမိရုံသာရှိပြီး မှတ်မှတ်ထင်ထင် စွဲလန်းခြင်းမျိုး မရှိသေးဘဲ နောက်တစ်ခေါက် CIA အရာရှိအဖြစ် မြင်တွေ့ရချိန်ကျမှ အရူးအမူး သတိထားမိခဲ့ရ၏.. ထိုအချိန်များက ချည်သားခပ်ကြမ်းကြမ်း ဗြောင်ရှပ်အင်္ကျီများကို လက်တစ်ဝက်အထိ ကပိုကယိုခေါက်တင်ရင်း ဝတ်လေတော့ ရှည်သွယ်ကျစ်လျစ်သော သူ့ခန္ဓာကိုယ်က ပိုပြီးပေါ်လွင်လာကာ ထိုဝတ်ဆင်ပုံမျိုးကို ကြိုက်နှစ်သက်သည့် ကိုယ့်အတွက် သဘောကျစရာတစ်ချက်တိုးရပြန်သည်..

နောက်တော့ ထပ်ပြီး ဂျစ်တီးဂျစ်ကန် မှုန်တေတေ သို့သော်လည်း တဇွတ်ထိုးနိုင်ကာ ရဲရင့်သည့် စစ်သားလေးတစ်ဦးအဖြစ် မြင်ရပြန်ပြီး ထိုအချိန်မှာတော့ သူ့ကို မြင်နိုင်သမျှ များများမြင်ချင်သည့် ကိုယ်က သူပါဝင်သည့် ရုပ်ရှင်ကားများကို စတင်စုဆောင်းရတော့သည်.. ပြီးတော့ သူ့အကြောင်းသတင်းများ အင်တာဗျူးဗီဒီယိုများကို အကုန်ရှာဖွေမွှေနှောက် ကြည့်ဖြစ်ခဲ့၏.. အချစ်က ငယ်စဉ်ဘဝကတည်းက ကမ်းခြေဘေးမှာ ကြီးပြင်းရသည်မို့ ရေပြင်လျှောစီးအားကစားကို သဘောကျ ကြိုက်နှစ်သက်သည်တဲ့.. ဒါကြောင့်လည်း extreme sport ခေါ်သည့် စွန့်စားအားကစားနည်းများအကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင်မှာ အင်မတန်ပီပြင်လှပြီး ဇာတ်ကောင်စရိုက်နဲ့လည်း တော်တော်ထပ်တူကျတာကို တွေ့ရသည်.. သူ့ကို ဟောလီးဝုဒ်၏ အကြံ့ခိုင်ဆုံးမင်းသားများ စာရင်းထဲမှာလည်း တွေ့နိုင်သေးသည်.. ဘယ်လောက် ဂုဏ်ယူစရာကောင်းတဲ့ အချစ်ပါလဲ..

အချစ်ကို ဘာချစ်တာလဲဟု မေးရင် ဖြေဖို့ခက်သည်.. လက်ချောင်းရှည်ရှည်သွယ်သွယ်များ၊ ပြုံးလိုက်တိုင်းပေါ်လာသည့် ပါးချိုင့်ကလေး၊ မှုန်တေတေစူးစူးစိုက်စိုက်ကြည့်တတ်သော မျက်ဝန်းများ၊ ဒါတွေအပြင် မိသားစုကို သိပ်ချစ်တတ် တန်ဖိုးထားတတ်တာတွေရော သဘောကျမိသည်.. ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နေချင်သူပီပီ လူမှုကွန်ယက်များပေါ်တွင် သူ့ account များက active မဖြစ်လှချေ.. “ကျွန်တော်က ကိုယ့်အကြောင်း သူများတွေကို ပြောပြရမှာ မကြိုက်ဘူးဗျ.. အင်တာဗျူးဖြေရတာတွေဘာတွေကတော့ ရုပ်ရှင်အကြောင်း ဇာတ်ကောင်စရိုက်အကြောင်းနဲ့ ကြိုးစားရတာတွေ ပြောပြရတာမို့ အဆင်ပြေပါတယ်.. ဒါပေမယ့် ကျွန်တော်နေ့တိုင်း ဘာတွေလုပ်တယ် ဘယ်တွေသွားပြီး ဘယ်သူနဲ့တွေ့တယ်ဆိုတာတွေကျတော့ မပြောပြချင်ဘူး.. ကျွန်တော့်လွတ်လပ်ခွင့်ကို ချိုးဖောက်သလို ခံစားရတယ်.. ပြီးတော့ ကျွန်တော်က နည်းပညာနဲ့ တော်တော်အလှမ်းဝေးတယ်ဗျ.. ကျွန်တော်ကြောက်တယ်” လို့ ပြောဖူးသည်.. အင်တာနက်ပေါ် တစ်ခုခု တင်ပြီးသွားပြီဆိုတာနဲ့ ဒါဟာ ဘယ်တော့မှ မပျောက်ပျက်တော့မယ့် ထာဝရ သမိုင်းတွင်မယ့်အချက်အလက်များ ဖြစ်သွားပြီဟု အချစ်က ခံယူထားသူဖြစ်သည်.. အချစ်က သဘောကျဖို့ ကောင်းလှပါသည်..

အချစ်က စကားပြောအလွန်မြန်လေတော့ သူနဲ့တစ်နေ့မှာ လူချင်းတွေ့နိုင်ဖို့ ရည်မှန်းထားသည့် ကိုယ့်မှာ တွေ့ခဲ့ကြလျှင် သူပြောတာတွေ နားလည်ဖို့များ ခက်နေမည်လားဟု စိုးရိမ်ရပြန်သည်.. ရယ်လျှင် အားရပါးရရယ်လေ့ရှိပြီး စကားကို စိတ်ဝင်စားအောင်လည်း ပြောတတ်၏.. dad’s jokes တွေ အများကြီးကို အဖေ့ဆီက ကြားဖူးထားပြီး တစ်နေ့မှာ သူ့ကလေးတွေကို ပြန်ပြီး ကျီစယ်နောက်ပြောင်ဖို့ ကဏ္ဍအလိုက်တွေတောင် ခွဲပြီး မှတ်ထားဦးမည်ဆိုသေး၏.. ပြီးတော့ အချစ်က ပင့်ကူကြောက်တတ်သည်.. အိမ်ခြံဝင်း နောက်ဖက်မြေကွက်လပ်မှာ သူငယ်ချင်းတချို့နဲ့ မိသားစုနဲ့ အကင်ကင်ရင်း ဘီယာသောက်ရင်း စကားစမြည်ပြောရတာကို နှစ်သက်သည်ဆိုခြင်းကတော့ ကိုယ်နဲ့တူလှချည်ရဲ့လို့ ပီတိဖြာရသေး၏..

ညတိုင်း သူပါသော ရုပ်ရှင်ကားများ သို့မဟုတ် အင်တာဗျူး ဗီဒီယိုများကို ထပ်ခါထပ်ခါပြန်ကြည့်ရင်း အနည်းဆုံးတော့ အသံကိုကြားလိုက်ရမှ အိပ်ပျော်ခြင်းသို့ ဆိုက်ရောက်နေသော.. အချစ်က brand ambassador အဖြစ် ကိုယ်စားပြုသော ralph lauren တံဆိပ် ရေမွှေးကို ဝယ်ယူပြီး ကိုယ်မှာဆွတ်ကာ "သူ့ ကိုယ်သင်းရနံ့ကတော့ ဒီလိုရှိလိမ့်မယ်"ဟု တမ်းတစိတ်ကူးယဉ်တတ်သည့် ကိုယ့်ကို ဘယ်သူများက ကယ်နိုင်ပါ့မလဲ.. ရူးသည်ဆိုကြပါစေ ကိုယ့်အချစ်အပေါ်ထားသည့် စွဲလန်းမှုကတော့ အမှန်အကန်ရယ်ပါ..

No comments:

your comment please

Powered by Blogger.