ကလေးတွေကို ကာကွယ်နိုင်ဖို့ မိဘများ လုပ်သင့်တဲ့ အချက် (၁၀) ချက်

၁) ကလေးနာမည်တွေ မတပ်ထားပါနဲ့
ကျောပိုးအိတ် ထမင်းဗူးအိတ် ထီး စတာတွေမှာ ကလေးနာမည်ပါတဲ့ ကတ်ပြားလေးတွေ ချိတ်ပေးထားတာမျိုး မိဘတွေ လုပ်လေ့ရှိပါတယ်.. ကျောင်းတွေမှာ အရောရောအနှောနှောနဲ့ ပစ္စည်းမပျောက်အောင် ခွဲခြားနိုင်အောင်လို့လေ.. ဒါပေမယ့် အဲလိုလုပ်လိုက်ခြင်းအားဖြင့် သူစိမ်းတွေကလည်း ကိုယ့်ကလေးနာမည်ကို သိသွားပါတယ်.. ကလေးနားကို ကပ်ပြီး "သားလေးက သူရ မဟုတ်လား သမီးလေးက နွယ်နီ မဟုတ်လား"လို့ ပြောလာရင် ကလေးကလည်း သူ့နာမည်ကို သိနေတဲ့လူတစ်ယောက်အဖြစ် ယုံကြည်မှုအတိုင်းအတာတစ်ခုဖြစ်သွားနိုင်ပါတယ်.. (ကျောပိုးအိတ်ကောက်ရခဲ့ရင် ဒီနံပါတ်ကို ဆက်ပေးပါ) ဆိုပြီး လူကြီးတစ်ဦးရဲ့ ဖုန်းနံပါတ်ကိုသာ ရေးထည့်ပေးထားလိုက်ပါ..

၂) password ထားပါ
မိဘနဲ့ သားသမီးကြားမှာ အချင်းချင်းပဲ သိနိုင်တဲ့ အမှတ်အသား ကုတ်တွေ ထားပါ.. ကလေးတစ်စုံတခု အန္တရာယ်ဖြစ်နေတာမျိုး တစိမ်းတစ်ဦးက ဖမ်းချုပ်ထားတာမျိုးဆိုရင် ကိုယ်နဲ့အဆက်အသွယ်ရချိန်မှာ ဘေးနားမှာရှိတဲ့ တစိမ်းမသိအောင် ပြောနိုင်မယ့် စကားဝှက်တွေကို ကြိုပြီး ထားသင့်ပါတယ်.. (ဥပမာ- ငါးကန် ရေဖြည့်ခဲ့တာ လျှံကုန်တယ်)ဆိုတာမျိုး.. ကလေးက အဲ့လိုပြောတာနဲ့ ကိုယ်ကတန်းပြီး သိသွားနိုင်မယ့် စကားဝှက်တွေ တီထွင်ထားသင့်ပါတယ်.. ပြီးတော့ တစိမ်းတယောက်ယောက်က ကလေးကို ကျောင်းလာကြိုတယ် "ဖေဖေ မေမေက ကြိုခိုင်းလိုက်တာ"လို့ ပြောလာရင် ကလေးက တကယ်ပဲ ကိုယ့်အဖေအမေက ခိုင်းလိုက်တာ ဟုတ်မဟုတ် "ဒါဆို မေမေ့နာမည်က ဘာလဲ ဖေဖေ့နာမည်ကဘာလဲ ပြီးတော့ password က ဘာလဲ"လို့ ပြန်လှန်စစ်ဆေး အတည်ပြုနိုင်မယ့် စကားဝှက်ကို ထားသင့်ပါတယ်.. (ဥပမာ- မွှေးပွပန်းသီး) ဆိုတာမျိုးပေါ့.. ကိုယ်က တကယ်ပဲ တယောက်ယောက်ကို ကြိုခိုင်းချင်တယ်ဆိုလည်း စကားဝှက်ကိုပြောလိုက်လို့ ရတာပေါ့.. ဒါမှမဟုတ် "မေမေ့ကို ခု ဖုန်းဆက်ပေး" ဆိုပြီး အတည်ပြုခိုင်းတာမျိုးဖြစ်ဖြစ် ကလေးကို သင်ထားသင့်ပါတယ်..

၃) ဆန့်ကျင်ဘက်
ကလေးတစ်ယောက်ထဲ သွားလာနေတုန်း ကားတစ်စီးစီးက ကပ်လာတယ် အရှိန်နှေးပြီး အထဲကနေ ကလေးမသိတဲ့ တစ်ယောက်ယောက်က စကားပြောလာတယ်ဆိုရင် ကလေးကို ကားသွားနေတဲ့ဘက်နဲ့ ဆန့်ကျင်ဘက်ကို ထွက်ပြေးဖို့ အကူအညီတောင်းဖို့ သင်ထားပါ..

) နည်းပညာ
ခုခေတ်မှာ GPS နည်းပညာတွေ တိုးတက်လာတာ အားသာချက်ပဲ မဟုတ်လား.. ကလေးတွေကို လက်ပတ်နာရီလိုမျိုး ပတ်ပေးထားပြီး GPS ရော အရေးပေါ် အချက်ပေးခလုတ်ပါ ပါဝင်တဲ့ device တွေ ပေါ်နေပါပြီ.. အောက်က လင့်တွေမှာ ရှာပြီး ဝယ်လို့ရပါတယ်.. ကလေး ဂိမ်းဆော့ဖို့ ဂိမ်းစက်တွေ အိုင်ပက်တွေတောင် ဝယ်ပေးမယ်စိတ်ကူးရင် ဒီလို လက်ပတ်မျိုးလေးတွေကို ပိုပြီး ဦးစားပေး ဝယ်ထားသင့်တာပေါ့.. နန်းညီလိုက်ရှာဖတ်ကြည့်သလောက် KOREX Waterproof Babysitter တို့ hereO GPS Watch for Kids တို့က အဆင်ပြေမယ်ထင်တယ်.. ဒီလင့်ကဟာလေးလည်း မဆိုးဘူး ထင်ရတာပဲ..
http://www.mypreciouskid.com/my-buddy-tag-child-safety-loca…

၅) အော်ဖို့ပြော
ကလေးကို မှာထားရမှာ နောက်တစ်ခုက တစ်ယောက်ယောက်ကများ အတင်းအကျပ် ဆွဲခေါ်သွားတယ် ဖမ်းချုပ်သွားတယ်ဆိုရင် အော်ဟစ်အကူအညီတောင်းဖို့ပါ.. ဘယ်သူမှမရှိတုန်း အော်ဟစ်ရုန်းကန်တာမျိုးမလုပ်ဘဲ လူတစ်ဦးဦးတွေ့ရင် ရဲတွေ့ရင် လူထူထူကြားရောက်ရင် "ဒီလူကိုမသိဘူး အတင်းခေါ်လာတာ ဒီလူကိုမသိဘူး"ဆိုတာမျိုး အော်ဟစ်အကူအညီတောင်းဖို့ သေချာမှာထားပါ..

၆) တစ်ယောက်ထဲ ဓာတ်လှေခါးမစီးရန်
ကိုယ့်မိဘဖိုးဖွား မပါဘဲ တစ်ယောက်ထဲ ဓာတ်လှေခါးမစီးဖို့ ဒါမှမဟုတ် တခြားတစိမ်းနဲ့ ဓာတ်လှေခါးမစီးဖို့ သတိထားခိုင်းပါ.. စီးမိရင်လည်း အထပ်တိုင်းက ခလုတ်တွေကို နှိပ်ထားဖို့ သင်ပေးထားလိုက်ပါ.. အထပ်တိုင်းမှာ တံခါးပွင့်နေတဲ့အခါ ဘေးကလူက ရန်ပြုချင်ရင်တောင် သိပ်မလွယ်ကူတော့ပါဘူး..

၇) အိမ်မှာတစ်ယောက်ထဲ
အကြောင်းတစ်စုံတစ်ခုကြောင့် အိမ်မှာ ကလေးတစ်ယောက်ထဲ ကျန်ခဲ့ရရင် အိမ်မှာ လူကြီးမရှိဘူးဆိုတာကို အပြင်ကလူကို မပြောဖို့ သင်ပေးထားပါ.. (ရေပိုက်လာပြင်တာပါ ရေသန့်လာပို့တာပါ) စသဖြင့် ပြောလာတဲ့လူတွေကိုတောင် တံခါးမဖွင့်ပေးဖို့ တံခါး ဟ မကြည့်ဖို့ သေချာပြောထားပါ.. (မေမေ့သူငယ်ချင်းပါ ဖေဖေ့သူငယ်ချင်းပါ)လို့ ပြောလာရင်လည်း (မေမေ ဖေဖေမရှိဘူး)လို့ ပြောမယ့်အစား "ခဏလေးစောင့်ပါ"လို့ သေချာယဉ်ယဉ်ကျေးကျေးပြောပြီး အမေ အဖေဆီ ဖုန်းဆက်ခိုင်းပြီး အတည်ပြုခိုင်းလို့ရပါတယ်.. မိဘတွေက ကလေးတစ်ယောက်ထဲ ဖြစ်နေလို့ အိမ်မှာအတူစောင့်နေပေးဖို့ လွှတ်လိုက်တာပါလို့ ပြောလာရင်လည်း အပေါ်ကပြောသလိုပဲ password ကိုသုံးပြီး အတည်ပြုလို့ ရတာပါပဲ..

၈) အွန်လိုင်း
ကလေးတွေလည်း ခုခေတ်မှာ အွန်လိုင်းက သူငယ်ချင်းတွေ ရှိလာပါပြီ.. တဖက်လူ ပြောသမျှယုံပြီး အပြင်မှာ တစ်ယောက်ထဲတွေ ချိန်းမတွေ့ဖို့ သေချာမှာထားပါ.. ပြီးတော့ ကလေးတွေ အင်တာနက်သုံးနေရင် ဘာတွေသုံးလဲ ဘာတွေကြည့်နေလဲကို အမြဲ သတိထားစောင့်ကြည့်နေရဖို့က မိဘတွေ တာဝန်ပါ.. (မသုံးရဘူးလို့ ကန့်သတ်လို့မဖြစ်နိုင်တဲ့ အခြေအနေ ခေတ်ကာလဆိုတော့ စောင့်ကြည့်ဖို့ ဂရုစိုက်ဖို့ကိုပဲ အာရုံထားရပါတော့မယ်).. ကလေးတွေသုံးတဲ့ ကွန်ပျူတာက web-cam ကို တိတ်နဲ့ ပိတ်ထားတာမျိုး.. ကလေးတွေရဲ့ browser ကို add-ons ထည့်ပြီး ကန့်သတ်ထားတာမျိုးတွေ ကြိုတင်လုပ်ထားနိုင်ပါသေးတယ်..

၉) ဝေးဝေးနေ
မိသားစုမဟုတ်တဲ့ သူစိမ်းတွေနဲ့ စကားပြောရင် ဘယ်လောက်ခွာပြီး နေရမယ်ဆိုတာမျိုး သင်ပေးထားရပါမယ်.. လှမ်းဆွဲလို့ တခုခု လှမ်းလုပ်လို့ မမီနိုင်တဲ့ လက်တစ်ကမ်းအကွာကို ပြောပြထားပြီး အဲလောက်အကွာကနေ နေရမယ်ဆိုတာမျိုးပြောထားရမယ်.. အရွယ်နဲ့ သင့်တော်တဲ့ လိင်ပညာပေးခြင်းတွေ လုပ်ထားပြီးတော့ သူစိမ်းလူကြီးက ပြုမူတဲ့ ပြောဆိုတဲ့ ကိစ္စ တစ်ခုခုဟာ ကလေးစိတ်ထဲမှာ မသက်မသာဖြစ်လာတယ် မကြိုက်ဘူးဆိုရင် အဲ့ဒီလူအနားကနေ အမြန်ခွာခဲ့ဖို့လည်း မှာထားရပါမယ်..

၁၀) ဟင့်အင်း ငြင်းပါ
မသိတဲ့လူ တစိမ်းတွေက ကျွေးလာ ပေးလာတာတွေကို ငြင်းဖို့ သင်ပေးထားပါ.. "မေမေက မစားရဘူး မှာထားတယ်" "ဖေဖေက မယူရဘူးပြောထားတယ်" စသဖြင့် ယဉ်ကျေးစွာ ငြင်းနိုင်ပါတယ်.. ပြီးတော့ ကလေးတွေဟာ သူတို့ မကြိုက်မနှစ်သက်တဲ့လူအနား မနေချင် မနေလို့ရတဲ့ အခွင့်အရေးရှိပါတယ်.. တစ်ဦးတစ်ယောက်က သူတို့ မနှစ်သက်တာ ပြုလုပ်ရင် သူတို့မှာ ငြင်းပိုင်ခွင့်ရှိတယ်ဆိုတာကို သေချာပြောပြထားရပါမယ်..

brightside.me က ဆောင်းပါးကို မှီငြမ်းပြီး ဆီလျော်အောင် ဘာသာပြန်ရေးထားပါတယ်.. ဒီလိုအချက်တွေနဲ့ ကာကွယ်နိုင်တယ်ဆိုပေမယ့် မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို အမြဲ မျက်ခြေမပြတ်အကဲခတ်နေရမယ်ဆိုတာလည်း မမေ့ကြပါနဲ့နော်.. ကလေးနဲ့အပြင်သွားတဲ့မိဘတွေကလေးကို အာရုံမထားဘဲ အလုပ်ကိစ္စနဲ့ ဖုန်းနဲ့ မိတ်ဆွေနဲ့ အာရုံများနေလို့ ကလေးတွေကို သူများခေါ်သွားတဲ့အဖြစ်တွေ ခဏခဏပါ.. ဒီဗီဒီယိုကိုပဲ နမူနာကြည့်လိုက်ကြပါဦး.. https://www.facebook.com/JoeySalads/videos/800923456741170/?autoplay_reason=all_page_organic_allowed&video_container_type=0&video_creator_product_type=2&app_id=2392950137&live_video_guests=0

မိဘနဲ့ ကလေး ပွင့်ပွင့်လင်းလင်း ပြောတတ်ဆွေးနွေးတတ်တဲ့ အလေ့အထလေး မွေးမြူထားပါ.. တစ်ခုခုဖြစ်တာနဲ့ မေ့မေ့ကို ပြောပြဆိုတာမျိုး သင်ထားပါ.. ကိုယ်က ကလေးကို အမြဲအပြစ်ရှာနေ စိတ်မရှည်ဖြစ်နေ ဆူပူနေတတ်ရင် ကလေးတွေက သူတို့မှာ တစ်ခုခုဖြစ်လာရင်တောင် မိဘကို အားကိုးတကြီး ပြောပြတော့မှာမဟုတ်တဲ့အတွက် ကိုယ့်ကလေးဘာတွေဖြစ်နေလဲဆိုတာလည်း ကိုယ်မသိတော့ဘဲ ဖြစ်နေပါလိမ့်မယ်.. မိဘများ ကလေးတွေကို ကာကွယ်နိုင်ကြပါစေ ကလေးတွေ လုံခြုံကြပါစေ..

-နန်းညီ

No comments:

your comment please

Powered by Blogger.