thoughts of today (Sep 16)

လူဆိုတာ ပြောင်းလဲတတ်တယ်ဆိုတဲ့ စကားဟာ အလကားဖြစ်လာတာ မဟုတ်ဘူးလို့ အမြဲသတိချပ်နေမိတယ်.. ဘယ်သူတစ်ဦးတစ်ယောက်မှ တသတ်မှတ်ထဲ ထာဝရမရှိနေနိုင်ဘူး.. ငယ်ငယ်က လူကြောက်တတ်တဲ့ကလေးဟာ ကြီးလာတော့ စင်ပေါ်တက်ပွဲထိန်းရတဲ့ MC လိုအလုပ်မျိုးကို လုပ်ချင်လုပ်နေမှာပဲ.. အရင်က သိပ်ရဲရင့်ခဲ့တဲ့ လူငယ်တစ်ယောက်ဟာ ထောက်ထားညှာတာစရာ မိသားစုရှိလာတဲ့အချိန် ဘာမဆိုနှုတ်ပိတ်သည်းခံတတ်တဲ့လူဖြစ်ချင် ဖြစ်သွားမှာပဲ.. ဒါက လူတစ်ဦးချင်းစီ ဖြတ်သန်းရတဲ့အတွေ့အကြုံတွေ အကြောင်းတရားတွေနဲ့ပဲ ဆိုင်မှာပဲ..

လူလူချင်း ချစ်တယ်ဆိုတာလည်း ဒီလိုပါပဲ.. တစ်သက်လုံးချစ်မယ်လို့ ကတိကဝတ်တွေ ဘယ်လောက်ပဲ ပေးခဲ့ပေးခဲ့.. တချိန်ချိန်မှာ ပြောင်းလဲစရာအကြောင်းတစ်ခုရှိလာရင် မချစ်တော့ဘူးရယ်လို့ ဖြစ်သွားနိုင်တာအမှန်ပဲ.. သို့မဟုတ်လည်း ခဏတဖြုတ် မချစ်သလိုဖြစ် ငြီးငွေ့တာမျိုးဖြစ်တာလည်း ဖြစ်နိုင်တာပဲ.. ရေရှည်မြဲဖို့အတွက် ဖြစ်ကောင်းဖြစ်နိုင်တဲ့ နည်းလမ်းကတော့ အမျိုးမျိုးပြောင်းချစ်ဖို့တော့ ရှိမယ်ထင်တယ်.. ဆိုလိုတာက- သမီးရည်းစားလိုချစ်ကြတယ် လက်ထပ်ကြတယ် လင်မယားလိုချစ်ကြတယ်.. နှစ်နည်းနည်းကြာတော့ ကလေးအမေ အဖေတွေဖြစ်ကြတော့ တစ်ယောက်နဲ့တစ်ယောက် အနစ်နာခံပြီး ကြင်နာယုယပြီး မောင်လိုနှမလို သဘောထားပြီး ပြောင်းချစ်ကြည့်.. ပြီးတော့လည်း ရဲဘော်ရဲဘက်တွေလို သူငယ်ချင်းလိုမျိုး ပြောင်းချစ်ကြည့်ကြရင်ကော ဖြစ်နိုင်မလားမသိ.. အခက်အခဲတွေကို အတူရင်ဆိုင်မယ်.. ဒါပေမယ့် လင်မယားလို တစ်ယောက်နဲ့တစ်ယောက် ပိုင်စိုးတာမျိုးမရှိဘဲ သူငယ်ချင်း မိတ်ဆွေတွေ လို အပွင့်လင်းဆုံး ချစ်ကြရင်း နောက်တော့ ငြီးငွေ့တာတွေပျောက်သွားတဲ့အခါ “အော် ဒီလူဟာ ငါ့အခက်ခဲဆုံးအချိန်မှာ အတူရင်ဆိုင်ခဲ့တာပါလား တန်ဖိုးထားစရာပါလား”ရယ်လို့ ချစ်စိတ်အသစ်ဖြစ်ပေါ်မလာနိုင်ဘူးလား.. (စိတ်ကူးကြည့်တာပါ လက်တွေ့ဖြစ်နိုင် မဖြစ်နိုင်ဆိုတာက အစကပြောသလိုပဲ လူတစ်ဦးချင်းစီရဲ့ သဘောထားတွေ စရိုက်တွေနဲ့ ဆိုင်ဦးမှာပဲ)..

နန်းညီကတော့ ဘာကိုမှ မရေရာတဲ့ ဘဝကြီးမှာ ဖြစ်ချင်မိတာ တစ်ခုပဲ ရှိပါတယ်.. တကယ်လို့များ ကိုယ့်ချစ်သူက ကိုယ့်ကိုမချစ်တော့ဘူး ဆိုရင် သူကိုယ်တိုင် အပွင့်လင်းဆုံး ပြောပြဆွေးနွေးတာကိုပဲ လိုချင်မိတယ်.. “ညီရေ.. ညီနဲ့ ကိုယ်ကတော့ဖြင့် ဘယ်လိုမှ ရှေ့ဆက်လို့ မရတော့ဘူး” သို့မဟုတ် “ညီ့ကိုတော့ ဒါတွေဒါတွေမကြိုက်ဘူး ဒီတော့ မိတ်ဆွေတွေလို ဆက်နေကြရအောင်”ဆိုတာမျိုးပေါ့.. ဒါမှမဟုတ်လည်း “ကိုယ်တော့ ချစ်ရမယ့်သူ အသစ်တွေ့နေပြီ”ဆိုတာပဲ ဖြစ်ပစေဦး.. ဖွင့်ပြောတာသာ လိုချင်မိတယ်.. ဒါမှသာ ကိုယ်နဲ့သူ ဘယ်လိုအကောင်းဆုံး ဆက်ပြီး ဆက်ဆံကြမလဲဆိုတာ ညှိလို့ရမယ်လေ.. အဲလိုမဟုတ်ဘဲ တခြားတစ်ယောက်ကို ပြောင်းချစ်ပြီး ကိုယ့်ကို ဘာမှ သိခွင့်ပြောခွင့်မပေးဘဲ ထားခဲ့မှာကိုတော့ လက်မခံချင်ပါဘူး..

ဒါမှမဟုတ်လို့ မှားယွင်းပြီးတော့ တခြားတယောက်ယောက်နဲ့ ဇာတ်လမ်းဖြစ်ခဲ့တယ်ဆိုရင်လည်း (ကိုယ့်ကိုမချစ်ဘဲ သူ့ကိုချစ်လို့ ပြောင်းသွားတာမျိုးမဟုတ်ဘဲ မှားတာမျိုးဆိုရင်) ကိုယ့်ကိုအသိမပေးဘဲ သူ့ဇာတ်လမ်းသူ ဖြတ်ခဲ့နိုင်ပါစေလို့ ဆုတောင်းတယ်.. စိတ်ထဲ အပြစ်ရှိသလိုဖြစ်လို့ဆိုပြီး လာဖွင့်မပြောစေချင်ဘူး.. (သူအမှားလုပ်ခဲ့တာဆိုတော့ စိတ်ထဲရှိတဲ့အပြစ်လောက်တော့ ခံသင့်ပါတယ်).. ကိုယ့်ကို မချစ်လို့ထားခဲ့မယ့်လူကိုလည်း မတားချင် မဆွဲထားချင်ဘူး.. ခုချိန်မှာ စိတ်ပြောင်းလဲပြီး ကိုယ့်ကို မချစ်တော့ပေမယ့် ချစ်ခဲ့တုန်းကတော့ တကယ့်ကို စစ်စစ်မှန်မှန်နဲ့ ချစ်ခဲ့ကြသားပဲလို့ပဲ စိတ်ဖြေချင်ပါတယ်.. သူချစ်ဖူးခဲ့တုန်းကလိုမဟုတ်ဘဲ ကိုယ့်ဘက်က ပြောင်းလဲသွားတာကြောင့် သူဆက်မချစ်နိုင်တော့တာလည်း ဖြစ်နိုင်တာပဲလေ..

No comments:

your comment please

Powered by Blogger.