thoughts of today (Oct 15)

ခုတလောတွေမှာ သတင်းတွေဖတ်လိုက်ရရင် မိန်းမက ယောက်ျားကိုသတ်.. အဖေက ကလေးကိုသတ်.. ကလေးထိန်းက ကလေးကိုနှိပ်စက်... ဆရာမက ကျောင်းသားကို မတရားလုပ် စသဖြင့် စသဖြင့်.. မကြားဝံ့မနာသာတွေချည်းပဲ..

အဲလိုတွေ ဖတ်ရကြားရရင် ဘာလို့လုပ်တာလဲ သူတို့ဘာအကြောင်းကြောင့် ဒီလိုတွေ ဖြစ်တာလဲပေါ့.. ကိုယ်ဉာဏ်မီသလောက်တွေးကြည့်တာတော့ ဒါက စိတ်ဓာတ်ပျက်နေတာ (စိတ် ကျပ်မပြည့်တာ)များလားပေါ့.. ဥပမာ- ကလေးထိန်းက ကလေးကို နှိပ်စက်တာဆိုရင်လည်း ဒီလို လူမမယ်လေးအပြစ်မရှိတဲ့ကလေးကို ဘာကြောင့်များ အညှိုးတကြီး ရိုက်နှက်ကန်ကျောက်နေနိုင်တာလဲ.. လုပ်တဲ့လူကိုယ်တိုင်မှာ မူမမှန်တဲ့ စိတ်ထားရှိနေလို့သာပဲ ဖြစ်ရမှာပေါ့..

ပညာရှင်တွေရဲ့လေ့လာချက်တွေအရတော့ ကိုယ်တိုင်က မသာယာတဲ့ မိသားစုမှာ ကြီးပြင်းရရင်.. ကိုယ့်ပတ်ဝန်းကျင်ကလည်း အဲလိုပဲ လူအချင်းချင်းရိုက်ကြ နှက်ကြ.. ရန်ဖြစ်ရင်လက်ပါကြ ခြေနဲ့ကန်ကြတာတွေကို အမြဲမြင်တွေ့ခဲ့ရရင် ကိုယ့်စိတ်မှာလည်း အဲလိုတွေဖြစ်တယ်လို့ ပြောကြတယ်မဟုတ်လား.. ဒီတော့ အထူးသဖြင့် ဆင်းရဲမွေတေမှုများပြီး လူနေမှုအဆင့်အတန်းနိမ့်နေသေးတဲ့ ဒီနိုင်ငံမှာ စီးပွားရေးမပြေလည် စားစရာကမရှိ.. ပညာသင်ပြီး ရင့်ကျက်တဲ့တွေးခေါ်ဉာဏ်ကို ရဖို့ အခွင့်အလမ်းမသာတဲ့ လူတန်းစားတွေဆီမှာ ဒီလိုပဲ မပြည့်တဲ့ ပျက်စီးနေတဲ့ စိတ်ဓာတ်နဲ့လူတွေပေါ်လာဖို့ ပိုပြီး အခွင့်အလမ်းများမှာပဲလို့ ထင်မိတာပဲ..

နောက်တစ်ခုလည်းရှိသေးတာ ဒီနိုင်ငံမှာ ခုချိန်ထိ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတနည်းနေသေးတာပဲ.. စိတ်မကျန်းမာဘူးလို့ ပြောရင် အရူးလို့ပဲ ရောထွေးပြီး ထင်နေကြသေးပြီး ကုသမှုခံဖို့ကို မဝံ့ကြဘူး.. ကလေးမွေးပြီးစ အမေတွေမှာ စိတ်ရောဂါရှိတတ်တယ်ဆိုတာကို မသိကြတော့ ကျိတ်မှိတ်ခံကြ ပိုဆိုးလာကြ ကုမရတဲ့ထိရောဂါရင့်ကြတွေ ဖြစ်ကုန်တယ်.. အလုပ်နဲ့လူမှုရေးနဲ့ အပြိုင်အဆိုင်များတဲ့ ဒီခေတ်မှာ စိတ်ကျရောဂါဆိုတာ လူတိုင်းမှာ ဖြစ်လာနိုင်ပေမယ့် သတိထားပြီး အချိန်မီကုသမှုယူရမယ်ဆိုတာကို လက်မခံချင်ကြဘူးဖြစ်နေတယ်..

မကုလေလေ ပိုဆိုးလေလေ.. အတွင်းကျိတ် စိတ်ရောဂါဟာ ပိုကြီးထွားလာလေလေ ဖြစ်ပြီး နောက်ဆုံးကျ တကယ်ပေါက်ကွဲချိန်ကျတော့ ကိုယ့်မိသားစုကို သတ်မိတာတွေ ကိုယ်ချစ်တဲ့လူတွေကို ရန်ပြုမိတာတွေ ဒါမှမဟုတ်လည်း ကိုယ့်ကိုကိုယ် အန္တရာယ်ပြန်ပေးတာတွေ ဖြစ်လာရော.. တချို့ကျတော့လည်း စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ မူးယစ်ဆေးတွေသုံး.. ဆေးကြောင်တော့ ပိုဆိုးတွေလည်း ရှိမှာပဲ..

အဲဒီလို စိတ်ဓာတ်ပျက်ပြားနေပြီး ဘယ်အချိန် အသိစိတ်လွတ် ကိုယ့်ကို ရန်ပြုမလဲ မသိနိုင်တဲ့ ပတ်ဝန်းကျင်ကလူတွေရယ်.. တနေ့တခြား အသစ်အသစ်တွေဖြစ် ပြန့်နှံ့နေတဲ့ ရောဂါဘယတွေရယ်.. လူ့လောဘတွေကြောင့် ပျက်စီးနေတဲ့ ပတ်ဝန်းကျင်နဲ့ ဆင့်ပွားဖြစ်လာတဲ့ သဘာဝဘေးအန္တရယ်တွေရယ်.. သေချာစေ့စေ့တွေးလေလေ ကမ္ဘာကြီးဟာ ပိုကြောက်ဖို့ ကောင်းလေလေ.. ဟောကိန်းတွေမှာ ပါတဲ့ ကမ္ဘာပျက်မယ်ဆိုတာ မဖြစ်လာဘူးလို့တော့ မပြောနိုင်ဘူး.. ရုပ်ရှင်တွေထဲကလို ကျမ်းစာတွေထဲကလို ရေကြီးပြီးပျက်တာမျိုး မဟုတ်သော်လည်း ဒီလိုပဲ ကပ်ဆိုးတွေဆိုက်လိုက် လူတွေသေလိုက်နဲ့ တဖြေးဖြေး မျိုးတုန်း သေကျေပျက်စီးသွားတော့မှာ ထင်ပါရဲ့လေ..

No comments:

your comment please

Powered by Blogger.