ကလေး၏ ကလေး

ကိုယ့်ကိုကိုယ် ကလေးလို့ သုံးလိုက်ရတာကို အရင်ဆုံးရှင်းပြချင်တာက.. ကိုယ့်အသက် သိပ်ငယ်ရွယ်သေးလို့ ကလေးလို့ဆိုလိုခြင်း မဟုတ်ဘဲ အသိဥာဏ်ရင့်ကျက်မှု၊ စိတ်သဘောထားပြည့်ဝမှု၊ သည်းခံနိုင်စွမ်း စတာတွေပြည့်ဝခြင်းမှာ ကိုယ်ဟာ လူကြီး အရည်အသွေးမမှီသေးလို့ ကလေးလို့ ဆိုလိုတာဖြစ်ပါတယ်.. 

တကယ်ဟုတ်တယ်.. ကိုယ်ဟာ အဲ့ဒီစံနှုန်းတွေနဲ့ ထိုးချိန်ကြည့်မယ်ဆိုရင် တကယ့်ကလေးသာသာပါ.. ပြီးတော့ ကိုယ်ကလေး မချစ်တတ်ဘူး.. ကိုယ့်ဘဝမှာ ဘယ်တုန်းကမှ ကလေးတစ်ယောက်ကို မလိုချင်ခဲ့ဖူးဘူးဆိုတာ အမှန်တရားပါပဲ.. ဒါပေမယ့် ကိုယ်သိပ်ချစ်တဲ့ ယောက်ျားတစ်ယောက်က ကိုယ်နဲ့အတူ ဘဝတစ်ခုကို တည်ဆောက်တဲ့အခါမှာ ကလေးလေးတစ်ယောက်ကိုပါ ထည့်သွင်းချင်ပါတယ်တဲ့.. သူက ကလေးသိပ်လိုချင် သိပ်ချစ်တတ်တယ်.. ဒီတော့ သူ့ကို ချစ်လို့ သူစိတ်ချမ်းသာစေချင်လို့ ကိုယ်တို့ ကလေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်.. 

ကိုယ့်ရဲ့ ကိုယ်ဝန်ဆောင်ကာလတွေကတော့ ပြောစရာမရှိအောင်ကို စိတ်ချမ်းသာ အေးချမ်းခဲ့တာ အမှန်ပါပဲ.. ကာယကံရှင် ကိုယ်က အေးအေးဆေးဆေး ရှိပေမယ့် ကလေးအဖေလောင်းလျာကရော၊ မြေးဦးဖြစ်လာမှာမို့ ဝမ်းသာနေတဲ့ ၂ ဖက် မိဘတွေကရော သည်းသည်းလှုပ်ဖြစ်ခဲ့ကြတာပါ.. ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်မှာ အလုပ်ကလည်း အဆင်ပြေပြေ၊ အစားအသောက် အနေအထိုင်လည်း မဆင်းရဲခဲ့.. ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရက်သတ္တပတ်တွေကို ဖြတ်ကျော်ခဲ့တယ် ဆိုပါတော့.. 

အစပိုင်းမှာ ကလေးမွေးတဲ့အခါ ရိုးရိုးမွေးမယ်လို့ ကိုယ်တို့တွေဆုံးဖြတ်ခဲ့ကြတယ်.. အဲ့ဒါကလည်း တခဏတာ နာတာကိုပဲ သည်းခံနိုင်မယ်.. နောက်ဆက်တွဲတွေ ရှောင်စရာ ဆောင်စရာ သတိထားစရာတွေများလွန်းတဲ့ ဗိုက်ခွဲတဲ့ ဒုက္ခကို ကိုယ်မခံချင်တာကြောင့်ပါပဲ.. ဒါပေမယ့် မွေးရက်နီးလာလေလေ အထဲက ကလေးလေးက ထွားတာနဲ့ ကိုယ်က အားနည်းတတ်တာ အမောမခံနိုင်တာတွေရယ်ကြောင့် ခွဲမွေးရမယ်လို့ ဆရာဝန်က ဆုံးဖြတ်ပေးခဲ့ပြီး due date ထက် ၁၀ ရက်စော ခွဲမွေးဖြစ်ခဲ့ပါတယ်.. 

၆ ရက်နေ့မနက်မှာ ခွဲမယ်ဆိုတော့ ၅ ရက်နေ့ကတည်းက ဆေးရုံကို ကိုယ်ရောက်ခဲ့တယ်.. (ဆေးရုံအကြောင်းတွေ သပ်သပ်ရေးပါဦးမယ်).. မွေးပြီးခါစမှာ ကလေးက နုနယ်သေးလို့ ဆေးရုံကို ဧည့်သည်မလာဖို့ ကြိုတောင်းပန်ထားတော့ မိတ်ဆွေသူငယ်ချင်း တော်တော်များများက ၅ ရက်နေ့ ညနေနဲ့ ညမှာ ဆေးရုံကိုရောက်လာကြပါတယ်.. သူတို့လာတော့လည်း တဝါးဝါးတဟားဟား ရယ်မောပြောဆိုပြီး ညအိပ်ရာဝင်ခါနီးထိတော့ ကိုယ့်စိတ်တွေ ပေါ့ပေါ့ပါးပါးနဲ့ပေါ့.. ကိုယ့်အသားနာမှာ သိပ်ကြောက်တတ်တဲ့ ကိုယ်ဟာ ညဘက် အိပ်ချိန်ရောက်လို့ လူသံသူသံဘာမှလည်းမရှိ တိတ်ဆိတ်သွားရော.. စပြီး ဟိုတွေးဒီတွေးနဲ့ ကြောက်လာပါတယ်.. တစ်ညလုံးလည်း အိပ်မပျော်တော့ဘူးဆိုပါစို့.. ဘုရားတရားနဲ့ ဝေးလွန်းတော့ ဘုရားစာတွေရွတ်ပေမယ့်လည်း စိတ်တည်ငြိမ်အေးချမ်းမသွားဘဲ ရွတ်တာကတခြား စိတ်လှုပ်ရှားကတခြားနဲ့ အဲ့လိုနဲ့ပဲ မိုးလင်းခဲ့ရော..

မနက်ခင်း ၄ နာရီမှာ ခွဲခန်းဝတ်စုံလဲပါလို့ ကိုယ့်ကိုလာပြောတော့ လဲပြီး သိပ်မကြာခင်ဘဲ wheel chair နဲ့ ကိုယ့်ကို လာခေါ်ပါတယ်.. ကိုရဲအောင်သူက အိပ်ပျော်နေတာမို့ ကိုယ်က “ကိုကို”လို့ လှမ်းခေါ်လိုက်သေးပေမယ့် သူမကြားခဲ့ဘူး.. ချက်ချင်း လူးလဲထပြီး သူတို့ ကိုယ့်နောက် လိုက်လာကြပါတယ်.. ကိုယ့်အမေမျက်နှာကို မြင်ရတော့ စိတ်တစ်ချက်အေးသွားပြီးနောက် ကိုယ်ခွဲခန်းထဲ ရောက်သွားတယ်.. လက်မှာ drip ချိတ်ဖို့လာတပ်ထားတဲ့ အကြောဆေးထိုးအပ်က နာလိုက်တာ.. ဒါပေမယ့် ဒါဟာ နာကျင်မှုသေးသေးလေးပဲ အစပဲ ဆိုတာကို ကိုယ်သတိထားမိပါတယ်.. ခါးကို ကွေးပေးရတယ်.. ထုံဆေးသူတို့ထိုးပြီး ဘာမှမကြာလိုက်ခင်ပဲ ကိုယ့်ခြေထောက်တွေကို ကိုယ်မသိရတော့ပါ.. အောက်ဆီဂျင်ပိုက် နှာခေါင်းမှာ လာတပ်ပေးတဲ့ခဏမှာ ကိုယ်စပြီး စိုးရိမ်လာတာက “ငါ နှာခေါင်းပိတ်ပြီး အသက်ရှူကျပ်လာရင်တော့ ဒုက္ခပဲ” လို့.. ကိုယ်က မခွဲခင် ရှေ့တစ်ပတ်မှာ နှာစေးအအေးမိ ဖြစ်ထားတာကိုး.. 

နောက်တော့ သူတို့ဘာတွေလုပ်နေတယ် ကိုယ်မသိ.. အောက်ဆီဂျင်ပိုက်ကလေကို မဝတဝနဲ့ ရှူရင်း နှလုံးခုန်စက် အသံ beep beep ကို နားထောင်ရင်း.. “တွန်းမယ် တွန်းမယ်”ဆိုတဲ့ အသံတွေကြားရပြီး ကိုယ့်ဗိုက်အထဲက သားလေးကို အပြင်ကိုတွန်းထုတ်ကြ.. ကိုယ့်မျက်နှာပေါ်က ကျော်ပြီး ဗိုက်ကိုလှမ်းတွန်းနေတဲ့ လက်က ကိုယ့်နှဖူးကို တံတောင်ဆစ်နဲ့ လာလာဆောင့်မိနေ.. “သူတို့ ကလေးထုတ်တာကလည်း ၅ ယောက်တောင် ဝိုင်းတွန်းရတာလား”လို့ ကိုယ့်အတွေးမဆုံးခင်မှာပဲ “အားး” လား “ဗြဲ”လား မသိတဲ့ အော်သံနဲ့အတူ (အူဝဲ မဟုတ်တာတော့သေချာတယ်) သားလေးအပြင်ကို ရောက်လာပါရော.. “အကြီးကြီးပဲဟဲ့..”…. “အမလေး သေးတွေပန်းတယ်တော့” .. စတဲ့ အသံတွေ ဆူဆူညံညံနဲ့ လူတွေလည်း ရှုပ်ရှုပ်ထွေးထွေးနဲ့.. ခဏအကြာမှာ “၈ ပေါင် ၁၀ အောင်စ” လို့ ပြောသံကြား.. နောက်တော့ ဆရာဝန်တစ်ယောက်က ကိုယ့်အနားကို ကလေးကို လာပြပါတယ်.. “သမီး မြင်ရလား.. သားလေးကို.. ချစ်စရာလေး သမီးနဲ့တူတယ်” တဲ့.. ကိုယ်လှည့်ကြည့်လိုက်တော့ အသည်းယားစရာ မျက်နှာ သေးသေးလေး.. ဟုတ်လား.. ကိုယ်နဲ့တူသတဲ့လား.. 


ကလေးမွေးတာ ခဏလေးပါလားလို့ကိုယ့်အထင်က တကယ်တော့ မှားပါတယ်.. ကလေးကို ထုတ်တာက ခဏလေးပေမယ့် ဗိုက်ကို ပြန်ချုပ်နေကြတာက အကြာကြီးကိုး.. ခွဲခန်းထဲမှာ အဲ့ဒီလို တောင်တွေးမြောက်တွေးတွေဖြစ်နေတုန်း အပြင်မှာတော့.. ကလေးကို အဖေနဲ့ အဖွားဆီ ထုတ်ပြတော့.. အမြဲတည်ငြိမ်ခဲ့တဲ့ စိတ်ခိုင်မာခဲ့တဲ့ ကိုကိုဟာ လက်တွေ အသံတွေတုန်၊ စိတ်တွေလှုပ်ရှားပြီး ဓာတ်လှေခါးထဲပြေးဝင် အော်ဟစ်၊ သူ့ အမေကို ပြေးပြီး ဦးချကန်တော့နဲ့ သိပ်ကို ပျော်နေခဲ့တယ်လို့ နောက်တော့မှ ပြန်သိရပါတယ်.. ကိုယ်ပေးတဲ့ နှစ်သစ်လက်ဆောင်ကြောင့် သူပျော်နေတာကို ကိုယ်တိုင်မမြင်လိုက်ရတာတော့ မချင့်မရဲဖြစ်မိသား.. 

အဲ့လိုနဲ့ ကိုယ်လည်း တတ်သလောက်မှတ်သလောက် သံဗုဒ္ဓေကို အခါခါရွတ်နေရင်းနဲ့ နောက်ဆုံးပြီးသွား.. ကိုယ့်ကို လှည်းပေါ်ပြန်တင်.. အပြင်ခန်းကိုပြန်ထုတ်.. ကလေးလေးက တွန်းလှည်းလေးနဲ့ ကိုယ့်ခုတင်နားမှာ.. ဒါပေမယ့် အပြင်ခန်းမှာ ဘယ်သူမှလည်းမရှိဘူး.. ကလေးလေးက အော်ငိုနေတာ အရမ်းပဲ.. ပြီးတော့ ကိုယ်တိုင်လည်း ချမ်းလာတာ အရမ်းပဲ.. တကိုယ်လုံး တဆတ်ဆတ်တွေတုန်ခါလာ.. တစ်ခါမှ ဒီလိုမချမ်းဖူးခဲ့ဘူး.. အနားမှာ ဘယ်သူမှလည်းမရှိတော့ အဲ့ဒီခဏအတွင်းမှာ “ငါသေတော့မှာထင်တယ်”လို့ တွေးမိပြီး အားလည်းငယ် ကြောက်လည်းကြောက်လာတာပဲ.. ခဏလေးနေတော့မှ သူနာပြုတစ်ယောက်ရောက်လာပြီး စောင်တွေထပ်ခြုံပေး.. ဘာညာလုပ်.. ကိုယ်နဲ့ကလေးနဲ့ကို ခွဲခန်းကနေထုတ်.. အခန်းထဲပြန်ရောက်.. ရှိသမျှလူအကုန်လုံးက သားလေးကိုထည့်ထားတဲ့ ပုခက်စင်ကလေးနား ဝိုင်းအုံသွားချိန်မှာ ချမ်းလွန်းလို့ တဆတ်ဆတ်တုန်နေတဲ့ ကိုယ့်အနားကို ကိုကို ရောက်လာခဲ့ပါတယ်.. 

စောင်တွေထပ်ခြုံပေး၊ လက်ဖဝါးချင်းပွတ်ပြီး လက်ဖဝါးနွေးနွေးကို ကိုယ့်နားရွက်နားကပ်ပေးရင်း ကိုယ့်နဖူးကို သူနမ်းတော့ ဘာကြောင့်မှန်းမသိ ကိုယ်ဝမ်းနည်းသွားတယ်.. အဲ့ဒိနောက်ပိုင်းတွေ ကိုယ်သိပ်မမှတ်မိတော့ဘူး.. ကိုယ်သိသမျှက တစ်ကိုယ်လုံး သက်သာရာမရှိဘဲ နာကျင်နေရတာကိုသာပဲ.. ချမ်းချမ်းတုန်တုန်နဲ့ပဲ ကိုယ်အိပ်ပျော်သွားတာ.. လူတွေဝင်လာလိုက် ထွက်သွားလိုက်နဲ့.. ပြန်နိုးလာချိန်မှာ ကိုယ်သိပ်ပူပြီး ချွေးတွေထွက်နေတာ.. ဗိုက်ထဲက စိုးစိုးစစ်စစ်နဲ့ အောင့်တတ်တာ.. ချုပ်ရိုးက နာနေတာ.. ခေါင်းအုံးလည်းမပါ ဒီတိုင်းပက်လက်လှဲနေရရင်း ကျောတွေပူလာလို့ကိုယ်စိတ်တွေတိုနေတာ.. ကိုယ့်ခြေထောက်တွေ လှုပ်မရ ကွေးမရ ဆန့်မရနဲ့ ညောင်းညာနေတာကို သည်းမခံနိုင်ဘဲ ကိုယ်ဒေါသကြီးနေတာတွေ.. ဝိုးတဝါးနဲ့ သိပ်လည်းမမှတ်မိတော့ဘဲ ပြန်ပြီးတော့လည်း မစဉ်းစားချင်တဲ့ အခိုက်အတန့်များပါပဲ.. လူတကာတွေ ပြောကြတဲ့ ကလေးမျက်နှာကို မြင်လိုက်ရရင် အဲ့ဒီဝေဒနာတွေဟာ အကုန်ပျောက်သွားတယ် ဆိုတာကြီးက ကိုယ့်အတွက်ကျမှ ဘာလို့ မမှန်ရတာလဲ.. 

တကယ် စိတ်ထဲဖြစ်တာကို ပြောရမယ်ဆိုရင် ကလေးမျက်နှာကို မြင်လိုက်ရတိုင်း အူကြောင်ကြောင်ခံစားချက်တစ်ခုက လွဲရင် ကိုယ့်စိတ်မှာ ဘာမှမပေါ်လာခဲ့ဘူး.. ဒါကြောင့် ကိုယ့်စိတ်ကို သိနေတဲ့ ကိုယ့်ရဲ့ ကိုကိုက မရယ်မပြုံးနဲ့ သားလေးကို စိုက်ကြည့်နေတဲ့ ကိုယ့်ကို မေးတယ်.. “သားလေးကို ချစ်ရဲ့လား”တဲ့.. အဲလိုမေးချိန်မှာ ကိုယ်ဘာမှ ပြန်မဖြေလိုက်နိုင်ဘူး.. ကိုယ်မှ မညာချင်ဘဲလေ.. ဒါပေမယ့်လည်း ကိုယ့်ဗိုက်ထဲကနေ ထုတ်ထားရတဲ့.. ကိုယ်နဲ့တသွေးတသားနဲ့ဖြစ်တဲ့.. ကိုယ် ၉  လလောက် ဗိုက်ထဲထည့်ထားရတဲ့ ကိုယ့်သားလေးအတွက် အကောင်းဆုံးဆိုတာတွေကို စေတနာထားပြီး အကုန်လုပ်မှာပါပဲ.. 
ကလေးက ပေါင်ချိန်များလို့ အမေနို့မရသေးခင် ဖော်မြူလာတိုက်ရမယ်လို့ ကလေးဆရာဝန်က ညွှန်ကြားတော့ ကလေးကို နို့မှုန့်ဖျော်ပြီးတိုက်ကြတယ်.. ဒါပေမယ့် သိပ်တော့မတိုက်လိုက်ရပါဘူး မွေးမွေးပြီးချင်း ရက်မှာပဲ ကိုယ့်ဆီက နို့ရည်ကြည်ကို သူစို့ရတယ်.. နောက် ၂ ရက်အကြာ နို့အဖြူထွက်ပြီမို့ နို့မှုန့်တိုက်စရာမလိုတော့ဘဲ မိခင်နို့ကိုပဲ သားလေးအပြည့်အဝစို့ရတာပေါ့.. 

လက်သီးဆုပ်လောက်ရှိတဲ့ သားအိမ်ဟာ ကလေး ၈ ပေါင်ကျော်ကြီးကို ထည့်ထားတဲ့အခါ အကြီးကြီးဆန့်ထွက်လာတယ်.. အဲ့ဒါက ကလေးနို့စို့တိုင်းမှာ သားအိမ်ကပြန်ကျုံ့သွားတယ်.. သဘာဝကအဲဒီလို စီမံပေးထားသတဲ့.. ဒါပေမယ့် ပထမ ၂ ရက်လောက်မှာ ကလေးနို့စို့တိုင်း သားအိမ်ကနေ အောင့်လာတဲ့ဒဏ်၊ ပြီးတော့ အဲ့ဒီ ၂ ရက်ကျော်တော့ နောက်ထပ် ၅ ရက်လောက် နို့သက်ပြီး နို့လမ်းကြောင်းတွေ ပိတ်နေလို့ နို့သီးခေါင်းတွေ သွေးစို့၊ ကလေးက နို့စို့တိုင်း ရင်ဘတ်ကနာတဲ့ဒဏ်တွေကို အပြင်းအထန်ခံရပါတယ်.. မျက်ရည်တွေတွေကျတဲ့အထိ.. နာလွန်းလို့ နှုတ်ခမ်းတွေ ကွဲအောင်ကိုက်မိတဲ့အထိ.. လက်က ကိုယ့်ဆံပင်တွေကိုယ်ဆွဲဆုပ်မိနေတဲ့အထိ.. ကိုရဲအောင်သူက ကိုယ့်ဘေးမှာနေရင်း နှုတ်ခမ်းမကိုက်မိအောင်.. လက်က ဆံပင်ကိုမဆွဲအောင်၊ ကုတင်သံတန်းအေးအေးကြီးကို အတင်းဆုပ်မထားအောင် သတိထားပေးရင်း ကိုယ့်လက်တွေကို ဆုပ်ကိုင်ထားပေးရတယ်.. ကိုယ်လက်သည်းနဲ့ ကုပ်မိရင် သည်းခံပေးရတယ်.. ကိုယ့်အမေက ဘေးကနေ စိတ်ဆင်းရဲ သနားနေရင်း ကိုယ့်ခေါင်းကိုပွတ် ကျောကိုသပ်ပြီး  ချော့မော့နေရတယ်.. ဒါပေမယ့်လည်း နို့မတိုက်တော့ဘူးလို့ သားလေးကို အနားမခေါ်လာနဲ့တော့လို့ ကိုယ်မငြင်းခဲ့ပါဘူး.. လူတိုင်း ဒီလိုပဲလားလို့ ကိုယ်တွေးနေခဲ့တယ်.. ငါ့အမေဟာ ဘယ်လို သတ္တိအင်အားတွေနဲ့ ငါတို့ ညီအစ်မ ၂ ယောက်ကို မွေးခဲ့ပါလိမ့်လို့ ကိုယ်အံ့သြနေခဲ့တယ်.. ကိုယ်တိုင် မိဘဖြစ်မှ မိဘကို ပိုချစ်လာမယ်ဆိုတဲ့ စကားဟာ တကယ်မှန်တာပဲလို့  ကိုယ် အသံတိတ်ထောက်ခံနေခဲ့မိတယ်.. 

ဆေးရုံမှာ ၆ ရက်နေပြီး အိမ်ကိုပြန်လာခဲ့ကြတယ်.. အိမ်ရောက်ချိန်မှာ သားလေးက ငြိမ်ငြိမ်လိမ်လိမ်မာမာလေးနဲ့ပဲ အဆင်ပြေပြေလေးနဲ့ပဲ အေးအေးချမ်းချမ်းအိပ်ပျော်နေခဲ့တာကို မြင်တော့ အိမ်ကို သူသဘောကျရှာသားပဲလို့ ကိုယ်တွေးရင်း ပျော်တာပေါ့.. အိမ်ရောက်ပြီး နောက်ပိုင်းရက်တွေကတော့ ကိုယ့်မှာ နာကျင်မှုတွေလည်း လျော့သွားခဲ့ပြီ.. အဲ့ဒိအစား ငြီးငွေ့တာတွေ၊ စိတ်အားငယ်တာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပျောက်တာတွေက အစားထိုးဝင်လာတယ်.. အမြဲတမ်း အငြိမ်မနေ လှုပ်ရှားသွားလာ၊ လူတွေနဲ့ စကားပြော နောက်ပြောင်နေတတ်တဲ့.. ခရီးသွားရတာ သဘောကျပြီး ခရီးလည်း အရမ်းသွားတတ်တဲ့ ကိုယ်ဟာ ၂၄ နာရီမှာ ၄ နာရီလောက်အိပ်.. ကလေးနားနေ နို့တိုက်.. ကလေးငိုရင် ဘာဖြစ်မှန်းမသိစိတ်မောရတာတွေ.. မီးနေသည်မို့ သွေးသားနုသေးတာမို့ တီဗီ ကွန်ပျူတာ မကြည့်ရ၊ စာအုပ်မဖတ်ရ၊ အစားရှောင်ရ အနေကျဉ်းကျပ်ရနဲ့ ငြီးငွေ့လာတာ အရမ်းပါပဲ.. ဒီကြားထဲ “သားလေးရှိပြီဆိုတော့ ဘယ်ပျင်းတော့မလဲ”လို့ ပြောသူတွေတွေ့ရင် ကြိတ်ပြီးစိတ်တွေတိုနဲ့ ၂ ပတ်လောက်ကို တော်တော်ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်လို့ ပြောရမှာပဲ.. ပြောတဲ့လူတွေက လွန်တာတော့ မဟုတ်ဘူးမှန်း ကိုယ်သိပါတယ်.. ကလေးအမေတွေဆိုတာ ကလေးမျက်နှာမြင်ရင် ပျော်နေတတ်တာမျိုးကိုး..  ခက်တာက ကိုယ်က ကလေးကိုကြည့်ရင်း မပျော်တတ်သေးတာ.. 

ပြီးတော့ စိတ်အားငယ်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်ချက်ပျောက်နေတာကို မဖြစ်အောင်  ကြိုးစားပေမယ့် ဘယ်လိုမှ မရဘူး.. သွေးသားပြောင်းလဲချိန် စိတ်က ဒီလိုပဲဖြစ်တတ်တယ် ဆိုပေမယ့်လည်း ခုလတ်တလောချိန်မှာတော့ ကိုယ်တကယ်ကို နေလို့ မပျော်တာပါ.. ကိုရဲအောင်သူ အလုပ်သွားနေတိုင်း၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ သွားကြလာကြ လုပ်ကိုင်နေကြတာတွေမြင်တိုင်း ငိုချင်တတ်တာကို ဘယ်လိုထိန်းရမယ်မသိဘူး.. ကိုယ့်ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံတပြားမှ မရှိတာ၊ မရှိပေမယ့်လည်း ဘာမှမဖြစ်ဘဲ ဘာမှသုံးစရာမလိုတာကို မြင်တိုင်း စိတ်ဓာတ်ကျတယ်.. ကိုယ်ခန္ဓာက နာကျင်လွန်းပြီး ခဏကလေးတွေ အိပ်ပျော်တိုင်းမှာ အိပ်မက်ဆိုးတွေချည်း မက်၊ မျက်ရည်တွေကျပြီး လန့်နိုးလာရတာကို ပင်ပန်းလွန်းတယ် ထင်မိတယ်.. ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်ကသိကအောက်ဖြစ်ရတာတွေအပြင် တသက်လုံးက လူတကာကို ဗိုလ်ကျအနိုင်ရလာခဲ့တာ ခုချိန်ကျတော့ ဘယ်သူမှ ကိုယ့်ကို ဂရုမစိုက်တော့ပါလားလို့တွေးမိတာတွေဟာ ကလေးများ သိပ်ဆန်နေမလားလို့ စိုးရိမ်မိတယ်.. ကိုယ့်ကို သိပ်ချစ်တဲ့ ကိုကိုတောင်မှ အရင်လို ကိုယ့်ကို ဂရုမစိုက်နိုင်တော့ဘူးမဟုတ်လား.. 

အဲလိုနဲ့ ခုသားလေး ၃ ပတ်ပြည့်တော့မယ်.. ညတွေဆို ဂျီကျတော့ ၂ နာရီလောက်နေ ၇ နာရီလောက်ထိက တောက်လျှောက်မအိပ်ရဘဲ သူ့ကို တမျိုးပြီးတမျိုးလုပ်ပေးနေရရင်း အိပ်ရေးပျက်၊ ခေါင်းတွေကိုက်၊ လက်ဆစ်တွေနဲ့ ခါးတွေနာ…. မနေ့က သားလေး မအိပ်တော့ သူ့အဖွားက ချီထားပေမယ့် အတင်းကော့ကန်ထိုးနေပြီး အော်ငိုနေတယ်.. အဲဒါနဲ့ ကိုယ်လည်း ကိုယ့်အမေနားပါစေဆိုပြီး ကလေးကို ထားခဲ့ သွားအိပ်တော့လို့ ပြောလိုက်တာပေါ့.. ပြီးတော့ သားလေးကို အိပ်အောင်လုပ်တာ ဘယ်လိုမှ မရဘူး.. နောက်တော့ ကောက်ချီလိုက်တော့မှ.. ..ချက်ချင်းအငိုတိတ်သွား၊ မျက်နှာလေးမော့ပြီး ကိုယ့်ကို ကြည့်ရှာတယ်.. မျက်လုံးဝိုင်းဝိုင်းတောက်တောက်လေးတွေက ကြည်လင်လို့.. မွေးခါစက ကိုယ်နဲ့တူတာလို့ လူတိုင်းထင်ခဲ့ပေမယ့် တကယ်က နှာခေါင်းပွလုံးလုံးလေးတစ်ခုသာပါ.. ကျန်တဲ့ အလျားရှည်ရှည် မျက်ရစ်မပေါ့်တပေါ်မျက်လုံးတွေ၊ နှုတ်ခမ်းစုစုလေးတွေ၊ မေးအချိုင့်လေး၊ ပါးချိုင့်တစ်ဖက်.. အားလုံးက သူ့အဖေအတိုင်းပဲ.. ကိုယ်သူ့ကို ကြည့်နေတုန်းမှာပဲ သူက ရယ်ပြတယ်.. သူ မမြင်ရမှန်းသိပေမယ့် ကိုယ်လည်း ပြန်ရယ်ပြမိတယ်.. ကိုယ့်စိတ်ထဲမှာ နွေးထွေးသွားသလိုပဲ.. သူ ရယ်ပြနေတယ်.. ကိုယ်က သူ့ကို ပွေ့ထားတယ်.. သူ့လက်ကလေးတွေက ကိုယ့်မျက်နှာကိုလာထိတယ်.. ကိုယ်က သူ့ကိုစိုက်ကြည့်နေတယ်.. 

ကိုယ်သူ့ကို ကြည့်နေတယ်.. 
ကိုယ် သူ့ကို ကြည့် နေ တယ်..

ကိုကိုရေ.. ဆေးရုံမှာတုန်းက မေးတဲ့ မေးခွန်းကို ညီအခု ဖြေချင်တယ်.. 
…..

10 comments:

  1. ကျအု... သားလေး :'(

    ReplyDelete
    Replies
    1. ကျဥ ငါ့အစ်မ ဖြစ်ရမှာလေ..

      Delete
  2. အမနဲ့ တူတယ် .. အခုမှ ကလေးကို ပိုပိုချစ်လာတယ် နောက် အသံထွက် စကားပြောတတ်ရင် ပိုဆိုးမယ်ညီ..

    ReplyDelete
  3. ကြည်နူးတာကိုတော့ သဘောကျပါတယ်။ ဒါပေမဲ့ အဲ့ဒိ နာတာကြီးနဲ့ ကလေးရ ကိုယ်လုပ်ချင်တာ မလုပ်ရတော့တာကို တွေးတွေးပြီး လောလောဆယ်တော့ ကလေး မယူဖြစ်သေးဘူးထင်တယ်...

    ReplyDelete
  4. ၈ ပေါင် ၆ အောင်စ တဲ့
    နည်းတာကြီးလား

    ReplyDelete
    Replies
    1. ၈ ပေါင် ၁၀ အောင်စ လို့ဆိုနေ

      Delete
  5. သက်ကြီးဝါကြီးများအား ခြေစုံရပ် လက်ဆုပ် အရိုသေပြု

    ReplyDelete
    Replies
    1. သာဓု သာဓု သာဓု

      Delete

your comment please

Powered by Blogger.