ဝက်ဝံလေးပုံပြင်
ဝက်ဝံလေးနဲ့ ငှက်လေးတစ်ကောင်ဟာ သူငယ်ချင်းတွေဖြစ်သွားကြတယ်.. သူတို့ နှစ်ကောင်ဟာ တောထဲမှာ အတူသွား အတူစား အတူတူဆော့ကစားကြရင်းနဲ့ တစ်နေ့တော့ ငှက်ကလေးကပြောတယ်.. တောရဲ့ဟိုတစ်ဖက်မှာ ကျွန်းလေးတစ်ကျွန်းရှိတယ်.. အဲ့ဒီကျွန်းလေးပေါ်က သစ်ပင်တစ်ပင်မှာ သိပ်ကောင်းတဲ့အသီးတွေ သီးသတဲ့.. သူက ဟိုဒီပျံသန်းရင်း အဲ့ဒီအသီးကို စားဖူးပြီးကတည်းက ဒီတောထဲက ဘယ်အသီးကိုမှ သိပ်မကြိုက်တော့ဘူးဆိုပဲ.. ဒါပေမယ့် ခက်တာက အပင်ကို ပုံမှန်ရေလောင်းပြီး စောင့်ရှောက်ထိန်းသိမ်းနိုင်မှ အသီးတွေ သီးမှာ.. သူ့မှာက အပင်ကိုရေလောင်းပေါင်းသင်ဖို့အတွက် စွမ်းအားမရှိဘူးဖြစ်နေတော့ ကျွန်းပေါ်ကို အတူသွားနေကြမလားလို့ ငှက်ကလေးက မေးလေတယ်..
“ကျွန်းပေါ်မှာ ဘယ်သူမှမရှိဘူး.. ငါတို့ ၂ ကောင်ထဲ အတူတူ စိတ်ကြိုက်ကစားလို့ရတယ်လေ.. မင်းကြိုက်တတ်တဲ့ ပျားရည်တွေလည်းရှိပါတယ်.. မင်းက အပင်ကို ရေလောင်းပေါင်းသင်ပေး.. ငါက ပျံတတ်တော့ ဒီဘက်ကျွန်းပေါ်ကို လာလာပြီး မင်းအတွက် မင်းကြိုက်တဲ့ သစ်သီးသစ်ဥတွေ သယ်လာပေးမှာပေါ့ကွ”
ငှက်ကလေးကို သိပ်ချစ်တဲ့ဝက်ဝံလေးကလည်း ဒီအစီအစဉ်မဆိုးဘူးဆိုပြီး ကျွန်းပေါ်မှာ လိုက်နေပေးဖို့သဘောတူလိုက်တယ်တဲ့.. ငှက်ကလေးဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းပေါ်ရောက်အောင် ဝက်ဝံလေးကို ပင်ပင်ပန်းပန်း သယ်သွားပေးတယ်.. ဝက်ဝံလေး အဆင်ပြေအောင် ကျွန်းပေါ်မှာ အိမ်ဆောက်တဲ့အခါ လိုအပ်တဲ့ ပစ္စည်းတွေကို သူပဲ ခေါက်တုံ့ခေါက်ပြန် အသယ်အပို့လုပ်ပေးခဲ့တယ်တဲ့.. အဲလိုနဲ့ သူတို့ ၂ ကောင် ကျွန်းပေါ်မှာ ပျော်ပျော်ရွှင်ရွှင်နေကြတာပေါ့.. မနက်ဆို ဝက်ဝံလေးက သစ်ပင်လေးကို ပေါင်းသင်ပေး.. ငှက်ကလေးက အသီးတွေကို တက်ခူး.. အတူတူစားကြ.. နေ့လည်ဆို ဆော့ကြ.. ညနေဆို ငှက်ကလေးက အရင်နေခဲ့တဲ့ တောထဲကိုပျံသွားပြီး တောထဲက ဝက်ဝံလေးကြိုက်တဲ့ အစားအစာတွေယူလာပေး.. ပြန်ရောက်ရင် အစားတွေတူတူစားကြ. တောထဲက ဦးခြင်္သေ့ကြီးအကြောင်း၊ အန်တီကျားမကြီးအကြောင်း၊ ဘဲကလေးတွေအကြောင်း စသဖြင့် သတင်းပလင်းစကားတွေကို ငှက်ကလေးကပြောပြလိုက်နဲ့ သူတို့ ပျော်နေကြတယ်တဲ့..
ဒါပေမယ့် ရက်တွေ တဖြည်းဖြည်းကြာလာတော့ ငှက်ကလေးဟာ ကျွန်းပေါ်ကိုပျံလိုက် တောထဲကိုပျံလိုက် လုပ်ရတာကို ငြီးငွေ့လာတယ်.. တနေ့တနေ့ ဝက်ဝံလေးပြောပြတဲ့ သစ်ပင်ကို ဂရုစိုက်ရေလောင်းပေါင်းသင်ရတဲ့ အကြောင်းတွေကို နားထောင်ရတာလည်း ပျင်းလာတယ်.. ဝက်ဝံလေးအတွက် အစားအစာတွေရှာပေးရတာကိုလည်း စိတ်ညစ်လာတယ်တဲ့.. ငှက်ကလေးဟာ ကျွန်းပေါ်ကို ပြန်ရောက်လာတိုင်း မပျော်ရွှင်တဲ့ မျက်နှာနဲ့ ဖြစ်နေလေတော့ ဝက်ဝံလေးကလည်း ငှက်ကလေးနေမကောင်းဘူးလားလို့စိုးရိမ်ရှာတယ်.. သူ့အတွက် အစာရှာပေးနေရတာကို ပင်ပန်းမှာပဲလို့တွေးပူရှာတယ်တဲ့..
“မင်း ငါ့အတွက် အစာရှာရတာ ခက်တယ်ဆိုရင်လည်း မရှာပါနဲ့တော့.. ငါက ဒီကျွန်းပေါ်က ပျားရည်တွေနဲ့တင် ဖြစ်ပါတယ်ကွာ..”
ငှက်ကလေးဟာ တဖြည်းဖြည်းနဲ့ ကျွန်းပေါ်ကို အလာကျဲသွားတယ်… လာရင်လည်း အသီးကိုစား ကျွန်းပေါ်ကို ဟိုဟိုဒီဒီပျံလိုက် ဆော့လိုက်လုပ်ပြီးရင် တောထဲကို ပျံသွားတာပဲတဲ့.. ဝက်ဝံလေးနဲ့ အရင်လိုလည်း မဆော့တော့ဘူးတဲ့.. ဝက်ဝံလေးကတော့ ငှက်ကလေးအတွက် သစ်ပင်ကို ပြုစုရင်း သစ်ပင်စိုက်ရတာကို ပျော်ရွှင်လာတာမို့ စိတ်ပါလက်ပါပဲ သစ်ပင်လေးကို ရေလောင်းလိုက် ပေါင်းသင်လိုက် အခက်အလက်တွေကို ပြုပြင်လိုက်နဲ့ ပျော်နေတာပဲတဲ့..
““ငှက်ကလေး မလာလည်း ကိစ္စမရှိတော့ပါဘူး.. ငါ့ဘာသာငါ သစ်ပင်စိုက်နေလို့ရသားပဲ.. ဒီကျွန်းပေါ်မှာ ပျားရည်တွေလည်း ရှိနေတာပဲဥစ္စာ.. ငှက်ကလေးဟာ ပျံတတ်တဲ့ အမျိုးအစားပဲ.. ကောင်းကင်မှာ ဟိုကနေ ဒီ ပျံသန်းရင်း လွတ်လွတ်လပ်လပ် ပျော်ရွှင်နေတာပဲကောင်းမှာပေါ့.. ငှက်ကလေးကို မပျံနဲ့လို့ပြောရင် မတရားရာကျမှာပေါ့.. သူ့အလုပ်က ပျံရမယ့်အလုပ်ပဲ မဟုတ်လား..”” လို့သူကတွေးသတဲ့..
ငှက်ကလေး တစ်ခါတလေ လာတဲ့အခါ ဝက်ဝံလေးက ပျော်ပျော်ရွှင်ရွှင်ပဲ အသီးလေးတွေ ခူးပေးလိုက်.. ငှက်ကလေးပြောတဲ့ အကြောင်းတွေ နားထောင်လိုက်.. ငှက်ကလေး မလာရင် ဝမ်းနည်းလိုက်.. ငှက်ကလေးက သူ့ကို ဂရုမစိုက်ဘဲကျွန်းပေါ်မှာ လျှောက်ပြီး ပျံရင်းဆော့ရင်း ရှိနေတဲ့အခါ တိတ်တိတ်ကလေး ငိုလိုက်နဲ့..
နောက်တော့ ကျွန်းပေါ်မှာ ဝက်ဝံလေးတစ်ကောင်နဲ့ သစ်ပင်လေးတစ်ပင်ပဲ ကျန်ခဲ့တော့တယ်တဲ့ကွယ်…
No comments:
your comment please