ကိုယ်ဝန်ဆောင်မေမေတို့အတွက် (၂၄-၂၅ ပတ်)

ကိုယ့်အတွက်ကိုယ် ကိုယ်ဝန်ဆောင်ကာလတွေမှာ သိသင့်သိထိုက်တာတွေကို လိုက်ရှာဖွေဖတ်ရင်းနဲ့ မြန်မာလိုရေးသမျှ ဆောင်းပါးတွေမှာ မပါတတ်တဲ့ တချို့အချက်တွေကိုပါ ဖတ်မိပါတယ်.. မြန်မာရှေးရိုးအယူအဆ အမှားတွေတို့၊ ဟိုလူပြော ဒီလူပြောနဲ့ အမှတ်မှားနေတာတွေတို့ကို သေချာဖြေရှင်းပြထားတဲ့ အချက်တွေရော အခြားအသုံးဝင်တဲ့အချက်တွေပါ ဖတ်မိတော့ ကိုယ်သိသမျှ ပြန်မျှဝေဖို့ စိတ်ကူးရပြီး ဒါလေးကိုရေးဖြစ်တယ်..

မေမေလောင်းလျာများအတွက် အသုံးတည့်သော post လေးတွေ ဖြစ်ပါစေ.. =)
-----------------



၂၄-၂၅ ပတ်မှာ ကလေးလေးရဲ့ ကြီးထွားမှု
၂၄ ပတ်နဲ့ ၂၅ ပတ်အတွင်းမှာ ဗိုက်ထဲက ကလေးလေးဟာ တဖြည်းဖြည်းပိုကြီးထွားလာတာနဲ့ အမျှ သားအိမ်မှာ နေရာပိုယူလာပါပြီ.. သူ စောင်းလိုက်တိုင်း လက်တွေ ခြေတွေ လှုပ်လိုက်တိုင်း သိသိသာသာ ခံစားရတော့မှာဖြစ်ပါတယ်.. ဒါပေမယ့် ဒီအချိန်မှာ သူ့အရည်ပြားဟာ အရမ်းပါးလွှာနေသေးပြီး အထိမခံလည်းဖြစ်နေတုန်းပါပဲ.. ၂၅ ပတ်ထဲမှာဆိုရင် ကလေးလေးရဲ့ အဆုတ်ဟာ အသက်ရှူတဲ့ကိစ္စကို စတင်လှုပ်ဆောင်လာတော့မှာပါ (အဆုတ်မှာ လေမရှိပေမယ့်လို့).. သူ့ရဲ့ အာရုံကြောတွေကလည်း စပြီး ဖွံ့ဖြိုးလာပါပြီ.. ဒီအချိန်မှာ အလင်းကို တုန့်ပြန်နေပြီဆိုတာ စမ်းသပ်ကြည့်လို့ရနေပါပြီ.. ဗိုက်ပေါ်မှာ ဓာတ်မီးဖြစ်ဖြစ် အလင်းတစ်ခုခုကို ပေးကြည့်ရင် အလင်းရှိရာဘက်ကို ကလေးလေးရဲ့ ခေါင်းက လိုက်လှည့်တာကို စမ်းလို့ရပါတယ်..

၂၄-၂၅ ပတ်ရဲ့ ကိုယ်ဝန်ဆောင်လက္ခဏာများ
ဗိုက်၊ တင်ပါး ခါးတဝိုက်နဲ့ ရင်သားပေါ်မှာ အနီစက်ဖျော့ဖျော့တွေတို့ အစင်းရာတွေတို့ ပေါ်လာတတ်ပါတယ်.. ဒီအချိန်တွေမှာ ဗိုက်က ပူလာတာနဲ့အမျှ အရည်ပြားတွေ တင်းပြီးဗိုက်ကြောပြတ်တာတွေလည်းဖြစ်တတ်လို့ သံလွင်ဆီ/ မုန်ညင်းဆီ တစ်ခုခုကို မှန်မှန်လေးလိမ်းပေးသင့်ပါတယ်.. ယားလာရင် မကုတ်နဲ့..
ဒီတလောတွေမှာ မေမေတို့ရဲ့ မျက်စိက အလင်းကိုအရင်လောက်မခံနိုင်တော့တာ တွေ့ရမှာပါ.. နေအလင်းစူးစူးကြည့်မိရင် မျက်စိယားတာ မျက်စိကိုက်တာတွေဖြစ်လာတတ်ပါတယ်.. နည်းနည်းပါးပါးဆိုရင်တော့ ဒါဟာ ဖြစ်လေ့ရှိတဲ့ Dry-eye လက္ခဏာပါ.. ဒါပေမယ့် အရမ်းဆိုးလာရင်တော့ ဆရာဝန်ပြပြီး စစ်ဆေးသင့်ပါတယ်.. အပြင်ထွက်မယ်ဆိုရင် နေကာမျက်မှန်လေးဆောင်သွားဖို့ မမေ့ပါနဲ့.. သိပ်ဆိုးဆိုးဝါးဝါး မဟုတ်တဲ့လူတွေအတွက်ကတော့ အစိမ်းရောင် V.Rohto မျက်စဉ်းလေးခတ်ပေးရင် သက်သာပါတယ်..

ဒီအချိန်ကာလတွေ ရောက်လာရင် နောက်ထပ်သတိထားဖို့က ခြေထောက်အောက်ချထိုင်တာကို လျှော့ဖို့ပါ.. သွေးကျပြီး ခြေထောက်ယောင်တာတွေ ဖြစ်တတ်ပါတယ်..မကြာခဏ ခြေထောက်ကို ဆန့်ထုတ်ပေးပါ.. ကိုယ်ခန္ဓာအလေးချိန်တိုးလာ ဗိုက်မှာလည်း အလေးချိန်ရှိလာတာနဲ့အမျှ အထိုင် အထ အသွား အလာတွေမှာ နည်းနည်းပိုပြီး ပင်ပန်းလာတော့မှာဆိုတော့ ကျန်းမာပြီး သွေးဆင်းတာလို ကိုယ်ဝန်အနေအထားမမှန်တာလိုတွေ မရှိတဲ့ မေမေတို့ အဖို့ လေ့ကျင့်ခန်းလေးတွေ လုပ် လုပ်ပေးတာက ကောင်းပါတယ်.. ဥပမာ- အကြောလျှော့ အကြောဆန့်ထုတ်တာမျိုး (သေချာသိရအောင် ကိုယ်ဝန်ဆောင် Yogo ကျင့်နည်း လွယ်လွယ်လေးများမှာ ဖတ်ပါ).. ခပ်ဖြည်းဖြည်းမှန်မှန် ရေကူးပေးတာမျိုးက သိပ်ကောင်းပါတယ်.. ရေကန်ထဲမှာ ရေကူးတာဟာ ရေရဲ့ဖိအားက ကိုယ့်ဗိုက်အလေးချိန်ကို ပင့်တင်ပေးပြီး ဗိုက် ခါး ပေါင် ကြွက်သားတွေကို ပြေလျော့စေပါတယ်.. အိပ်လို့ကောင်းစေပါတယ်.. ဒါပေမယ့် ညနေပိုင်းနဲ့ အိပ်ခါနီးတွေမှာတော့ လေ့ကျင့်ခန်းတွေ သိပ်မလုပ်ပါနဲ့..

အိပ်လို့ကောင်းတယ်ဆိုတာ ပြောရင်းနဲ့ ဒီအချိန်မှာ ဗိုက်ကြောင့် အိပ်ရခက်နေတဲ့ မေမေများ.. ဘေးစောင်းအိပ်တာက ကောင်းပါတယ်.. ပက်လက်မအိပ်ပါနဲ့.. ဘေးဘယ်ညာစောင်းတဲ့အခါ ဗိုက်အောက်မှာ ခေါင်းအုံးပျော့ကလေးခံပြီး ခါးနောက်မှာ ခေါင်းအုံးတစ်လုံးထောက်ထားပြီး အိပ်ရင် တော်တော်လေးအဆင်ပြေတာကို တွေ့ရမှာပါ.. ဒါမှမဟုတ် ကိုယ်ဝန်ဆောင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ Mother Pillow ခေါင်းအုံးကို ဝယ်ထားမယ်ဆိုရင်လည်း အဆင်ပြေပါတယ်..

ကြိုတင်ပြင်ဆင်သင့်သည်များ
ကလေးမွေးရင် ဘယ်သူလိုက်ပေးမှာလဲ.. တစ်ခုခုဆို ကိုယ့်အစား ဆုံးဖြတ်ချက်ချပေးနိုင်မယ့်သူ.. ဘယ်သူက ကိုယ့်ကိုအားပေးနိုင်ပြီး အဖော်ဖြစ်စေမလဲစသဖြင့် ကြိုတင်ရွေးချယ်ပြင်ဆင်ထားတော့နော်.. များသောအားဖြင့်ကတော့ ကလေးဖေဖေက တက်ကြွဝမ်းသာစွာ အဖော်သဟဲပြုပေးဖို့ ရှိတတ်ကြပါတယ်.. ဒါပေမယ့် ကိုယ့်အမေ အဒေါ် စသဖြင့် ကိုယ့်အတွက် အကြံဉာဏ်တွေပေးနိုင်မယ့် စောင့်ရှောက်နိုင်မယ့်လူကိုလည်း လိုအပ်မှာပါပဲ..

မေမေတို့အတွက် လှည့်ကွက်ကလေးတွေ
ဝမ်းချုပ်တာဟာ ကိုယ်ဝန်ကာလမှာ ဖြစ်တတ်ပါတယ်.. ကိုယ့်သားအိမ်က အစာအိမ်ဟောင်းကို ဖိထားတာကြောင့်၊ ကိုယ်ဝန်ကာလ ဟော်မုန်းတွေကြောင့်အပြင် ကိုယ်ဝန်ဆောင်တွေသောက်ရတဲ့ သံဓာတ်ပါတဲ့ အားဆေးတွေကြောင့် ဖြစ်တတ်ပါတယ်.. ခက်တာက ဝမ်းချုပ်တာဟာ ကိုယ်ဝန်ဆောင်တွေအတွက် မကောင်းပါဘူး (ဘယ်သူ့အတွက်မှလည်း မကောင်းပါဘူးနော် :D ) .. သူများတွေက ဝမ်းနှုတ်ဆေးသောက်နိုင်ပေမယ့် မေမေလောင်းလျာများက ဝမ်းနှုတ်ဆေးလည်း သောက်မဖြစ်ပါဘူး.. တအားလည်း ညှစ်လို့မရပါဘူး.. ဒီတော့ ဒါတွေအကုန်အဆင်ပြေအောင်ဆိုရင်_
* အမျှင်ဓာတ်ပါတဲ့ အသီးအနှံများများစားပါ၊
* လမ်းလျှောက် ယောဂလုပ် လေ့ကျင့်ခန်းလုပ်ပါ၊
* ဒိန်ချဉ်မှန်မှန်သောက်ပေးပါ
* အိမ်သာတက်ဖို့ကို သီးသန့်အချိန်မှန်ပေးပါ
* အိမ်သာဝင်ခါနီး ရေများများသောက်ပြီး စိတ်လျှော့ပြီးသာထိုင်နေလိုက်ပါ..

2 comments:

  1. နန်းညီရဲ့ ဒီပိုစ့်တွေ အားလုံးကို မဗေဒါ ကိုယ်ဝန်ဆောင်ရင် ပြန်လာဖတ်ဖို့ သေချာမှတ်ထားမှ...

    ReplyDelete
  2. :D ဘာမှမပူနဲ့ pregnancy ဆိုပြီး label တစ်ခုနဲ့ကို သပ်သပ်ခွဲထုတ်ပေးထားတာ

    ReplyDelete

your comment please

Powered by Blogger.