ကိုယ်ဝန်ဆောင်မေမေတို့အတွက် (1st Trimester)

ကိုယ်ဝန်ရှိကြောင်းသိနိုင်မယ့် လက္ခဏာ ၁၀ ခုကို ရေးဖူးပါတယ်.. ကိုယ်ဝန်ရှိစအချိန်တွေမှာလို့ ပြောပေမယ့် ရှိခါစ ၁ ပတ် ၂ ပတ်မှာတော့ စပြီး သိကြသူနည်းပါတယ်.. ကိုယ့်ရာသီစက်ဝိုင်းကျော်သွားမှ စသတိထားမိကြတာဆိုတော့ အနည်းဆုံး ကိုယ်ဝန် ၄ ပတ်ကျော်လောက်မှပဲ သတိထားမိတတ်ကြတာပဲနော်.. ဒီတော့ ကိုယ်ဝန်ရှိစ အချိန်တွေကို ၁ ပတ် ၂ ပတ် စသဖြင့် မရေးတော့ဘဲ ကိုယ်ဝန် ၁ ပတ်ကနေ ၁၃ ပတ်အတွင်းကိုပဲ ခြုံငုံပြီး ရေးလိုက်ပါတယ်..

ကိုယ်ဝန်ဆောင်ကာလတွေကို လနဲ့ မမှတ်ဘဲ ရက်သတ္တပတ်လိုက် ပိုင်းခြားမှတ်သားတာက ပိုပြီး တိကျပါတယ်.. အဲ့ဒီမှာ ကိုယ်ဝန်ဆောင်သည်တွေကို 1st trimester, 2nd trimester, 3rd trimester လို့ ကိုယ်ဝန်ဆောင်ကာလအပိုင်းအခြားတွေ ခွဲထားပါတယ်..
ကိုယ်ဝန် ၁ ပတ်ကနေ ၁၃ ပတ်ကိုတော့ ပထမကာလ အပိုင်းအခြားလို့ သတ်မှတ်ပါတယ်..

ဆရာဝန်ရွေးပါ
ကိုယ်ဝန်ရှိတယ်ဆိုတာသိတာနဲ့ အရင်ဆုံး စစဉ်းစားရမှာက အိုဂျီကောင်းကောင်းပါပဲ.. ကိုယ်က ခုနေ ကျန်းမာနေသေးတယ် ဘယ်လိုမှ မဖြစ်ဘူးဆိုပေမယ့်လည်း ခုကတည်းက အတွေ့အကြုံရှိတဲ့လူတွေကို မေးမြန်းပြီး ဘယ်အိုဂျီကတော့ ဘယ်လို ဘယ်သူကတော့ ဘယ်သို့ စသဖြင့် စပြီး မေးမြန်းစုံစမ်းတာတွေ လုပ်ထားသင့်ပါတယ်နော်.. ဒါမှ ကိုယ်တကယ် လိုအပ်လာချိန်မှာ သိထားသမျှ အချက်အလက်တွေပေါ်အခြေခံပြီး ဘယ်အိုဂျီကိုတော့ အပ်သင့်တယ်ဆိုတာမျိုး ရွေးနိုင်မှာပါ.. ဆေးခန်းနီးတာ၊ စိတ်ရှည်တာ၊ တိကျတာ၊ တကယ်စေတနာပါပါနဲ့ လူနာကြည့်တာ၊ ကျွမ်းကျင်တာ အစရှိတဲ့အချက်တွေကို အခြေခံပြီး ရွေးရတော့မှာပေါ့.. နာမည်ကြီး အိုဂျီဆိုတိုင်းလည်း ကိုယ်နဲ့ သင့်တော်ချင်မှ သင့်တော်မှာလေ..

အစားအသောက်အကြောင်းအခြေခံသိထားရမှာတွေက..
ကိုယ်ဝန်ရှိတဲ့ကာလမှာ အစားကောင်းကောင်းများများစားဖို့ လိုအပ်ပါတယ်.. ပရိုတိန်းပါတဲ့ အသားဓာတ်အစုံ (ကြက်၊ အမဲ၊ ဝက်၊ ငါး၊ ဆိတ် စသဖြင့်) နဲ့ အသီးအရွက်တွေလည်း စားပေးရပါမယ်.. အရင်က စားစား မစားစား ခု ကိုယ်ဝန်ရှိချိန်မှာတော့ အစားကို စုံအောင် ဘာကိုမဆို စားပေးရမှာဖြစ်လို့ ကြိုက်တယ်တွေ မကြိုက်ဘူးတွေ ခဏမေ့ထားကြရအောင်.. အသားငါး အရွက်အသီးတွေအပြင် ခေါက်ဆွဲ၊ အာလူး၊ ပါမုန့်၊ ဆန် စတဲ့ဟာတွေလည်း စားရမယ်.. နို့၊ ဒိန်ချဉ်၊ ထောပတ် စတဲ့ နို့ထွက်ပစ္စည်းတွေကလည်း အရေးကြီးပါတယ်.. အလွန်အကျွံမဟုတ်ဘဲ သင့်တင့်မျှတတယ်ဆိုရင် ဘာပဲဖြစ်ဖြစ် စားချင်စိတ်ရှိရင် စားသာစားပါ.. အရမ်းကြီး မရှောင်ပါနဲ့.. တစ်ခုပဲ ဒညင်းသီး၊ သင်္ဘောသီးအစိမ်း**၊ အသင့်စား ခေါက်ဆွဲထုပ်တွေ၊ အသင့်စားကော်ဖီမစ် တီးမစ်၊ အသင့်စား အသားငါးအလုံးတွေ စတဲ့ ခန္ဓာကိုယ်မှာ အဆိပ်တောက်ဖြစ်စေမယ့်အရာတွေကိုတော့ ရှောင်ပါ..

နန်းညီရဲ့ ဆရာဝန်ကဆိုရင် အရင်က အရမ်းသောက်လာပြီးမှ ရုတ်တရက်ဖြတ်လိုက်တာမျိုးလည်း မဖြစ်စေချင်တော့ ကော်ဖီလည်းသောက်ခိုင်းပါတယ်.. အရင်ကလို ခပ်ပြင်းပြင်း တစ်နေ့ကို ၄ ခွက် ၅ ခွက်တော့ ဘယ်ဟုတ်မလဲ.. ကော်ဖီမှုန့်ပါတယ်ဆိုရုံလေးကို နွားနို့ထဲ ထည့်ပြီး ၃ ရက်ခြား ၄ ရက်ခြားလောက်သောက်တယ်.. ကော်ဖီ လက်ဖက်ရည် စတဲ့ ကဖင်းဓာတ်ပါတဲ့ စားစရာသောက်စရာတွေကို တစ်နေ့ကို ၂၀၀ မီလီဂရမ်ထက် မကျော်တဲ့ ကဖင်းဓာတ်ကတော့ ကိုယ်ဝန်အတွက် ဘာမှ အန္တရာယ်မရှိဘူးလို့ ဆိုပါတယ်.. (မသောက်ဘဲ ရှောင်နိုင်ရင်တော့လည်း ကောင်းတာပေါ့လေ)

ဒီအချိန်မှာ လိုအပ်တဲ့ ဗိုက်တာမင်ဓာတ်တွေက အရေးကြီးပါတယ်.. အန္တရာယ်လည်းမရှိဘဲ သောက်လို့ မမှားတာကတော့ folic acid ပါ.. အိုဘီမင်လိုဆေးမျိုးကိုလည်း သောက်လို့ရပါတယ်.. ဒီအချိန်ကတည်းက အိုဂျီအပ်ထားသူတွေအတွက်ကတော့ ဆရာဝန်က ညွှန်းတဲ့ အားဆေးကိုသာ မှန်မှန်လေးသောက်ပေးရုံပါပဲ.. folic acid ကတော့ မွေးပြီး ကလေးနို့တိုက်ချိန်ထိလည်း သောက်နိုင်ပါတယ်.. BPI က ထုတ်တဲ့ ဖောလစ်အက်ဆစ်ဆေးဗူးလေးတွေက ဈေးလည်းမကြီးဘဲ အကျိုးလည်းများတာမို့ မေ့မနေဘဲ သေချာသောက်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်..

ရှောင်ရမယ့် အစားအစာတွေထဲမှာ ခုနပြောတဲ့ သင်္ဘောသီးစိမ်း ထိပ်ဆုံးကရယ်၊ ဓညင်းသီးနဲ့ အသင့်စားအစားသောက်တွေအပြင် မကျက်တဲ့အသားတွေ (အသားကင် အသားပြုတ်တွေ)ကို သတိထားပြီးစားပါ.. ဆူရှီမှာပါတဲ့ ပင်လယ်စာအစိမ်းတွေကို မစားသင့်ပါဘူး.. စိတ်မချရတဲ့ အချဉ်တည်စားစရာတွေကိုလည်း တတ်နိုင်သလောက်ရှောင်ပါဦး.. တိရိစ္ဆာန်အသည်းတွေကို မစားပါနဲ့.. (လူအသည်းလည်း မစားပါနဲ့ :D ).. အသည်းမှာ ဗိုက်တာမင်အေ သိပ်များတဲ့အတွက် ကလေးကြီးထွားနှုန်းကို ထိခိုက်နိုင်ပါတယ်တဲ့..
ပြီးတော့ အားလုံးသိကြတဲ့အတိုင်း အရက်ဘီယာ နဲ့ ဆေးလိပ် ဆေးခြောက်တွေကို မသုံးစွဲရပါဘူး..

အစားကို အရင်ကထပ် အနပ်ပိုစားတာ တိုးစားတာ လျှော့စားတာမျိုးထက်.. ဗိုက်ဆာဆာ မဆာဆာ အချိန်မှန်မှန်စားတာမျိုးလေး လုပ်ပေးပါ.. တစ်ခုသိသာတာက ကိုယ်ဝန်သည်တွေဟာ ညနက်သန်းခေါင်လည်း ဗိုက်ထဆာတတ်ပါတယ်.. အဲ့ဒီအချိန်မှာ ကြက်ဥပြုတ်လို၊ ငှက်ပျောသီးလိုဟာမျိုးလေးတွေ ဘီစကစ်လေးတွေကို စားဖို့ ဆောင်ထားဖို့ မမေ့နဲ့ဦး..

အိုခေ.. အစားအကြောင်းတွေ ပြောတာများသွားပြီးတော့ ခုတော့ ကိုယ်ဝန်ဆောင် ပထမကာလမှာဖြစ်တတ်တဲ့ ခံစားရမယ့် ရောဂါလက္ခဏာတွေအကြောင်းပါ..

ကိုယ်ဝန်ရှိစမှာ အော့အန်တာ မူးတာတွေဟာ ဖြစ်လေ့ရှိတာတွေပါပဲ.. အော့အန်တာတွေက မနက်ခင်းတင်မဟုတ်ဘဲ ညဘက်တွေမှာလည်း ဖြစ်တတ်ပါတယ်.. ကိုယ်လက်တွေ နွမ်းတာ.. ညောင်းညာတာတွေဖြစ်မယ်.. ကိုယ်အလေးချိန်ကတော့ သိသိသာသာမတိုးလာသေးပေမယ့် ရင်သားတွေကတော့ တင်းပြီးကြီးလာတော့မှာပါ.. အရင်က ဝတ်တဲ့ အတွင်းခံအဝတ်တွေကို ဝတ်ရင် သက်တောင့်သက်သာမဖြစ်ဘဲ ကျပ်နေတာ အသက်ရှူမရတာမျိုးတွေ ဖြစ်တတ်ပါတယ်.. ဆွဲသားမပါတဲ့ သိပ်မတင်းတဲ့အတွင်းခံဘော်လီတွေကို ဝတ်ဖို့ပဲ အကြံပေးပါရစေ..

ဒီအချိန်မှာ ဗိုက်က သိသာစွာမပူလာသေးဘူး ဒါပေမယ့် ကိုယ်ခန္ဓာထဲမှာ အပြောင်းအလဲတွေကတော့ စတင်နေပါပြီ..သွေးခုန်နှုန်းမြန်တာ သွေးလည်ပတ်မှုမြန်လာတာတွေက သိသာတဲ့အရာတွေပါ.. နည်းနည်းလေးလှုပ်တာနဲ့ မောလာတာတွေဘာတွေ စဖြစ်တော့မှာ.. ကိုယ်ဝန် ၈  ပတ်ကနေ ၁၀ ပတ်ဆိုတာနဲ့ ခါးတုတ်လာတာဟာ သိသာတဲ့အရာတစ်ခုဖြစ်လာပါပြီ.. အပြောင်းအလဲတွေက တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး.. တစ်ချို့က အော့အန်တာဖြစ်ပေမယ့် တချို့ကလည်း ဘာမှမဖြစ်တတ်ဘဲ ပြီးသွားတတ်ပါတယ်.. ဆီးမကြာခဏသွားတာ၊ မူးဝေတာ၊ မျက်နှာအဆီပြန်လာတာ၊ ဝက်ခြံတွေထွက်လာတာ၊ အသားအရည်ခြောက်တာ၊ ဆံပင်ကျွတ်တာ၊ နှာခေါင်းကြီးလာပွလာတာ စတာတွေဟာ လူတစ်ဦးချင်းစီပေါ်မူတည်ပြီး ဖြစ်လာမယ့် လက္ခဏာတွေပဲပေါ့..

ဖြစ်လေ့ရှိတာတွေကို သိထားပြီး ဒါတွေဟာ ဖြစ်မှာပဲလို့ စိတ်မှာထားပြီးသာ အရာအားလုံးကို ခေါင်းအေးအေးစိတ်အေးအေးနဲ့ လက်ခံထားလိုက်ပါတော့.. ခါးတုတ်လာရင် အဝတ်စားအသစ်ဝယ်ကြရုံပေါ့နော်.. ကိုယ်ဝန်ဆောင်ဂါဝန် အင်္ကျီလှလှလေးတွေကလည်း ခုခေတ်မှာ ပေါများလိုက်တာ.. ကိုယ်ဝန်မဆောင်ခင်ကထက်တောင် လှအောင်ဝတ်လို့ရပါသေး.. စိတ်မပူကြနဲ့နော်..

ဘဝရဲ့ အပြောင်းအလဲတွေ
ကိုယ်ဝန်ရှိပြီလဲဆိုရော ကိုယ့်အိမ်သားက ပျော်ရွှင်နေပြီး ကိုယ့်အပေါ်သည်းသည်းလှုပ်ဖြစ်နေသူတွေရှိသလို မထူးဆန်းသလို စိတ်မပါသလိုဖြစ်နေတဲ့ အိမ်သားတွေလည်း ရှိမှာပါပဲ.. ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာ ဖြစ်နေတဲ့ မသက်မသာခံစားရတာတွေ စိုးရိမ်တာတွေကို သိမ်းမထားဘဲ ထုတ်ပြောလိုက်ပါ.. ဒီအချိန်ကာလတွေမှာ ကိုယ်တို့ ၂ ဦး စိတ်တူသဘောတူ ကြည်ကြည်နူးနူးရှိဖို့ အရေးကြီးပါတယ်.. ဒါမှလည်း စိတ်ချမ်းချမ်းသာသာနဲ့ ကျန်းမာတဲ့ ကလေးလေးကို မွေးနိုင်မှာပေါ့.. သူတမျိုးဖြစ်နေတယ် ရှောင်ဖယ်နေတယ်.. ဟိုလိုများလား ဒီလိုများလားလို့ စိတ်ထဲမှာ တွေးမနေဘဲ ဖြစ်ပျက်နေတာတွေ ရှေ့ဆက်လုပ်ရမှာတွေ အကုန်လုံးကို သေသေချာချာဆွေးနွေးတိုင်ပင်လိုက်နိုင်ကြရင် ပိုပြီးအဆင်ပြေ ချောမွေ့တဲ့ ကိုယ်ဝန်ဆောင်ကာလတွေကိုရမှာပါ..

ကိုယ်ဝန်ဆောင်ရောဂါလက္ခဏာတွေဟာ တစ်ဦးနဲ့တစ်ဦးမတူဘဲ ကွဲပြားနေသလိုပဲ ဒီအချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ့်ရဲ့လိင်ဆက်ဆံမှုတွေမှာလည်း အပြောင်းအလဲတွေဟာ တစ်ဦးနဲ့တစ်ဦးမတူညီတတ်ကြပါဘူး.. တစ်ချို့ကိုယ်ဝန်သည်တွေဟာ ကိုယ်ဝန်ရှိမှ sexual စိတ်ပိုများတတ်ပါတယ်.. တစ်ချို့ကျတော့လည်း လုံးလုံးစိတ်မပါတော့တာမျိုးဖြစ်တတ်ပါတယ်.. (တချို့ထင်နေသလို ကိုယ်ဝန်ရှိရင် ယောက်ျားနဲ့ အတူမနေရဘူးဆိုတာက မမှန်ပါဘူး).. ဒီတော့ ကိုယ့်မှာ စိတ်တက်ကြွမှုလည်းရှိတယ် အမျိုးသားနဲ့လည်း အဆင်ပြေတယ် ကျန်းမာရေးလည်းကောင်းတယ်ဆိုရင် ပုံမှန်အတိုင်း လင်မယားအတူနေလို့ရပါတယ်.. ဒါပေမယ့် အကြမ်းပတမ်းဆက်ဆံတာမျိုး၊ ဗိုက်ကိုဖိမိတာမျိုးတွေတော့ မဖြစ်အောင် သတိတော့ထားပါ.. ပြီးတော့ ပုံမမှန်ဘဲ သွေးဆင်းတတ်တဲ့လူတွေ၊ သားအိမ်အောက်ကျနေတဲ့လူတွေ၊ နာကျင်မှုရှိတဲ့လူတွေ၊ ပုံမှန်ထက်ပိုပြီး ကိုယ်ဝန်မတည်ငြိမ်တဲ့လူတွေအဖို့ကတော့ ကိုယ့်ဆရာဝန်နဲ့ တိုင်ပင်လိုက်တာအကောင်းဆုံးပါ..

အဲဒီကိစ္စတွေအတွက် စိတ်လည်းမပါတော့ဘူး.. ဒါ့အပြင် ကိုယ်ဝန်ရှိဗိုက်ကြီးပူလာတော့ အရင်လိုမလှတော့ဘဲ ယောက်ျားက မနှစ်သက်မှာကို စိတ်ပူနေတတ်တဲ့လူတွေအဖို့လည်း ခုနကပြောသလိုပဲ ကိုယ့်ယောက်ျားနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ညှိနှိုင်းသင့်ပါတယ်.. စိတ်ကနေ လျှောက်တွေးပြီး ထင်နေတာဟာ ပိုပြီး စိတ်ပူစေတတ်ပါတယ်.. ဘာလို့လဲဆိုရင် နဂိုကတည်းက ကိုယ်ဝန်ဆောင်နေစဉ်မှာ အမျိုးသမီးတွေဟာ စိတ်လှုပ်ရှားခံစားမှု များလွန်းလို့ပါ.. ငိုလွယ် ရယ်လွယ် စိတ်ပူပန်လွယ် စိတ်ဓာတ်ကျလွယ်ပါတယ်.. တချို့ဆိုရင် အလကားနေရင်း ငိုချင်လာပြီး ဝမ်းနည်းပမ်းနည်း မျက်ရည်ကျတာမျိုးတွေဖြစ်တတ်ပါတယ်.. စိတ်က တက်လွယ်ကျလွယ်ပါတယ်.. အလကားနေ စိတ်တိုနေတာမျိုး ရန်လိုနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်မှာပါပဲ.. ဒီတော့ ဒီအချိန်းအတွင်းမှာ ဘေးနားမှာ ကိုယ်နဲ့အတူရှိနေတဲ့ အဖော်အမျိုးသားက ကိုယ့်ရဲ့ စိတ်ခံစားမှုနဲ့ ဖြစ်တတ်တာလေးတွေကို နားလည်သဘောပေါက်ထားပြီး လိုက်လျောညီထွေ လက်ခံပေးမှ နှစ်ယောက်စလုံး အဆင်ပြေပျော်ရွှင်ကြရမှာလေ.. ကိုယ်က ကိုယ်ဝန်ကြောင့် စိတ်တို စိတ်ဆတ်နေချိန်မှာ သူကလည်း ဆတ်ဆတ်ထိမခံ ပြန်လှန်အော်ဟစ်နေရင် ၂ ယောက်စလုံး ပျော်ရတော့မှာ မဟုတ်ဘူးနော်..

စာလည်းတော်တော်ရှည်သွားပြီမို့ ခဏရပ်ထားလိုက်တော့မယ်.. ကိုယ်ဝန်ပထမကာလ (1st trimster) အကြောင်း ထပ်ပြီး သိထားတာလေးတွေ ဖတ်ထားတာလေးတွေ စာနောက်တစ်ပုဒ်မှာ မျှဝေပါ့မယ်.. ဆွေးနွေးချင်တာရှိလည်း comment ပေးပြီး မေးသွားကြပါ.. ဆရာဝန်လည်းမဟုတ်ပေမယ့် ဖတ်ထားသမျှတွေ ကိုယ်ကြုံဖူးထားသမျှ အတွေ့အကြုံတွေကို တတ်နိုင်သလောက်ပြောပြပေးပါမယ်နော်..

မေမေတို့ ကျန်းမာကြပါစေ!!!!

4 comments:

  1. စာအုပ်ထုတ်ပြီး ရောင်းရင် ပေါက်နိုင်တယ် .. :D

    ReplyDelete
  2. ကိုယ်ဝန်ရင့်မှ ဝမ်းချုပ်တယ်ကြားဖူးပေမယ့် သုံးလအတွင်း ဝမ်းချုပ်တာ တော်တော်ခံရတယ်။ အိုဂျီကိုပြောပြတော့ ဝမ်းချုပ်ရင်သောက်တဲ့ ဆေးပေးတယ်။ တော်တော် လေးသက်သာသွားတယ်။ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာအဖြစ်မခံကြပဲ အိုဂျီနဲ့တိုင်ပင်ပြီး ညွှန်ကြားတဲ့ ဆေးကိုသောက်စေချင်ပါတယ်။ သန့်စင်ခန်းကလည်းအကြာကြီးထိုင်လို့မရတော့ တကယ်ဝမ်းသွားချင်မှ ထိုင်တာမျိုးလုပ်သင့်တယ်ထင်တယ်။ အကြောအရမ်းတတ် တတ်တဲ့ ကိုယ်ဝန်ဆောင်တွေလည်း ဆရာဝန်ကိုတိုင်ပင်ပြီး ဆေးတောင်းကြပါလို့။

    ReplyDelete
  3. ဝမ်းချုပ်တာဆိုးတယ်.. ညှစ်လို့လည်းမရ.. ချုပ်တဲ့အတိုင်း ထားလို့လည်းမဖြစ်နဲ့.. အကောင်းဆုံးကတော့ အသီးအနှံစားပေးတာပဲ.. ဆေးချည်းပဲ အားကိုးနေတာလည်း မကောင်းဘူးလေ..

    ReplyDelete
  4. အိုဘီမင်ကဗိုက်ရိုမှသောက်ရတာလားခလေးလိုရုင်လို့လေ

    ReplyDelete

your comment please

Powered by Blogger.