ကိုယ်ဝန်ဆောင်မေမေတို့အတွက် (၂၂-၂၃ ပတ်)

ကိုယ့်အတွက်ကိုယ် ကိုယ်ဝန်ဆောင်ကာလတွေမှာ သိသင့်သိထိုက်တာတွေကို လိုက်ရှာဖွေဖတ်ရင်းနဲ့ မြန်မာလိုရေးသမျှ ဆောင်းပါးတွေမှာ မပါတတ်တဲ့ တချို့အချက်တွေကိုပါ ဖတ်မိပါတယ်.. မြန်မာရှေးရိုးအယူအဆ အမှားတွေတို့၊ ဟိုလူပြော ဒီလူပြောနဲ့ အမှတ်မှားနေတာတွေတို့ကို သေချာဖြေရှင်းပြထားတဲ့ အချက်တွေရော အခြားအသုံးဝင်တဲ့အချက်တွေပါ ဖတ်မိတော့ ကိုယ်သိသမျှ ပြန်မျှဝေဖို့ စိတ်ကူးရပြီး ဒါလေးကိုရေးဖြစ်တယ်..

မေမေလောင်းလျာများအတွက် အသုံးတည့်သော post လေးတွေ ဖြစ်ပါစေ.. =)
-----------------

၂၂-၂၃ ပတ်မှာ ကလေးလေးရဲ့ ကြီးထွားမှု
ဒီအချိန်မှာ ကလေးလေးရဲ့ မျက်လုံးမျက်ရစ်တွေပေါ်နေပြီးတော့ သွားပေါက်ဖို့အတွက် သွားဖုံးနေရာလေးတွေလည်း စပြီး ဖြစ်နေပါပြီ.. အဆုတ်တွေနဲ့ သွေးကြောမျှင်တွေဟာလည်း အသက်ရှူဖို့အတွက်ကို စပြီး ဖြစ်ထွန်းလုပ်ဆောင်နေပြီမို့လို့ ၂၃ ပတ်အတွင်းမေမေတွေဟာဆိုရင် ကိုယ့်ဗိုက်ထဲက ကလေးလေး အသက်ရှူသံလို နှလုံးခုန်သံလိုမျိုးကို စပြီး ခံစားရတော့မှာပါ.. ဒီအချိန်အတောအတွင်းမှာဆိုရင်လည်း ကလေးလေးဟာ စပြီး ကြားနိုင်စွမ်းရှိနေပါပြီ..



၂၂-၂၃ ပတ်ရဲ့ ကိုယ်ဝန်ဆောင်လက္ခဏာများ
ဒီအချိန်မှာ ကိုယ်အလေးချိန် သိသိသာသာတိုးလာတဲ့ အချိန်ပါပဲ.. ကောင်းပါတယ်.. အစားကိုလည်း ပိုပြီး စားချင်စိတ်တွေဖြစ်လာတော့မယ်.. ဒါပေမယ့် ကိုယ်စားချင်လိုက်သမျှတွေဟာ junk food လို့ခေါ်တဲ့ အကျိုးမပေးတဲ့စားစရာတွေ များနေမယ်ဆိုရင်တော့ ကျန်းမာအောင် စားသောက်နေထိုင်နည်းလေးတွေကို နည်းနည်းပြန်ရှာဖွေ မေးမြန်းပြီး စားသင့်ပါတယ်နော်.. မှန်မှန်လေး တိုးသင့်တဲ့ အလေးချိန်အတိုင်း တိုးနေတာဟာ ကောင်းပါတယ်.. ခန္ဓာကိုယ်က ကလေးလေးအတွက် လိုအပ်တဲ့ အာဟာရတွေပံ့ပိုးနေရတာကိုး.. ဒီအချိန်မှာ ရင်သားတွေကလည်း နို့ရည်ဂလင်းတွေ စပြီး တည်ဆောက်နေပါပြီ..

နောက်ထပ်တစ်ခုကတော့ ဆီးသွားတာပါ.. ကိုယ်ဝန်ဆောင်ကာလမှာ သားအိမ်ရဲ့ ဝန်ကြောင့် ဆီးအိမ်ကိုဖိမိနေလို့ ဆီးမကြာခဏ သွားတာဟာ ပုံမှန်ပါပဲ.. ဆီးပူတာ၊ ကျင်တာ၊ သွေးပါတာမျိုးတွေမရှိဘူးဆိုရင် စိတ်ပူစရာတော့မရှိပါဘူး.. အဲလိုမှမဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ ဆီးသွားနေတာမျိုးဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး၊ ဆီးအိမ်တစ်ခုခုဖြစ်နေတာမျိုးများလားလို့ ဆီးစစ်ကြည့်သင့်ပါတယ်.. နောက်ပြီး ကိုယ်က ညကောင်းကောင်း အိပ်မရလောက်အောင် ဆီးသွားနေတယ် ဒါပေမယ့် ဆီးစစ်တော့လည်း အဖြေက အကုန်ကောင်းနေတယ်ဆိုတဲ့လူတွေအတွက်ကတော့ cranberry juice ကိုသောက်ပေးနိုင်ပါတယ်.. (မနက်ပိုင်းမှာ သောက်ပါ.. ညနေနဲ့ ညတွေမှာ အရည်လျှော့သောက်ပေးပေါ့)..

သွားတိုက်ရင် သွေးထွက်တာမျိုး၊ နှာခေါင်းသွေးလျှံတာမျိုးတွေဖြစ်ရင် အရမ်းမလန့်ပါနဲ့.. ကိုယ်ဝန်ဆောင်ဟော်မုန်းတွေက ကိုယ့်ရဲ့ ခန္ဓာကိုယ်အတွင်းကြွက်သားတစ်ချို့ကို ယောင်ယမ်းစေတာမို့ အဲလိုသွေးထွက်တာမျိုးကဖြစ်တတ်ပါတယ်.. သွားကို တစ်နေ့ ၃ ခါလောက်တိုက်ပေးပြီး ခံတွင်းကိုသန့်ရှင်းအောင်ထားပါ.. သွားပွတ်တံကို အမျှင့်ပျော့ပြီး သေးတဲ့ဟာမျိုးကိုသုံးပေးမယ်ဆိုရင် သွားဖုံးကို ထိမိတာနည်းပြီး သွေးယိုတာလည်း ပျောက်သွားမှာပေါ့..

ဘဝရဲ့ အပြောင်းအလဲတွေ 
ဗိုက်ကပူလာတာနဲ့အမျှ ခါးနာတာတွေ ခြေထောက်နာတာတွေ ဗိုက်ကြောပြတ်တာတွေ နံရိုးအောင့်တာတွေဟာ အနည်းနဲ့အများဖြစ်လာတော့မှာပါ.. ဒီအချိန်မှာ ဗိုက်ကို သံလွင်ဆီလေးလိမ်းပြီး နှိပ်နယ်ပေးတာမျိုးဟာ ကိုယ့်ကလေးလေးနဲ့ ကိုယ်နဲ့ကြားမှာ ချစ်စရာကောင်းတဲ့ ဆက်သွယ်မှုလေးတွေကို ဖြစ်ပေါ်စေတာပေါ့.. အထူးသဖြင့် ကိုယ့်အမျိုးသားက ခါးနဲ့ ဗိုက်တွေကို နှိပ်နယ်ပေးတာဟာ သူ့အတွက်လည်း ကလေးလေးနဲ့ ဆက်သွယ်မှုရစေပါတယ်.. တစ်ခါတလေ အဲလို နှိပ်ပေးနေချိန်မှာ အထဲက ကလေးလေးကလည်း အကြောလျော့ပြေပြီး လှုပ်လိုက်တဲ့အချိန်မျိုးဆိုရင် မိဘနှစ်ဦးစလုံး ကလေးလေးရဲ့ လှုပ်ရှားမှုကို ခံစားလို့ရတာပေါ့..

-ဗိုက်ကိုနှိပ်တဲ့နည်း-
လက်ကိုအရင်ဆေးကြောသန့်စင်ပြီး အကြောလျော့အောင် ခါလိုက်ပါ.. ပြီးရင် သံလွင်ဆီနည်းနည်း (ဘော်ဒီလိုးရှင်းကြိုက်ရင်နည်းနည်းထည့်)ပြီး နွေးသွားအောင် လက်ထဲလည်း စိမ့်သွားအောင် လက်နှစ်ဖက်ကို အချင်းချင်း ပွတ်လိုက်ပါ.. ပြီးရင် ခါးလည်းမကျ ဗိုက်လည်းမဟုတ်တဲ့ ဖောင်းဖောင်းကလေးဖြစ်နေတဲ့ ဗိုက်ရဲ့ဘေးဘက် နံစောင်းနေရာလေးတွေက စပြီး အသာအယာလေး စနှိပ်ပေးပါ.. သာမန်အချိန်တွေညောင်းရင် နှိပ်သလို အားမထည့်ရပါဘူး.. ဗိုက်အပေါ်တည့်တည့်ကိုလည်း ဖိမနှိပ်ရပါဘူး.. ပွတ်တယ်ဖိတယ်ဆိုရုံ အသာယာလေးပေါ့.. ပြီးရင် နံစောင်းပေါ်ကနေ ဗိုက်အောက်ဘက် ဆီးစပ်နားအထိ ဗိုက်ရဲ့ အဝိုင်းအတိုင်း အသာလေး ပွတ်ဖိဆွဲပေးပါ.. ၅ ကြိမ် ၆ ကြိမ်လောက် အပေါ်အောက် အပြန်အလှန်နှိပ်နယ်ပြီးရင် ဒီတစ်ခါတော့ နံစောင်းကနေ ရင်ဘတ်ဆီကို အပေါ်ပြန်ပင့်တင်ပြီး ခုနကအတိုင်းပဲ အသာအယာလေးနှိပ်နယ်ပေးလို့ရပါတယ်.. အဓိကအချက်ကတော့ အားထည့်ပြီး လက်ချောင်းတွေနဲ့ မနှိပ်ရဘူး.. ပြီးရင် ဗိုက်ပေါ်တည့်တည့်ကို မဖိရ မနှိပ်ရ မထောက်ရဘူး.. လက်ဝါးပြင်ကိုပဲ သုံးပြီး အသာအယာလေး နှိပ်နယ်ပေးလို့ရပါတယ်.. ခါးတွေ ဇက်ကျောတွေ လက်ပြင်တွေ ခြေထောက်တွေလည်း ထို့တူပဲပေါ့..

သိသင့်သည်များ
- ဒီအချိန်မှာ ကလေးမွေးဖို့အတွက် ဆေးရုံရွေးချယ်တာကအစ ကုန်ကျစရိတ်တွေကို တွက်ချက်စုဆောင်းတာမျိုးတွေ၊ မေမေရော ဖေဖေရော နှစ်ဦးစလုံး အလုပ်ကနေ ခွင့်ယူဖို့ ရက်တွေစီစဉ်တာကအစ လုပ်ရတော့မယ့်အချိန်ပါ.. ကိုယ့်ရဲ့ မွေးမယ့် due date မတိုင်ခင် ၁၅ ပတ်အလိုမှာ အလုပ်ရှင်ကို ခွင့်ရက်တွေအကြောင်း ကြိုတင်ညှိနှိုင်းထားသင့်နေပါပြီ..
- ကလေးပစ္စည်းကလေးတွေ စပြီး ကြည့်ထား ဝယ်ထား စုထားရတော့မှာပေါ့.. လိုအပ်မယ်ထင်တာလေးတွေ မျက်စိထဲမြင်ရာ စိတ်ကူးတည့်ရာ လိုချင်တာလေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ကူးယဉ်ပြီး ဝယ်ကြဖို့ မေမေ ဖေဖေတို့ ပိုက်ဆံအိတ်ထဲ ပိုက်ဆံသာအပြည့်ဖြည့်ထားလိုက်ပေတော့..
- ကလေးမွေးပြီးရင် လုပ်ငန်းခွင်ပြန်ဝင်မယ့် မေမေများကတော့ ကလေးထိန်းကူပေးမယ့် ဖိုးဖိုးဖွားဖွားတွေကို ကပ်ပြီးစည်းရုံးထားရမယ့်အချိန်ပါပဲ.. ဒါမှမဟုတ် ကလေးအထိန်းငှားထားမလား၊ ဘယ်ကနေ ဘယ်လိုလူကိုငှားမှာလဲ၊ ကုန်ကျစရိတ်က ဘယ်လိုရှိမလဲ.. စသဖြင့် မွေးပြီးနောက်ကာလတွေအတွက်လည်း ကြိုတင်စဉ်းစားထားသင့်နေပါပြီ..
- လမ်းလျှောက်ပေးဖို့ကတော့ လူတိုင်းက မကြာခဏပြောကြမှာပေါ့နော်.. တစ်နေ့မှာ နာရီဝက်လောက် လမ်းကိုဖြည်းဖြည်းနဲ့ မှန်မှန် (လေကောင်းလေသန့်ရှူလို့ရတဲ့နေရာမှာ) လျှောက်ပေးတာဟာ ညဘက်အိပ်ပျော်စေတဲ့အပြင် ကိုယ်လက်ညောင်းညာကိုက်ခဲတာအတွက်လည်း သက်သာစေပါတယ်.. ခြေထောက်တွေနာတဲ့အထိတော့ မလျှောက်ကြနဲ့ပေါ့နော်..

မေမေတို့အတွက် လှည့်ကွက်ကလေးတွေ
ကိုယ်အလေးချိန်တိုးလာပြီး ကိုယ့်ခြေဖဝါးတွေက မခံနိုင်အောင် နာကျင်နေတတ်တဲ့ မေမေတို့ဟာ ဖော့ပါပြီးပေါ့ပါးတဲ့ အိအိထူထူဖိနပ်ကလေးတွေကို ရွေးချယ်ပြီး စီးသင့်နေပါပြီ.. မြန်မာနိုင်ငံကမေမေတွေအတွက် အကောင်းဆုံးကတော့ အောက်ကပုံထဲက ဖိနပ်ကလေးတွေပါ.. တခြားဖိနပ်တွေလည်းရှိမှာပေါ့.. ဒါလေးကတော့ ဈေးလည်းမကြီးဘဲ ခြေထောက်မှာလည်း တော်တော်လေး နေရသက်သာပါတယ်.. အနော်ရထာလမ်းက ပန်းချယ်ရီဖိနပ်ဆိုင်၊ ယုဇနပလာဇာအောက်ဆုံးထပ် နဲ့ ဗိုလ်တစ်ထောင်က Yurimeko ဆိုင်တွေမှာတော့ တွေ့ဖူးပါတယ်..

(နန်းညီ အမေဖိနပ်ကို ဓာတ်ပုံရိုက်ထားတာ.. နန်းညီအမေကလည်း ခြေထောက်နာတတ်လို့ ဒါပဲ စီးတာ ၁၀ နှစ်ကျော်ပြီ)
----------------------
ကိုယ်ဝန်ဆောင်မေမေတို့အတွက် ၂၁ ပတ်
ကိုယ်ဝန်ဆောင်မေမေတို့အတွက် first trimester

No comments:

your comment please

Powered by Blogger.