အအေးမိခြင်း

တနင်္ဂနွေမိုးရေစက်တွေလား.. ဇူလိုင်မိုးစက်များလား.. ဒါမှမဟုတ် အာဇာနည်နေ့အတွက် ကျလာတဲ့ ကောင်းကင်မျက်ရည်တွေလား.. ဘယ်လိုခေါ်ရမလဲ မသိပေမယ့် မနက်ကတည်းက ဖွဲလိုက် သည်းလိုက်နဲ့ ရန်ကုန်မိုးကတော့ တစ်နေ့လုံးစွေရွာနေမယ့်ပုံပဲ..

အိမ်ထဲမှာပဲ စာအုပ်တစ်အုပ်နဲ့ ခွေခွေးလေးဇိမ်ကျနေချင်ခဲ့ပေမယ့်လည်း မဖြစ်.. အင်မတန်ဒုက္ခပေးလေ့ရှိသော သူငယ်ချင်းလေးက ပစ္စည်းပို့ပေးဖို့ မှာထားတာမို့ မိုးထဲလေထဲမှာပဲ မိုးကာလေးဝတ်လို့ထွက်လာခဲ့ရတယ်.. ပျင်းစရာကောင်းလိုက်တာ..

မိုးထဲလေထဲမှာပဲ ကိုယ့်လိုလူတွေကလည်း အများသား.. ရောင်စုံထီးတွေ ရောင်စုံလူတွေ လမ်းမပေါ်မှာ ရှုပ်ရှက်ခတ်ပြည့်ကျပ်လို့နေတာပဲ.. တောင်ကလူက မြောက်ဘက်သွားသည့် ကားများပေါ်မှာ.. မြောက်ဘက်ကလူတွေက တောင်ဘက်ကိုသွားဖို့ကြိုးစားလို့.. ကိုယ်တိုင်ကလည်း အရှေ့အရပ်ကနေ အနောက်အရပ်ကိုသွားမလို့လေ..
ဘတ်စ်ကားပေါ်မှာ အသိနဲ့တွေ့တော့ “ညီညီဘယ်လဲ”လို့ နှုတ်ဆက်လို့ “ရှမ်းမလေးဂိတ်ကို”လို့ ပြန်ဖြေခဲ့တယ်.. တကယ်တော့ ရှမ်းမလေးဂိတ်ကို မသွားခင် ဘဏ်မှာဝင်ပြီး ပိုက်ဆံထုတ်ရဦးမှာ.. ဒါပေမယ့် အဲဒိလောက်အသေးစိတ်ဖြေနေလည်း သူ့အတွက် ဘာမှအကျိုးမရှိပါဘူး.. ကိုယ့်အတွက်လည်း အကျိုးမရှိတာမို့ လွယ်လွယ်ကူကူပဲ ဖြေခဲ့လိုက်တာ..

ဘဏ်မှာငွေထုတ်တာက ဘာမှထူးထူးဆန်းဆန်းမရှိဘူး.. ဟိုလိုလို ဒီလိုလိုနဲ့ပဲ ရှမ်းမလေးကားဂိတ်ကိုရောက်ခဲ့တယ်.. “တောင်ကြီးကို ပစ္စည်းပို့မလို့” လို့ ပြောတော့ သူက “လိပ်စာပြော”လို့ပြောတယ်.. “ဘာပစ္စည်းလဲ”တဲ့.. “ပန်းချီဆွဲတဲ့ Pastle ဗူးပါ” ဆိုတော့ ပြေစာစာရွက်ပေါ်မှာ “ကတ်ထူဗူးပြားသေး”လို့ ရေးလိုက်ပြီး ၁၀၀၀ ကျတယ်ပြောတယ်.. ယူလာတဲ့ပလတ်စတစ်အိတ်ထဲပြန်ထည့်ပေးတော့ “မလိုဘူး”တဲ့.. “ရေစိုမှာစိုးလို့ပါ.. ရေစိုလို့ မဖြစ်ဘူး”လို့ ပြောတော့.. “ဘာပစ္စည်းမို့လဲ”လို့ မေးပြန်တယ်.. ခုနက ကိုယ်ဖြေလိုက်တဲ့ ပတ်စတယ်ဗူးပါဆိုတာကို မကြားတာပဲလား မေ့သွားတာပဲလားတော့ မသိဘူး.. ကိုယ်ကတော့ ထပ်မဖြေပေးလိုက်ပဲ အိတ်ထဲပဲဇွတ်ထည့်လိုက်တာပါပဲ.. သူကလည်း မတားတော့ပြန်ဘူး..

ကားဂိတ်ကထွက်လာတော့ မိုးကပိုပြီးသည်းလာတယ်.. အငြိုးနဲ့ရွာနေသလိုပဲ ဒေါသသံတောင်နည်းနည်းပါနေတယ်လို့ ထင်လိုက်မိသေး.. ကိုယ့်မှာကထီးမပါဘူးလေ.. မိုးကာလေးနဲ့ဒီမိုးထဲထွက်သွားရင်တော့ စိုရွှဲသွားမှာသေချာနေတာမို့ နီးရာလက်ဘက်ရည်ဆိုင်ထဲဝင်ပြီး ဆေးလိပ်တပွဲမှာသောက်နေလိုက်တယ်.. လန်ဒန်တစ်လိပ် ၁၅၀ ဖြစ်နေပြီ.. ဒီအတိုင်းဆိုရင်တော့ မာဘိုရိုပဲသောက်တာကမှ ပိုတန်ဦးမယ်.. ဆေးလိပ်သောက်နေရင်း ဘာမဆီညာမဆိုင် ကိုယ့်ချစ်သူလေးကို သတိရမိတော့ ဖုန်းဆက်ပြီးလှမ်းခေါ်လိုက်တယ်.. ကိုယ်ပိုက်ဆံထုတ်ထားတာမို့ ရုပ်ရှင်သွားကြည့်မလားမေးတော့ “ခု ဘယ်မှာလဲ”တဲ့.. သူလည်း မဆီမဆိုင်မေးခွန်းတွေတော့ အတော်မေးတတ်သားလို့ တွေးမိပြီး ကိုယ်ပြုံးမိသေးတယ်.. တစ်ယောက်ထဲအဲလိုပြုံးတာကိုမြင်ရင် သူကတော့ စိတ်တိုဦးမှာပါပဲ.. “ပါရမီညောင်ပင်”လို့ပြောတော့.. “ဘာလုပ်နေတာလဲ အဲ့ဒိမှာ”တဲ့.. “ရှမ်းမလေးဆီလာတာ”လို့ဆိုတော့ “ဘယ်ကရှမ်းမလဲ”လုပ်ပြန်ရော.. “ရုပ်ရှင်ကြည့်မှာလား.. မကြည့်ရင် ကိုယ်အိမ်ပြန်တော့မယ်”ဆိုမှ “အင်း ခုထွက်လာခဲ့မယ်.. မြို့ထဲရောက်ပြီဆိုရင် ဖုန်းဆက်လိုက်လေ” တဲ့..

မိုးကလည်းစဲသွားတာနဲ့ အတော်ပဲ.. ကားငှားပြီး ကိုယ်မြို့ထဲထွက်လာခဲ့တယ်.. နေပြည်တော်ရုံမှာ X-Man တင်တယ်.. ကိုယ်သိပ်မကြိုက်တဲ့ကားမျိုးပဲ.. Special Effect တွေ ဗုံးဗောလအောသုံးထားတဲ့ လူကြီးပါဝါရိမ်းဂျားကားမျိုး.. ရှေ့ဆောင်မှာက Terminator 4 .. သူလည်းသိပ်မထူးပါဘူး.. ဒါပေမယ့်လည်း မင်းသားက ကိုယ်ကြိုက်တဲ့မင်းသားမို့ အဲ့ဒိကားပဲကြည့်လိုက်တော့မယ်.. ၃ နာရီခွဲပွဲအတွက် လက်မှတ် ၂ စောင်ဝယ်ပြီး ဖုန်းဆက်တော့ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ..”နဲ့တိုးတယ်.. ၁၀ မိနစ်စီခြားပြီး ၃ ခါဆက်ပေမယ့် အဲဒိအတိုင်းပဲ.. ကိုယ် နည်းနည်းတော့ စိတ်ပျက်သွားတယ်.. ရုပ်ရှင်မစခင် ၁ နာရီလောက်အချိန်လေးမှာ အေးအေးဆေးဆေး ကော်ဖီတူတူထိုင်သောက်မယ် စိတ်ကူးထားတာ ခုတိုင်းဆိုရင်တော့ မဖြစ်မြောက်လောက်တော့ဘူးနဲ့တူတယ်.. တစ်ယောက်ထဲပဲ ကော်ဖီမှာပြီး ဟိုဟိုဒီဒီငေးနေလိုက်တော့တယ်..

၃ နာရီကျော်တဲ့အထိ ဖုန်းမခေါ်ဘူး.. သူ့ကိုခေါ်တော့လည်း Out of Service Area ချည်းပဲ.. မက်ဆေ့ခ်ျဆားဗစ်ကို ခုထိမဖွင့်ရသေးတဲ့ ကိုယ့်ဖုန်းကိုယ်စိတ်တိုသွားတယ်.. ၃ နာရီခွဲပြီ.. ဘယ်လိုမှလည်း အဆက်အသွယ်မရဘူး.. ဖုန်းခဏခဏ ခေါ်ဖို့လည်း ကိုယ်ကပျင်းနေတယ်.. မိုးအေးအေးနဲ့ တစ်ယောက်ထဲငေါင်တောင်တောင်ထိုင်နေရင်း အိပ်ငိုက်လာတယ်နဲ့တူတယ်.. ဘယ်မှလည်း မထချင် မသွားချင်ဖြစ်လာတယ်.. ရုပ်ရှင်လည်းမကြည့်ချင်တော့ပဲ အနော်ရထာလမ်းဘက် လျှောက်ကြည့်မယ်စိတ်ကူးပြီး ဆိုင်ထဲကထွက်လာတော့ မိုးကသည်းနေပြန်တယ်.. မထူးဘူးကွာဆိုပြီး မိုးရေထဲပဲ လျှောက်လာလိုက်တော့တယ်.. ထွက်လာပြီးမှ ရုပ်ရှင်ကလည်း ကြည့်တော့ကြည့်ချင်သား.. အေးလေ မနက်ဖြန်ဖြစ်ဖြစ် ထပ်လာလိုက်တာပေါ့..

ကောင်မလေးတွေ အများကြီးပဲ.. တစ်ချို့က ရေစိုစိုထမိန်တွေနဲ့ ကြည့်လို့လှပြီး တစ်ချို့က ဘောင်းဘီတိုလေးတွေနဲ့ ချစ်စရာကောင်းနေတယ်.. အိပ်ငိုက်တောင် နည်းနည်းပြေသွားသလိုပဲ.. လျှောက်လာရင်းနဲ့ ကင်မရာဆိုင်ကြော်ညာထားတဲ့ ဆိုင်းဘုတ်အကြီးကြီးကိုမြင်တော့ သူငယ်ချင်းမလေးတစ်ယောက်ပြောဖူးတဲ့ ဆိုင်ရှင်ကဆက်ဆံရေးမကောင်းဘူးဆိုတဲ့ဆိုင်ပဲလို့ သတိရလိုက်တယ်.. ဝင်ကြည့်ချင်စိတ်ပေါ်လာတာနဲ့ ၃၄ လမ်းထဲကွေ့ဝင်ခဲ့ပြီး ဆိုင်ရှေ့ရောက်ကာမှ ကိုယ့်တစ်ကိုယ်လုံး စိုရွှဲနေတာသတိရသွားပြီး မဝင်မိတော့ဘူး..

ဟိုလျှောက်ဒီလျှောက် လျှောက်ရင်းနဲ့ပန်းဆိုးတန်းနားရောက်လာတော့ မန်းမြို့တော်ပေါက်စီဆိုင်တွေ့လို့ ပေါက်စီဝင်စားလိုက်သေးတယ်.. ဒီဆိုင်ကတော့ ရေစိုစိုလူတစ်ယောက်ဝင်လာလည်း မငြူစူပါဘူး.. ဗိုက်ပြည့်သွားတော့မှ တစ်နေ့တာအတွက်ပြည့်စုံသွားသလိုပဲ.. အဲ့ဒါနဲ့ပဲ အခန်းကိုပြန်လာလိုက်တယ်.. မနက်က ထွက်လာတုန်းက အိပ်ရာတောင် မသိမ်းခဲ့မိဘူး.. အတော်ပဲဖြစ်သွားတာပေါ့.. အဝတ်အစားတွေ ချွတ်ပြီး ရေချိုးခန်းထဲပစ်ထည့်.. တွေ့ရာတီရှပ်တထည်နဲ့ ဘောင်းဘီတိုကို ကောက်စွပ်ပြီး အိပ်ရာပေါ်ပစ်လှဲပစ်လိုက်တယ်.. အား... အရသာရှိလိုက်တာ.. ကျောအောက်မှာ စီဒီပြားတစ်ချပ်ခုလုခုလုဖြစ်နေလို့ ဆွဲထုတ်လိုက်တော့ စီဒီချပ်ပေါ်က ဂျပန်မလေးက ပြုံးပြီးကိုယ့်ကိုကြည့်နေတယ်.. ဒါကိုဖွက်ထားဦးမှ.. ကိုယ့်ချစ်သူလေးက တစ်ခါတလေလာလို့ ဒါမျိုးတွေမြင်ရင် စိတ်ကောက်တတ်တယ်.. စိတ်ကောက်ရင် ချော့ရတာ မပင်ပန်းပေမယ့် သူစိတ်ကောက်ရင် ရုပ်ဆိုးတယ်လို့ ကိုယ်ထင်တာပဲ.. ကိုယ်က မျက်စိထဲမှာ ကြည့်လို့လှနေမှ သဘောကျတယ်..

တစ်နေ့လုံး လျှောက်သွားထားလို့လားမသိဘူး တော်တော်လေးညောင်းနေသလိုပဲ.. ခြေထောက်တွေနာနေတယ်.. ခြေထောက်ကိုထောင်ပြီး လက်နဲ့နှိပ်ပေးလိုက်တော့မှ နည်းနည်းနေသာထိုင်သာရှိသွားတယ်.. ဇိမ်ပဲလို့ ကိုယ်တွေးမိသွားတယ်.. သူများနှိပ်ပေးရင် ပိုကောင်းမှာနော်.. ဒါပေမယ့် ထားပါတော့လေ.. ကိုယ့်ခြေထောက်ကိုယ်နှိပ်ပြီး ကျေနပ်နေတုန်း ဖုန်းမြည်လို့ ကိုင်လိုက်တော့ ကိုယ့်မေမေဖြစ်နေတယ်.. ပိုက်ဆံလွှဲလိုက်တာ ရပြီလား.. သင်တန်းတွေရော အဆင်ပြေလား.. နေရထိုင်ရရော ဘယ်လိုလဲ.. ကြီးကြီးတို့ ဘဘတို့ဆီမှန်မှန်သွားရဲ့လား စတဲ့ ထုံးစံအတိုင်းမေးခွန်းတွေပေါ့.. မေမေ့အသံကြားတော့ ခေါင်းတွေတောင် ကိုက်လာသလိုပဲ.. အဲလိုပြောလိုက်ပြန်ရင်လည်း ကိုယ့်ကို စိတ်တိုဦးမှာမို့ အားလုံးကိုလိုက်လျောညီထွေဖြစ်အောင် ကိုယ်ဖြေပြီးတော့မှ သူကျေနပ်သွားပုံပဲ.. နောက်တော့ ဟိုဟာဒီဟာလေးတွေပြောရင်း ကလောက်ကနဲ ဖုန်းကျသွားမှပဲ ကိုယ်လည်း နားအေးသွားတော့တယ်..

မေမေတို့အစား ကိုယ်ကတော့ ပင်ပန်းလိုက်တာ.. ကိုယ့်ရှေ့ရေးအတွက်ဆိုပြီး အစားဝင်ခေါင်းရှုပ်ခံနေတယ်.. ခုအတိုင်းနေတော့လည်း ကိုယ့်ဘဝအေးချမ်းတာပါပဲ.. ဘယ်လိုပဲ ဖြစ်ဖြစ်လေ ကလန်ကဆန်လုပ်ရမှာလည်း မလုပ်ချင်တော့ ဒီလိုလေးပဲနေလိုက်တာကောင်းပါတယ်.. ရောက်တတ်ရာရာတွေးရင်း အိပ်ကလည်း အိပ်ချင် ချမ်းကလည်းချမ်းလာတော့ ညစာမစားပဲ အိပ်ပစ်လိုက်ဖို့ စိတ်ကူးလိုက်တယ်.. ဗိုက်ဆာလို့ နိုးလာမှပဲ ခေါက်ဆွဲဖြစ်ဖြစ်ပြုတ်စားလိုက်တာပေါ့.. စောင်ကိုယူခြုံပြီး ကွေးတုန်းမှာပဲ ဖုန်းကမြည်လာပြန်တယ်.. ကိုယ့်ချစ်သူလေးပါ.. နေ့လည်က သူ့အမေခေါ်လို့ လိုက်သွားရတဲ့အကြောင်းနဲ့ မလာဖြစ်တာ စိတ်မဆိုးနဲ့ ဆိုတာကို ထပ်ခါတလဲလဲရှင်းပြနေတယ်.. ကိုယ်က ရပါတယ်လို့ပြောတော့လည်း မဟုတ်ပြန်ဘူး.. သူ့ကိုအေးစက်စက်ဆက်ဆံတယ်တဲ့.. စိတ်မဆိုးဘူးဆိုပြန်တော့လည်း ရုပ်ရှင်ကို ဘယ်သူနဲ့ကြည့်ဖြစ်လိုက်လဲတဲ့.. ရုပ်ရှင်ကိုတောင် မကြည့်ဖြစ်ဘူးပြောပြန်တော့ ဂိမ်းသွားဆော့နေပြန်တယ်မဟုတ်လားတဲ့.. အား.. ခေါင်းတွေပိုကိုက်လာတာနဲ့ပဲ ဖုန်းကိုပိတ်ပစ်လိုက်တယ်.. မတတ်နိုင်ဘူး.. စိတ်တိုလည်း နောက်နေ့မှပဲ ချော့တာပေါ့.. ချော့လို့မရရင်တော့လည်း ကိုယ်လည်းမသိတော့ဘူး..

လောလောဆယ်တော့ ခေါင်းတွေသိပ်ကိုက်နေပြီး ချမ်းလည်းချမ်းနေတယ်.. ဟပ်ချိုး ဟပ်ချိုးနဲ့ နှာချေတာကလည်း ကိုယ့်အသံတောင် ကိုယ်ပြန်လန့်နေမိသလိုပဲ.. မိုးရေစိုထားတဲ့ ခြေထောက်တွေကလည်း ကိုက်ခဲလို့.. အခန်းမှာ ဆေးတစ်ခုခုများရှိလားလို့ အပြေးအလွှားစဉ်းစားပေမယ့် ဘယ်လိုမှ စဉ်းစားလို့မရဘူးဖြစ်နေတယ်.. စောင်ကို ၂ ထပ်လောက်ခြုံပေမယ့် နွေးမလာဘူး.. ခေါင်းကို တစ်ခုခုနဲ့ ထုနေသလိုပဲ တဒိတ်ဒိတ်နဲ့ သွေးတိုးနေတာ သိပ်ခံရခက်တာပဲ.. ကိုယ် အအေးမိပြီး ဖျားတာဖြစ်မယ်ထင်တယ်.. မသေချာဘူး.. တုပ်ကွေးများလား.. ဒါလည်းမသေချာဘူး.. တုပ်ကွေးလက္ခဏာတွေ အအေးမိတာရဲ့လက္ခဏာတွေကို ကိုယ်မှမသိတာ.. အင်းလေ.. အအေးမိတာဖြစ်ဖြစ် တုပ်ကွေးဖြစ်ဖြစ် အရင်ညတွေနဲ့ မတူတဲ့ အတွေ့အကြုံတစ်ခုကို ရနေတာတော့ အမှန်ပဲ.. နာချင်လည်းနာကွာ ကိုက်ချင်သလောက်ကိုက်လို့ စိတ်ကိုလျော့ထားပြီး နားထင်ရင်းက သွေးတိုးနေတာကို ကိုယ်လိုက်ပြီး ရေနေမိတယ်..
ဒိတ်.. ဒိတ်... ဒိတ်.. ဒိတ်

No comments:

your comment please

Powered by Blogger.