တည်နေရာများပုံပြင်

ဘဝ ..
ထိုမိန်းမသည် ရန်ကုန်တွင်နေသည်..
သူမ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးသည် ရန်ကုန်က သူမမိဘအိမ်တွင် တစုတဝေးထဲ နေကြ၏.. သူတို့သည် သူမ ဦးနှောက်၏ အမိန့်ပေးစေခိုင်းချက်များအတိုင်း ပုံမှန်အလုပ်လုပ်ကြပါသည်.. မိဘအိမ်သည် သူမ၏ဘဝလည်းဖြစ်သည်..

ဝိဥာဉ် ..
ထိုမိန်းမ၏ ဝိဥာဉ်သည် တောင်ကြီးကဖြစ်သည်..
ဝိဥာဉ်သည် ဝိဥာဉ်ပီသသောကြောင့် ဖြူစွတ်ပါးလှပ်သော သဏ္ဍာန်ရှိပါသည်.. ကောင်းကင်မှာ ပြေးလွှားနေသော တိမ်ထုဖြူဖြူများကို မြင်လျှင် ဝိဥာဉ်လေးကိုသတိရမိကြောင်း သူမကပြောဖူးသည်.. တိမ်ထုများသည် ပုံသဏ္ဍာန်အတည်တကျမရှိပါ.. အမြဲပြောင်းလဲနေတတ်သည်.. သို့သော် များသောအားဖြင့်တော့ တိမ်ဆိုသည်မှာ အဖြူရောင်ရှိပြီး ပါးလျနူးညံ့သည်ဟု လူအများက သတ်မှတ်ထားပါသည်.. သူမကလည်း ထိုသို့ပင် သတ်မှတ်၏..

နှလုံးသား ..
ထိုမိန်းမ၏ နှလုံးသားသည် လားရှိုးဇာတိဖြစ်ပါသည်..
နှလုံးသားသည် ပူနွေးသော သွေးလည်ပတ်မှုကိုဖြစ်စေ၏.. သူမစိတ်တွေကို နွေးထွေးစွာလုံခြုံစေပါသည်.. အချစ်ဟူသော ခံစားမှုကိုလည်း နှလုံးသားက ခံစားသည်ဟု ဆိုကြသည်.. အချစ်ကို မြေနီလမ်းလေးတစ်ခုနှင့် တူသည်ဟု သူမကပြောလျှင် အားလုံးလက်ခံကြမည်လား.. (ကျွန်မကတော့ လက်ခံလိုက်ပါသည်).. ရိုးရှင်း၍ချစ်စရာကောင်းသော မြေလမ်းနီနီလေး.. အဖုအထစ် အကွေ့အကောက်တွေရှိသော်လည်း ရှည်လျားပါသည်.. အဆုံးကို မမြင်ရ.. ဘယ်တော့မှဆုံးမှာမဟုတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သေးသည်..

အတွေးများ ..
ထိုမိန်းမ၏ အတွေးများသည် ကျွန်းဆွယ်နိုင်ငံတစ်ခုမှာ ပုန်းအောင်းနေပါသည်..
အတွေးများက သူမစာရေးနိုင်ရန် စာဖတ်ရန် ပန်းချီဆွဲရန် ကဗျာရေးရန် ကဗျာဖတ်ရန် ဒီဇိုင်းများတီထွင်ရန် လင်းလက်သောဥာဏ်ကိုပေး၏.. နေရောင် လရောင်များကို သူမ မချစ်ပါ.. အနက်ရောင် ကောင်းကင်ထဲက ကြယ်ကလေးများ၏ ဖျိုးကနဲ ဖျတ်ကနဲအလင်းရောင်လေးများမှာသာ အားထားစရာဖြစ်ပါသည် ဟုဆိုသည်.. ကြယ်ကလေးတစ်လုံး ဖြုတ်ကနဲကြွေကျသွားတိုင်း သူမရင်မှာ စူးအောင့်ခြင်းဝေဒနာ ဖြစ်ပေါ်တတ်ကြောင်း ကျွန်မကြားဖူးထားပါသည်..

ရယ်မောသံ ..
ထိုမိန်းမ၏ ရယ်မောသံများသည် အင်မတန်သေးကွေး၍ တိုးတက်ခေတ်မီသော နိုင်ငံတစ်ခုမှာ ကျောင်းတက်နေပါသည်..
ရယ်သံများကို ချစ်တတ်သော သူမသည် မိုးရွာပြီးစ သစ်ရွက်သစ်ပင်များ စိမ်းစိုလတ်ဆတ်နေသောအခါ ပျော်ရွှင်ရယ်မော၏.. ရယ်မောခြင်းကြောင့် သူမကို လူအများက နှစ်လိုပါသည်.. သူမအတွက်လည်း ခွန်အား ဖြစ်စေပါသည်.. ထို့ကြောင့် သူမ ရယ်ပါသည်.. စိမ်းစိုခြင်း လတ်ဆတ်ခြင်း ပေါ့ပါးလွတ်လပ်ခြင်းနှင့် ပျော်ရွှင်ရယ်မောခြင်း.. အစိမ်းရောင်သည် သူမကို ရယ်မောအောင် စွမ်းဆောင်နိုင်ပြန်သည်..

တည်နေရာတွေအကြောင်း ..
မြေနီလမ်းကလေး.. သစ်ပင်များနှင့် မိန်းမတစ်ယောက်သည် တိမ်ဖြူဖြူများပြေးလွှားနေသော ကြယ်ရောင်လင်းလက်နေသည့် ကောင်းကင်အောက်ရှိ မြို့တစ်မြို့မှာနေပါသည်..

No comments:

your comment please

Powered by Blogger.