Black Devil ပုံပြင်

လက်ကလေးတွေ အတော်လှတယ်..

တဖက်စားပွဲကို အကုန်မြင်ရဖို့ဆိုလျှင် ကြားထဲက ထန်းပင်လိုလို ကွမ်းပင်လိုလို ပန်းအိုးအကြီးကြီး ဖယ်မှရမည်.. နေရာရွှေ့ထိုင်ပြန်ရင်လည်း အဆင်ပြေမည်မထင်ချေ.. ကိုယ်က သူ့ကို မြင်ရတာတင်မကဘဲ သူကပါ ကိုယ့်ကို မြင်ရသွားမည့် အနေအထားဖြစ်နေသည်.. ပြီးတော့ အတူထိုင်နေသူတွေက ဘာလို့နေရာပြောင်းတာလဲ မေးနေတော့မည်.. ထားပါတော့.. ခုတိုင်း မြင်ရသလောက်တော့ ဆံပင်ပျော့ပျော့စင်းစင်းလေးတွေက ပုခုံးနားထိရှည်ရှည်.. တီရှပ်အနက်ရောင်နှင့် ဂျင်းပန်မီးခိုးရောင် ဖျော့ဖျော့ဝတ်ထားတာက အတော်လေး စတိုင်ကျသည်.. ခြေထောက်ကို သေချာမမြင်ရသော်လည်း သူ့လက်ချောင်းလေးများလိုပဲ သွယ်သွယ်ရှည်ရှည် လှလှပပလေး ဖြစ်မှာပါပဲ..

သူ့မျက်နှာချင်းဆိုင်မှာ ရှိသည့်လူကို မမြင်ရပေမယ့် အတော်လေးကို ချွဲချွဲနွဲ့နွဲ့စကားပြောတတ်သည့် အမျိုးသမီးငယ်တစ်ယောက်ဖြစ်မည်လို့ အတပ်စွပ်စွဲလိုက်မိ၏.. အသံက ချိုချိုအီအီ ခပ်တိုးတိုး.. ထိုမိန်းမငယ်လေးကို သူစကားပြန်ပြောနေဟန်က ချစ်စရာကလေးတစ်ယောက်ကို အစွမ်းကုန်အလိုလိုက်တော့မည့် ဟန်ပန်မူရာပဲ.. မကြာခဏ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သံကို ကြားရတတ်သည်.. ထိုအခါမျိုးတွင် ဆံပင်များ ရမ်းခါသွားတတ်လျက် သစ်ရွက်များနှင့်ကွယ်နေသော မျက်နှာတခြမ်းကို ခဏမြင်လိုက်ရ၏.. နှာတံလည်း ဖြောင့်ဖြောင့်စင်းစင်း.. ချောမှာပါပဲ.. ပြီးတော့ စိတ်ရှည်ပြီး ချိုသာနွေးထွေးမည့်ပုံလည်းပေါ်သည်..
ပထမတော့ လက်ကို စားပွဲပေါ်တင်ထားကာ သူထိုင်နေ၏.. လက်ဖျံများက ဖြူဖြူဝင်းဝင်းနဲ့ ကျစ်လျစ်သန်မာကြသည်.. မွေးညင်းလေးများ ခပ်လက်လက်က အနည်းငယ်ပိုမို များပြားနေသလို ထင်ရသော်လည်း ကြည့်လို့တော့ ရုပ်မဆိုးသွားပါ.. စားပွဲပေါ် လက်တင်ထားရင်း ရေဖန်ခွက်ကလေးကို သူ ကိုင်ကာ ဆော့နေ၏.. လက်မှာ ဟန်းချိန်း သို့မဟုတ် နာရီ တစ်ခုခုကလေးတောင်မှ ဝတ်မထားဘဲ ရှင်းရှင်းလင်းလင်း လှလှပပလေး.. ခဏကြာတော့ စီးကရက်ဗူးကိုထုတ်၍ သူ စတင်မီးညှိရှိုက်ဖွာနေတော့သည်.. Black Devil တံဆိပ်ပဲ.. တစ်လိပ်လုံး အနက်ရောင်မှာမှ အစီခံနေရာနားတွင် ရွှေရေးပတ်ကလေးဖြင့် ဆေးလိပ်လေးသည် သူ့ လက်ချောင်းဖြူဖြူများကြောင့် ပို၍မဲနက်လှပနေသလိုလို.. အဲသည့် ဆေးလိပ်က တခြားဆေးလိပ်တွေလို အနံဆိုးကို မရဘဲ ချောကလက်လိုလို အနံ့ခပ်မွှေးမွှေးရတတ်သည့် အမျိုးအစားမဟုတ်လား.. ဒီဆိုင် ဆေးလိပ်သောက်လို့ရသည်ဟု ကျမ မထင်ခဲ့ချေ.. သို့သော် ခုတော့ သူ့ကို ဘယ်သူကမှ လာမတားမြစ်ပါ..

လက်များကို စုထားသောအခါ လက်ကြားလေးများ မမြင်ရအောင်ပင် စေ့ပိတ်နေသည်ကို မြင်ရတော့ မဆိုးဘူးဟု မှတ်ချက်ချမိ၏.. လက်ကြားကျဲရင် အသုံးအဖြုန်းကြီးတတ်သတဲ့.. လက်ဖွာသတဲ့.. ခုတော့ အဲလိုမဟုတ်ဘူးထင်သည်.. သို့သော် သူတို့စားပွဲပေါ်မှာ စား၍ ကုန်နိုင်မည်ဟု မထင်ရသော ခေါက်ဆွဲပွဲများ၊ အကင်များ၊ အကြော်အလှော်များနှင့် အအေးဖန်ခွက်များကို မြင်ရပြန်တော့ နည်းနည်းတော့ ဇဝေဇဝါဖြစ်မိပြန်သည်.. လက်သည်းများကလည်း တိတိရိရိနှင့် ပြောင်လက်သန့်ရှင်းနေကာ ယောက်ျားလေးတစ်ယောက်အနေဖြင့် ဆိုလျှင်တော့ အတော်ကို အပြစ်ကင်းစင်လှပသည့် လက်ချောင်းများပဲ..

မျက်နှာကို မြင်ချင်စိတ်ဖြင့် ခုံကိုနောက်မှီထိုင်လိုက်ကာ မသိမသာ စောင်းငဲ့ကြည့်သော်လည်း ပြည့်ပြည့်တင်းတင်း ပါးလေးတစ်ခြမ်းနှင့် ဖြောင့်ဖြောင့်စင်းစင်းနှာတံမှလွဲ၍ မမြင်ရတော့ စိတ်ပျက်လက်ပျက်ဖြင့် လက်လျှော့လိုက်တော့သည်.. တော်ပါပြီ.. လက်လှလှမြင်ရုံနဲ့တော့ လူကိုဆက်စိတ်မဝင်စားတော့တာ အကောင်းဆုံးပါပဲ.. စားစရာရှိတာကို ဆက်စားနေတုန်းမှာပဲ သူတို့တွေ ပိုက်ဆံရှင်းပြီး ထကြဖို့ ဟန်ပြင်နေ၏.. ကောင်တာရှေ့သို့ သူ အရင်ရောက်လာသည်.. ကောင်တာနှင့် တည့်တည့်စားပွဲမှာ နေရာယူထားလိုက်တာမှန်မှန်း ခုမှပဲသိတော့တယ်.. တဆိုင်လုံးက မည်သူမဆို ဒီကောင်တာရှေ့တော့ ရောက်လာရမှာပဲ မဟုတ်လား.. တကိုယ်လုံးမြင်လိုက်ရတော့ ထင်ထားတဲ့အတိုင်း အရပ်ရှည်ရှည်သွယ်သွယ်လျလျ.. ရုပ်ရည်ခပ်ချောချော..

ဟင်- သို့သော်.. သူ့မျက်လုံးများက တမျိုးပဲ.. စူးရှလွန်းတယ်ပြောရမလား.. ငွေရှင်းပြေစာကို စောင့်ယူနေရင်း တချက် ဒီဘက်သို့ ဝေ့ကြည့်လိုက်တဲ့ ခဏချင်းမှာပင် သူ့မျက်လုံးများကို မနှစ်မြို့နိုင်ဖြစ်သွားရသည်မှာ ဘာကြောင့်လဲမသိ.. လက်ချောင်းလေးများကို ကြည့်စဉ်တုန်းကလို သဘောကျနှစ်ခြိုက်သည့် ခံစားချက်အဖြူရောင်များ မပေါ်ပေါက်လာချေ.. ဝေခွဲမရ ဆက်ကြည့်နေမိစဉ်မှာပင် သူ့အဖော်အမျိုးသမီးလည်း အနားရောက်လာ၏..

ထင်ထားတာနှင့် တခြားစီဖြစ်စွာ သူ့ထက် အသက်သိသိသာသာကြီးသော အမျိုးသမီးတစ်ယောက်ဖြစ်နေတော့ အတော်လေးကို အံ့သြသွားရပြန်သည်.. ခုနသူ့ရှေ့မှာ ထိုင်နေတာ ဒီအမျိုးသမီးမှ ဟုတ်ရဲ့လား.. လက်ကိုင်အိတ်ထဲမှ ပိုက်ဆံကို ထုတ်ရှင်းပြီး “ပြန်မအမ်းနဲ့တော့”ဟု ကောင်တာမှ ကောင်မလေးကိုပြောသောအသံကြားမှ ခုနက အသံဘဲဟု မှတ်မိလိုက်သည်.. အသံကြားရသလောက်ဆိုရင် ချွဲချွဲနွဲ့နွဲ့နဲ့မို့ ခပ်ငယ်ငယ်ဖြစ်မယ်ထင်ထားတာ.. တမျိုးပါဘဲဟု စပ်စုစိတ်ဖြင့် သူတို့ပြောနေသော စကားများကို နားစိုက်ထောင်လိုက်မိသည်..

“မမက ခုပြန်တော့မလို့လား”
“မပြန်လို့မဖြစ်ဘူးလေကွ.. ခုတောင် အချိန်အတော်ကြာနေပြီ.. ထွက်လာတုန်းက နေ့လည်ပြန်လာမယ်ပြောထားခဲ့တာ”
“ဟင်.. ဒါဆိုလည်း ညမှပဲ ဖုန်းဆက်လိုက်မယ်လေ နော်”
“ဟာ.. မဆက်နဲ့.. လိမ္မာတယ်နော်.. ညဘက်ဆိုရင် အိမ်ကလူက အနားကသိပ်ခွာတာမဟုတ်ဘူးကွ.. လိမ္မာသားနဲ့.. နော်.. ပြောထားတဲ့ ဘောင်းဘီတော့ မနက်ဖြန်မှပဲ သွားဝယ်ကြမယ်နော်.. လိုက်ဝယ်ပေးမယ်လေ.. စိတ်မကောက်နဲ့.. .. . ..”

ပြောရင်းဆိုရင်း ငွေရှင်းပြီးတော့ စားပွဲရှေ့မှဖြတ်ကာ ထွက်သွားကြသည်ကို ခပ်ရိုင်းရိုင်းပင် လိုက်ကြည့်နေလိုက်မိသည်.. စိတ်ထဲမှာလည်း အူကြောင်ကြောင်ဟာတာတာ ခံစားချက်ဖြင့် ပြည့်လျှံနေ၏.. ဆိုင်ပြင်ရောက်တော့ အမျိုးသမီးက ကားပေါ်တက်ကာ မောင်းထွက်သွားပြီး သူက ခဏရပ်ကျန်နေခဲ့သည်.. လက်ပြနေတာ မပြီးနိုင်တော့.. နောက်တော့မှ လက်ကို ပြန်ချကာ ဘောင်းဘီအိတ်များထဲသို့ ထည့်လိုက်ပြီး တဖက်ကားလမ်းကူးကာ လမ်းလျှောက်သွားတော့သည်.. လမ်းမကူးခင် သူ့ကို ကြည့်နေတာ သိနေသလိုပင် ဆိုင်ထဲသို့ တချက်ပြန်လှည့်ကြည့်သွားသေးသည်..

ဒိတ်ကနဲ ရင်ခုန်သွားတာ ခံစားချက်နုနုရွရွလေးကြောင့် မဟုတ်မှန်းတော့ သေချာပါသည်.. တဖက်စားပွဲက စီးကရက်ပြာခံခွက်ကို လာမသိမ်းသေးဘူးလားမသိ.. သူ ထည့်ချသွားသော Black Devil စီးကရက်မှ အနံ့က ဒီဘက်အထိ လွင့်ပျံ့လာ၏..

မုန်းစရာကောင်းလိုက်တာ..

No comments:

your comment please

Powered by Blogger.