လက်မထပ်ခင်အတူနေတာ..

ခုတလောမှာ ဟော့နေတဲ့ ၁၃ နှစ်သမီးလေးကို ကလေးမွေးခိုင်းရေး မမွေးခိုင်းရေးနဲ့ ပတ်သက်ပြီး ဟိုတွေးဒီတွေးလုပ်ရင်း ခေါင်းထဲရောက်လာတဲ့ အကြောင်းအရာကတော့ Living Together ခေါ်တဲ့ လက်မထပ်မီအတူနေကြတဲ့ ဓလေ့ပဲ.. 

ဘယ်ကနေဘယ်လို တွေးမိတာလဲ အကြမ်းဖျင်းပြောရရင်.. ၁၃ နှစ်သမီး ကိုယ်ဝန်ရှိတယ် မုဒိန်းကျင့်ခံရလို့ရတဲ့ကိုယ်ဝန်ဖြစ်နေတဲ့အပြင် မိခင်လောင်းကလည်း အသက်ငယ်နေတော့ ဖျက်ချတာက ပိုကောင်းမယ်လို့ပြောကြတယ်.. ဒီမှာက တရားဝင်ဖျက်တဲ့လုပ်ငန်းမရှိဘူး.. ကလေးတွေ မွေးပြီးစွန့်ပစ်တာတွေ အရမ်းဖြစ်တယ်.. တချို့ကျတော့လည်း ကိုယ်ဝန်ပျက်အောင် ထင်ရာမြင်ရာလျှောက်လုပ် အသက်သေကြရ.. ဒီလိုမဖြစ်အောင် သားဆက်ခြားပညာပေးတွေ လိုအပ်တယ်.. အင်း.. ခက်တာက ဒီမှာက အပျိုစစ်တယ် မစစ်တယ်ဆိုတာကို မိန်းမတစ်ယောက်ရဲ့ တန်ဖိုးတစ်ခုအနေနဲ့ တွေးနေကြတာက ခက်တာပဲ.. အဲ အဲ.. အဲလိုတွေ တသီတတန်းကြီးတွေးမိရာကနေ အခု ရေးမယ့်စာကတော့ LV ဓလေ့က ကောင်းတယ်လို့ ထောက်ခံချင်တဲ့ အဆိုတင်သွင်းချင်တာဖြစ်ပါတယ်.. 

ခဏလေးပါ.. ဘာမှ စမပြောခင် LV ဆိုတာရဲ့ အဓိပ္ဗါယ်နဲ့ သဘောသဘာဝကို အရင်ပြောချင်သေးတယ်.. မြန်မာပြည်မှာက LV လို့ပြောလိုက်ရင် ယောက်ျားနဲ့မိန်းမ ၂ ယောက် လိင်ကိစ္စသံဝါသပြုနေတာကိုပဲ ပြေးမြင်နေတွေးနေတယ်.. သမီးရည်းစား ၂ ယောက် ဟိုတယ်သွား ကိစ္စပြီး ပြန်ထွက်လာ ကိုယ့်အိမ်ကိုယ်ပြန်တာကို LV လို့ ထင်နေကြတဲလူ့တွေရှိတုန်းပဲ.. တကယ်တော့ Living Together လို့ဆိုကတည်းက သူ့အဓိပ္ဗါယ်က ပါပြီးသားပါ.. အတူတကွ နေထိုင်ကြခြင်း တဲ့.. မဟုတ်ဘူးလား.. 

ဆိုလိုတာကတော့ လူ ၂ ဦး ချစ်ကြိုက်ကြတယ် (မိန်းမနဲ့ယောက်ျားပဲ ဖြစ်ဖြစ် ယောက်ျားချင်းဖြစ်ဖြစ် မိန်းမချင်းဖြစ်ဖြစ်) ချစ်ကြိုက်ကြပြီးတဲ့နောက် အချိန်တစ်ခုအတိုင်းအတာအတွင်းမှာ ပိုပြီးအတွင်းကျ ရင်းနှီးတဲ့အဆင့်ကို ရောက်လိုကြတယ်.. (အချိန်တစ်ခုတိုင်းအတာအတွင်းလို့ ပြောတယ်နော်.. ခုတွေ့ ကြိုက်ကြ အတူအိပ်ကြ ဆိုတာမျိုးကို မပြောဘူး.. အဲ့ဒါက one night stand တွေ.. sex ကိစ္စအတွက်သက်သက်ဖြစ်ကြတာမျိုးတွေကို မဆိုလိုဘူး).. ကဲ လိုရင်းကို ဆက်ရရင်.. အဲလို အတွင်းကျ ရင်းနှီးတဲ့အဆင့်ကို တက်ချင်တဲ့အခါ sex ကိစ္စပါလာကြတယ်.. အချင်းချင်းလည်း ချစ်ကြတယ် အိပ်ရာထဲကကိစ္စလည်း အဆင်ပြေတယ် စကားပြောလို့လည်းကောင်းတယ် ရည်မှန်းချက်ချင်းလည်းတူတယ် ဒါဆို အတူနေကြရင်ကော အဆင်ပြေပါ့မလားဆိုတာမျိုး စမ်းနေကြည့်တဲ့သဘောပဲ.. စာချုပ်မှာ လက်မှတ်မထိုး မင်္ဂလာပွဲတွေ မလုပ်တာကလွဲရင် လက်ထပ်သလိုပဲ တာဝန်ယူလိုက်ကြရတဲ့သဘောပဲ.. 

ဥပမာ တစ်ခုပြောပြမယ်.. လူ ၂ ယောက်ချစ်ကြတယ်.. တွဲတယ်.. ၂ နှစ်လောက်တွဲပြီးနောက် လိင်ကိစ္စတွေပါ ပါလာချင်ကြတဲ့အခါ မြန်မာ့ရိုးရာ အစဉ်အလာကို မချိုးဖောက်ချင်လို့ လက်ထပ်လိုက်ကြတယ်ဆိုပါစို့.. ရှေးခေတ်တုန်းက လူကြီးစုံရာလက်ထပ်တယ်ဆိုတာက လူကြီးတွေကလည်း တဖက်က ကောင်လေးကို ငယ်စဉ်ကတည်းက သိလာကြည့်လာတာ.. ဒီအကောင် ဘယ်လိုကောင်လဲလို့ အကဲခတ်ပီးမှ သမီးနဲ့ပေးစားတာ.. ကောင်လေးဘက်ကလည်း ဒီမိန်းကလေးက ဘယ်လိုသဘောထားရှိလဲဘာညာ အကဲတွေခတ်ပြီးမှ သဘောတူကြတာ.. ဒီခေတ်ကျတော့ လူပေါင်းစုံ နယ်ပေါင်းစုံကဖြစ်လာပြီ.. သူ့မျိုးရိုး ကိုယ့်မျိုးရိုးတို့ သဘောထားတို့ဘာတို့ အကဲခတ်တယ်ဆိုတာ အရင်ကလို မလွယ်တော့ဘူးလေ.. အဲဒီတော့ ချစ်လို့ယူကြတယ်ဆိုသော်ငြား တကယ်တမ်း လက်ထပ်လည်း ပြီးရော.. အိပ်ရာထဲက ကိစ္စမှာ စပြီး အဆင်မပြေတော့ဘူး.. မိန်းကလေးက နုရွကြင်နာတာကြိုက်ပေမယ့် ယောက်ျားလေးက ဗုန်းဒိုင်းဂွမ်းဆို အကြမ်းလေးမှသဘောကျလို့ ညတိုင်း အိပ်ရာထဲ ကိုယ့်ယောက်ျားက ကိုယ့်ကို မုဒိန်းကျင့်နေသလို ခံစားနေရတဲ့ မိန်းမတွေ အများကြီး.. ကိုယ်က ကျန်းမာစိတ်တက်ကြွပေမယ့် ယောက်ျားက သိပ်ပြီး စိတ်မပါတတ်တဲ့လူမျိုးမို့လို့ ကိုယ်နဲ့အဆင်မပြေဘဲ နောက်ထပ်ယောက်ျားနဲ့ ပျော်ပါးမိပြီး ဖောက်ပြန်တယ်လို့ နာမည်တပ်ခံနေရတဲ့ မိန်းမတွေလည်း အများကြီး.. လိင်ကိစ္စဆိုတာက လင်မယားအိမ်ထောင်ရေးမှာ အရေးကြီးတဲ့ ရာခိုင်နှုန်းပါတယ်.. ဒီဟာမှာ မသာယာလို့ အိမ်ထောင်မသာယာတာတွေဖြစ်လာနိုင်တဲ့အတွက် အတူနေရမယ့် လူ ၂ ယောက်မှာ ဒီကိစ္စ ဘက်ညီဖို့လိုအပ်တယ်..  ဒါက လိင်ကိစ္စကိုပဲ ပြောသေးတာ.. 



နောက်ထပ်ကိစ္စကတော့ အိုခေ... လူချင်းလည်းချစ်တယ် အိပ်ရာထဲလည်း ဘက်ညီကြတယ်. ဒါပေမယ့် အတူတူ တအိမ်ထဲတသက်လုံးနေရမယ့် လူအချင်းချင်း မကြိုက်မနှစ်သက်တဲ့ အပြုအမူ အနေအထိုင်တွေရှိသေးတယ်.. သေးသေးလေးတွေ ဖြစ်ကောင်းဖြစ်မယ် ဒါပေမယ့် နေ့တိုင်းအတူအမြဲနေကြရတဲ့လူတွေဆိုတော့ ဒီလိုဟာတွေမှာ အဆင်မပြေရင်လည်း အကွဲအပြဲတွေ စလာတာပဲ.. မမူးရင်အကောင်း မူးလာရင် ရစ်တတ်တဲ့ယောက်ျားတွေ.. လူကလေးက လှနေပြီး တအိမ်လုံးပွပြဲနေအောင် ညစ်ပတ်တဲ့မိန်းမ.. အဲလိုဟာတွေက အတူတူ မနေကြည့်ဖူးရင် မသိနိုင်ဘူး.. အချိန်ကာလတစ်ခုအလိုက် အတူတူနေဖူးမှသာ အဲဒီလိုအသေးအဖွဲလေးတွေ အပြုအမူတွေကို သိနိုင်တယ်.. ဒီတော့LV နေတဲ့အချိန်မှာ ဒါတွေကို မြင်လာတယ် သည်းမခံနိုင်ဘူးဆိုရင် (အထူးသဖြင့် အမျိုးသမီးအနေနဲ့) ခွာပြဲလို့လွယ်သေးတယ်.. ရည်းစားနဲ့ ပြတ်သွားပြီဆိုတာမျိုးလောက်နဲ့တင် ပြီးသွားနိုင်တယ်.. လူသိရှင်ကြား မင်္ဂလာတွေဆောင် လက်မှတ်တွေထိုးပြီးကာမှ ဒီလို လူသိခံလို့မကောင်းတဲ့ ကိစ္စတွေကြောင့် အဆင်မပြေဖြစ်လာ စိတ်ဆင်းရဲရရင်.. အဲ့ဒီအချိန်မှာ လူတွေက ဇွတ်ကြိတ်မှိတ်လိုက်ကြတာများတယ်.. မြန်မာနိုင်ငံမှာဆို ပိုဆိုးတာပေါ့.. “ယောက်ျားက ဒီလောက်တောင် ချစ်ပြီး ရှာကျွေးနေတာကို ကောင်မက လင်ငယ်တာလေ”.. ဆိုတာမျိုး.. တကယ်တမ်း ရှာကျွေးနေတဲ့ ဒီယောက်ျားက အိပ်ရာထဲကျ တစ်စက်မှ မညှာတာဘဲ ဘီလူးသရဲလို မိန်းမကို ဆက်ဆံနေတာကို သူတို့မသိဘူး.. သိအောင်ပြောလို့လည်းမရတော့ ဒီမိန်းမက ပြောသမျှခံဖို့ပဲ.. မခံနိုင်ရင် ကြိတ်မှိတ်ပြီး ဆက်ပေါင်း.. ညတိုင်း ငရဲခံ..  “သူ့မိန်းမက ဒီလောက်လိမ္မာတာ.. လှလည်းလှတာကို ဒီလူကြီးပေါ့ အငယ်ထားလို့.. တဏှာရူးကြီး” ဆိုတာမျိုး.. တကယ်တမ်း လူအမြင်မှာ လိမ္မာတဲ့မိန်းမက နေ့တိုင်း အလုပ်ကပြန်လာတိုင်း ဗျစ်တောက်ဗျစ်တောက်နဲ့ နားညီးအောင်လုပ် စိတ်သက်သာရာတစ်ခုမှမရ ဖေးကူဖော်မရ.. ကလေးတွေကို ပစ်ထား.. သူပဲ အလှပြင်နေပြီး အိမ်ထောင်မထိန်းသိမ်း.. မိဘတွေနဲ့ရန်ဖြစ်.. ရှာလာသမျှပိုက်ဆံ ချဲထိုး.. အဲလိုတွေလုပ်နေတာကို သူများမသိဘူး.. ဒါတွေက ဥပမာတွေပါ.. 

ဒီလိုတွေပြောနေတော့ စာကိုသေချာမဖတ်ဘဲ လိုရင်းမက်ဆေ့ခ်ျကို မယူတတ်တဲ့လူတွေက လာဆဲဦးမယ်.. “မိန်းကလေးတွေကို မြှောက်ပေးတယ်.. ယဉ်ကျေးမှုဘာညာ.. အမျိုးဖျက်မ”.. မဟုတ်ဘူး.. တွေ့သမျှယောက်ျားလေးနဲ့ ရည်းစားနဲ့ လက်မထပ်ဘဲ sex ကိစ္စပြီးမြောက်ကြဖို့ အတူနေကြဖို့ ပြောနေတာမဟုတ်ဘူး.. တအိမ်ထဲ အတူမနေဘဲ ရည်းစားဖြစ်ကြပြီး sex ကိစ္စရှိကြတာမျိုးကို ဆိုလိုတာလည်းမဟုတ်ဘူး.. တကယ်ချစ်ကြတယ် တွဲတာလည်း နည်းနည်းတော့ကြာပြီ လက်ထပ်ဖို့လည်း ရည်ရွယ်ထားတယ်ဆိုရင်.. လက်မထပ်ခင်မှာ၂ ယောက်တွဲပြီး ဘဝတစ်ခုကို တကယ်ဖြတ်ဖူးတာကို ဆိုလိုတာ.. ရည်းစားဘဝ ဟိုတယ်သွားပြီး သံဝါသပြုတာကလည်း အစစ်အမှန်မဟုတ်နိုင်ဘူးလေ.. လှအောင်ဝတ်လာမယ် အဆင်ပြေအောင်လုပ်လာမယ် ကိစ္စပြီးတော့ ကိုယ့်အိမ်ကိုယ်ပြန်ရုံပဲ.. တကယ်တမ်း အတူနေပြီး အိပ်ရာထဲရောက်တော့မှ သွားမတိုက်ဘဲလာနမ်းတာတို့ အမွှေးအမျှင်မရိတ်သင်တာတို့ ချွေးနံ့နံတာတို့တွေ ကြုံလာရတော့မှ ဒီလူကို မနှစ်သက်နိုင်ပါဘူးတွေဘာတွေ ဖြစ်လာတော့မှာ.. အချစ်စစ်မှာ ချွေးနံ့မနံဘူးတွေဘာတွေ လာမပြောနဲ့.. မွှန်နေတုန်းပဲရမယ်.. ရေရှည်ကျရင်တော့ ဒီလိုအသေးအဖွဲတွေကပဲ စိတ်ကသိကအောက်တွေ ဖြစ်စေတာ.. 

အဲ- ဒါတွေဒီလို လေ့လာရမယ် အတူနေကြမယ် စိတ်ကူးရင်လည်း ကြိုတင်ပြီး သားဆက်ခြားပညာရေးလေး ယူကြပါ.. တားဆေးသောက်မှာလား ထိုးမှာလား ပစ္စည်းထည့်မှာလား ကွန်ဒုံးသုံးမှာလား.. တိုက်တွန်းချင်တာကတော့ ဘယ်လိုပဲ ဖြစ်နေပါစေ ကွန်ဒုံးတော့ သုံးပါ ကွန်ဒုံးက ရောဂါကူးစက်မှုတွေကို ရာခိုင်နှုန်းတော်တော်များများ ကာကွယ်ပေးပါတယ်.. မဟုတ်ရင်လည်း အတူမနေခင် အချင်းချင်း ဆေးစစ်ကြပါ.. ကြိုတင်ပြင်ဆင်ပြီးမှ လုပ်ကြတဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကိစ္စတွေမဖြစ်လာတော့ဘူး.. မလိုချင်တဲ့ ကိုယ်ဝန်ကို ရှောင်နိုင်တယ်.. ဖျက်ချဖို့မလိုတော့ဘူး.. ဒါမှမဟုတ်လဲ မလိုချင်တဲ့ကလေးကို မွေးလာပြီးမှ စွန့်ပစ်ရတာမျိုးတွေ မရှိတော့ဘူးပေါ့.. 

ဒီတော့ လိုရင်းကိုပြောရရင်.. ရည်းစားထားကြပါ လေ့လာပါ.. sex ကိစ္စကိုပါ ထည့်လေ့လာပါ.. သူ့အကြိုက်ကိုယ့်အကြိုက် ပွင့်ပွင့်လင်းလင်းပြောကြပါ.. လူတိုင်းဟာ သဘာဝစိတ်အရ လိင်ကိစ္စကို ပြုလုပ်ပါတယ်.. ထူးပြီး ရှက်စရာမဟုတ်ပါဘူး.. အချင်းချင်း အတူမနေခင် အကျင့်စရိုက်တွေကို သိအောင်လုပ်ကြပါ.. အားလုံးအဆင်ပြေတယ်.. ဒီလူနဲ့ ငါနဲ့ တသက်လုံးတော့ အိုခေမှာပါလို့ စိတ်ချသေချာမှ လူကြီးစုံရာနဲ့ လူသိရှင်ကြား လက်ထပ်လိုက်ရင် အိမ်ထောင်ကျပြီးမှ အဆင်မပြေတာတွေကို ၇၀% လောက်တော့ ဖြေရှင်းနိုင်ပါတယ်.. တကယ်လို့များ လူသိရှင်ကြားလက်ထပ်ပြီးမှ အဆင်မပြေတာတွေဖြစ်လာတယ် စိတ်ဆင်းရဲရတယ်ဆိုရင်လည်း ကျိတ်မှိတ်သည်းခံပြီး ဆက်မပေါင်းပါနဲ့.. လူ့ဘဝ တိုတိုလေးမှာ စိတ်ပျော်ရွှင်အောင်နေဖို့ ထိုက်တန်ပါတယ်.. တမြေ့မြေ့စိတ်ဆင်းရဲနေမယ့်အစား ခဏလောက်ပဲ စိတ်ဆင်းရဲခံပြီး ကျန်တဲ့ဘဝကို ကျန်းမာပျော်ရွှင်စွာ ဆက်လျှောက်လှမ်းနိုင်ကြဖို့ တိုက်တွန်းဆုတောင်းပါတယ်.. 


လူတိုင်းပျော်ကြပါစေ.. 

3 comments:

  1. ထောက်ခံတယ်
    ( အပျိုစစ်တယ် မစစ်တယ်ဆိုတာကို မိန်းမတစ်ယောက်ရဲ့ တန်ဖိုးတစ်ခုအနေနဲ့ တွေးနေကြတာက ခက်တာပဲ.. တကယ်လို့များ လူသိရှင်ကြားလက်ထပ်ပြီးမှ အဆင်မပြေတာတွေဖြစ်လာတယ် စိတ်ဆင်းရဲရတယ်ဆိုရင်လည်း ကျိတ်မှိတ်သည်းခံပြီး ဆက်မပေါင်းပါနဲ့.. လူ့ဘဝ တိုတိုလေးမှာ စိတ်ပျော်ရွှင်အောင်နေဖို့ ထိုက်တန်ပါတယ်.. တမြေ့မြေ့စိတ်ဆင်းရဲနေမယ့်အစား ခဏလောက်ပဲ စိတ်ဆင်းရဲခံပြီး ကျန်တဲ့ဘဝကို ကျန်းမာပျော်ရွှင်စွာ ဆက်လျှောက်လှမ်းနိုင်ကြဖို့ တိုက်တွန်းဆုတောင်းပါတယ်..

    (y) (y) (y)

    ReplyDelete
  2. ကျမ ခံယူချက်ကတော့ အပျိုစဉ်ဘဝ ဆိုတာ မိန်းကလေး တစ်ယောက်ရဲ့ အဖိုးမဖြတ်နိုင်တဲ့အရာ
    စမ်းသပ်ယုံသက်သက်နဲ့တော့ ကိုယ့်အပျိုစဉ်ဘဝကို
    မစတေးရဲပါဘူး ကိုယ့်အပျိုစဉ်ဘဝကို ကိုယ့်ရဲ့ မင်္ဂလာဦးညအတွက်ပဲ ဖြစ်စေချင်တယ်
    ယူပြီးမှ sex ကိစ္စအဆင်မပြေလို့ ကွဲကြတာ မရှိသလောက်ရှားပါတယ်

    ReplyDelete
    Replies
    1. နန်းညီDecember 07, 2017 8:42 PM

      ကျမက စမ်းရုံသက်သက်လို့ မတိုက်တွန်းထားပါဘူး.. ((တွ့သမျှယောက်ျားလေးနဲ့ ရည်းစားနဲ့ လက်မထပ်ဘဲ sex ကိစ္စပြီးမြောက်ကြဖို့ အတူနေကြဖို့ ပြောနေတာမဟုတ်ဘူး.. တအိမ်ထဲ အတူမနေဘဲ ရည်းစားဖြစ်ကြပြီး sex ကိစ္စရှိကြတာမျိုးကို ဆိုလိုတာလည်းမဟုတ်ဘူး.. တကယ်ချစ်ကြတယ် တွဲတာလည်း နည်းနည်းတော့ကြာပြီ လက်ထပ်ဖို့လည်း ရည်ရွယ်ထားတယ်ဆိုရင်.. လက်မထပ်ခင်မှာ၂ ယောက်တွဲပြီး ဘဝတစ်ခုကို တကယ်ဖြတ်ဖူးတာကို ဆိုလိုတာ.. )) လို့သေချာရေးထားပါတယ်ရှင် =)

      Delete

your comment please

Powered by Blogger.