တန်ရဲ့လားတွေးပါတယ်

အင်မတန်တိုတောင်းလှပြီး ရှုပ်ထွေးပွေလီတဲ့ တစ်ယောက်နဲ့ တစ်ယောက်စိတ်ကို ထွင်းဖောက်မသိနိုင်တဲ့ ဒီလူ့ဘဝကြီးမှာ နေတုန်းခဏ.. စိတ်ဆင်းရဲမှု နည်းနိုင်သမျှနည်းပြီး ကိုယ့်ဘဝနဲ့ကိုယ်ပျော်နေဖို့က အရေးအကြီးဆုံးပဲလို့ ထင်မိတယ်.. အဲလိုနေနိုင်ဖို့ နန်းညီကတော့ စာလုံး ၃ လုံးပါတဲ့ ဂါထာကို ခုနောက်ပိုင်း ရွတ်ဖြစ်ပါတယ်..

အဲ့ဒါကတော့ "တန်ရဲ့လား"ဆိုတာပါ.. အရင်ကဆို ခဏခဏ သူများကို စိတ်ဆိုးတတ်တယ်.. သူငယ်ချင်းတွေက လာမယ်ပြောပြီးမလာတဲ့အခါ.. ကိုရဲအောင်သူက အိမ်ပြန်နောက်ကျတဲ့အခါ.. မေကြီးက ဆူတဲ့အခါ.. အမြဲပဲ ငါ့ကို သူတို့ ညာရက်လေခြင်း.. ကိုကိုက ငါ့ကို မချစ်တော့ပါဘူး ပစ်ထားတာ.. မေကြီးကလည်း ငါ့ကိုနားမလည်ပေးပါလား စသဖြင့်.. ဖြစ်တာက နည်းနည်း ကိုယ်တိုင်က အပိုတွေတွေးပြီး ပုံကြီးချဲ့ခံစား စိတ်ဆင်းရဲရ.. ငိုရ.. ပိုဆိုးတာက တစ်ဖက်သတ်အထင်လွဲပြီး အဲဒီလူတွေနဲ့ စကားကောင်းကောင်းမပြော မျက်နှာစူပုတ်ထား အေးတိအေးစက်နေ အဲလိုတွေ လုပ်ဖြစ်တာ.. အဲလိုစကားအကောင်းမပြောလေ အေးတိအေးစက်နေလေလေ အဲ့ဒီလူတွေနဲ့ ပိုပြီး အဆင်မပြေဖြစ် အနေဝေးလေ.. ပိုစိတ်ဆင်းရဲရလေနဲ့ သံသရာတွေ လည်နေပါရော.. နောက်ဆုံး ဖြစ်ခဲ့တဲ့ စိတ်ခံစားမှုကို သူတို့နဲ့ အပွင့်လင်းဆုံးပြောတော့မှပဲ ဘာမဟုတ်တဲ့ ကိစ္စလေးတွေ ဖြစ်နေတော့ "အော်.. ငါ့မလည်း ဘာမဟုတ်တာလေးနဲ့ ခံစားလိုက်ရ ငိုလိုက်ရနဲ့ စိတ်ဆင်းရဲရတဲ့အချိန်တွေ ရှည်ကြာနေတာ မတန်ပါလား"လို့ တွေးမိလာတယ်..

ချစ်သူရည်းစား လင်မယား သားအမိ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်အချင်းချင်း စကားပြောကြ အတူတကွ နေထိုင်ကြ ဆက်ဆံပေါင်းသင်းကြတဲ့အခါ တစ်ခါတရံမှာ စကားကတောက်ကဆ ဖြစ်တာမျိုးတွေ အပြုအမူကို မနှစ်သက်တာတွေ အထင်မှားစရာတွေ ဖြစ်တတ်ကြတာပဲ.. အဲလိုဖြစ်တဲ့အခါမှာ ပွင့်ပွင့်လင်းလင်း သေသေချာချာ မပြောဘဲ (သူ ငါ့ကို ဒီလိုလုပ်တယ် ဒါဟာ သူက ဒီလိုဒီလိုတွေ ဖြစ်နေလို့ပဲနေမှာပေါ့)လို့ တစ်ဖက်သတ် အထင်လွဲပြီး မခေါ်မပြောနိုင် သူ့ကိုမုန်းနေရ ကိုယ်က ပူလောင်ရ.. သမီးရည်းစားအချင်းချင်း ဘာရယ်မဟုတ် စကားနိုင်လုရင်း ပိုရင့်သီးတဲ့ စကားလုံးတွေပါလာ နာကျည်းစရာတွေဖြစ်လာ ပြဿနာအဟောင်းတွေ ပြန်အစပြုလာရင်း ကွဲကြ ပြတ်ကြနဲ့ဆိုရင် ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခု အထင်လွဲတာလေး တစ်ခုကြောင့် ကိုယ်ကြိုးစားတည်ဆောက်ထားတဲ့ relationship တစ်ခုနဲ့ ကိုယ်ချစ်မြတ်နိုးရတဲ့လူတစ်ယောက်ကို ဆုံးရှုံးဖို့ တန်ရဲ့လား.. တစ်ဖက်လူက ဘာမှန်းတောင်မသိဘဲ လုပ်မိတဲ့အမှားလေးတစ်ခုကို ကိုယ်ကပုံကြီးချဲ့ခံစား တစ်ဖက်သတ်တွေ ထင်မြင် ကောက်ချက်ဆွဲပြီး တနုံ့နုံ့နဲ့ ရက်ပေါင်းများစွာခံစားနေရင်း အဲဒီလူနဲ့ မသိမသာ အဝေးကြီးဝေးသွားပြီးတော့ တန်ဖိုးရှိတဲ့အချိန်တွေ အကုန်ခံပစ်ဖို့ တန်ရဲ့လား..

အလုပ်ထဲမှာ ကြုံရတဲ့ ပြဿနာ သေးသေးလေးတစ်ခု စကားလေးတစ်ခွန်းကြောင့် ကိုယ်ကြိုးစားလျှောက်နေတဲ့ အသက်မွေးဝမ်းကြောင်းမှုကြီးတစ်ခုလုံးကို လက်လွှတ်ပစ်လိုက်ဖို့ အဆုံးရှုံးခံဖို့ အထစ်အငေါ့တွေအဖြစ်ခံဖို့ တန်ရဲ့လား.. ကိုယ့်ကိုစော်ကားသမျှ ငြိမ်ခံနေဖို့ ပြောလိုတာမဟုတ်ဘူးနော်.. ကိုယ့်စိတ်ထဲကနေ မေ့ပစ်လိုက်လို့ရတဲ့ကိစ္စတွေကို မမေ့ဘဲ ဝန်ထုပ်ဝန်ပိုးအဖြစ် စိတ်ထဲထည့်ထား ဒေါသတွေထွက်နေဖို့ မတန်ဘူးလို့ ပြောချင်တာ.. အငြိုးအတေးတွေနဲ့ ဒေါသစိတ်တွေကို သယ်ထားပြီး လေးလံနေဖို့ မတန်ဘူးလို့ ပြောချင်တာပါ.. 
 
 

ဘယ်အချိန်သေမလဲမသိတဲ့ လူ့လောကတိုတိုလေးမှာ ကိုယ်ချစ်ခင်ရသူတွေနဲ့ ရန်ဖြစ်နေဖို့ တန်ရဲ့လား.. မသိတဲ့ သူစိမ်းတွေကြောင့် ပူလောင်နေရတာ တန်ရဲ့လား.. ကိုယ်မသိနိုင်တဲ့ တခြားလူရဲ့ စိတ်ကို တစ်ဖက်သတ်တွေ လှမ်းအကဲခတ်ပြီး အထင်လွဲနေဖို့ တန်ရဲ့လား.. ကိုယ်ဒီလောကကြီးထဲက ထွက်သွားပြီးနောက် ကျန်ခဲ့မယ့်လူတွေအတွက် ကောင်းကျိုးတွေထားပစ်ဖို့ အချိန်မရဘဲ ကိုယ့်စိတ်နဲ့ကိုယ် ပူလောင်နေဖို့ တန်ရဲ့လား.. အပြုံးအရယ်တွေ လျှော့ပစ်ဖို့ တန်ရဲ့လား.. အချင်းချင်း မုန်းတီးနေကြဖို့ တန်ရဲ့လား..

နန်းညီကတော့ တန်ရဲ့လားမေးမိတိုင်းမှာ မတန်ဘူးလို့ အဖြေရတာက ခပ်များများမို့ ကိစ္စတော်တော်များများကို လွှတ်ချပစ်လိုက်ပါပြီ.. အကျင့်တစ်ခုအနေနဲ့ကို ကျင့်ပြီး ငါ့မှာပူလောင်ဖို့ မတန်ဘူး.. ငါဒါတွေ စိတ်ထဲထည့်ထားဖို့ မတန်ဘူး.. ငါနဲ့မဆိုင်ဘူး လူတိုင်းကိုယ့်ဘဝနဲ့ကိုယ်ဆိုတာကို တတွတ်တွတ် ရွတ်တဲ့အကျင့်စပြီး ကျင့်နေပါပြီ.. အဲလိုတွေ လွှတ်ချရင်းနဲ့ တစ်နေ့မှာ တရားပေါက်သွားခဲ့ရင်လည်း တန်တာပေါ့လေ..

No comments:

your comment please

Powered by Blogger.