ပလက်ဖောင်းလိုချင်တယ်

ခုနေသာ ဦးကြီးဖြိုးမင်းသိန်းက ရန်ကုန်အတွက် ကြိုက်တာတစ်ခုပြော လုပ်ပေးမယ်ဆိုရင်.. လူသွားလမ်း ပလက်ဖောင်းတွေ လုပ်ပေးပါလို့ ပြောချင်တယ်..

ပလက်ဖောင်းဆိုရာမှာ ကချော်ကချွတ် ကညစ်ကစုတ် အပဲ့အရွဲ့ ညစ်တီးညစ်ပတ် ကမြောက်ကချောက်နဲ့ လမ်းဘေးဈေးသည်တွေပြည့်နေတဲ့ ပလက်ဖောင်းမျိုးကို လိုချင်တာမဟုတ်ဘူး.. သန့်သန့်ပြန့်ပြန့် ညီညီညာညာလေး.. ဘေးဘက်မှာ အပင်ကလေးတွေနဲ့ အရိပ်ရတဲ့ဟာမျိုးလေး.. ဝှီးချဲတွေဘာတွေလည်း တက်လို့ရတဲ့ ကလေးတွန်းလှည်းတွေဘာတွေ တွန်းလို့ရတဲ့ စောင်းစောင်းပြေပြေ အဆင်းလေးတွေနဲ့..
ခုလိုမျိုး ဓာတ်တိုင်ကြည့်ရှောင်ရ၊ လမ်းဘေးဈေးသည်တွေရဲ့ ထီးတွေက ခေါင်းပေါ် လာလာငြိ၊ ပလက်ဖောင်းက ပေါက်နေလို့ ကျော်ခွလိုက်၊ မြောင်းဖုံးတွေ စောင်းနေလို့ ကို့ယို့ကားယားဖြတ်ကျော်လိုက်၊ ညစ်ပတ်နေတဲ့ အမှိုက်ပုံကြီးတွေ အမှိုက်ထုပ်တွေ ရှိနေလို့ နှာခေါင်းပိတ်ပြီး ဖြတ်ပြေးလိုက် မလုပ်ဘဲ စိတ်ပြေလက်ပျောက် လမ်းလျှောက်ချင်တဲ့အခါ အိမ်ပတ်ဝန်းကျင်က ပလက်ဖောင်းလေးပေါ်မှာ တစ်ယောက်ထဲ တွေးရင်း ငေးရင်း လမ်းလျှောက်ချင်လို့ပါ.. 



ခုလိုမျိုး ပလက်ဖောင်းမရှိတဲ့လမ်းဘေးမှာ ကျောကလာတဲ့ ကားတိုက်မှာ စိုးလို့ လမ်းဘေးပြေးဆင်းရင်း ဗွက်အိုင်ကို ကျော်ခွရင်း ဗွက်နစ်ရင်း မလျှောက်ဘဲ သားသားကို လက်ကလေးဆွဲပြီး သားအမိ သားအဖတွေ စကားတပြောပြောနဲ့ လမ်းလျှောက်ချင်လို့ပါ..

ခုလိုမျိုး ပလက်ဖောင်း ဒူးဆစ်ရောက်နေတာကို မနည်းကြီး ခြေကားယားလုပ်တက်လိုက်.. ပလက်ဖောင်းမရှိတော့ လမ်းဘေးရောက်လိုက်.. လမ်းလျှောက်ရမယ်သေချာတဲ့နေ့ဆိုရင် စကပ်တိုတွေ ဖိနပ်မြင့်တွေ မစီးမိအောင် သတိထားပြီး ဝတ်စားဆင်ယင်လိုက်နဲ့ တထိတ်ထိတ်မဟုတ်ဘဲ မနက်ခင်းလေး အပြေးလေ့ကျင့်ချင်တဲ့အခါ ကိုယ့်ရပ်ကွက်ထဲက ပလက်ဖောင်းလေးတွေပေါ် နားကျပ်လေးတက်ပြီး ပြေးလွှားချင်လို့ပါ..

ဒီတော့ https://docs.google.com/…/1FAIpQLSfPdfwcPjdBKyaFS…/viewform… ဒီလင့်လေးမှာ သွားပြီး လိုအပ်တာလေးတွေလည်း ဝိုင်းဖြည့်ပေးကြပါဦး.. ပလက်ဖောင်းလေးတွေ လှပြီး နန်းညီဆန္ဒလေးတွေ ပြည့်သွားအောင်ပါ.. 

အို-- ပလက်ဖောင်းနဲ့ လုပ်လို့ရတာတွေ အကုန်လုပ်ချင်လို့ပါ... နော် .. နော်..

**beautiful-sidewalk-from-some-other-country-image credit sfbetterstreets.org

No comments:

your comment please

Powered by Blogger.