Kempinski ဟိုတယ်ရဲ့ စပါးလင်ကြက်သား ချက်နည်း

ခုတလော ဟင်းချက်ချင်စိတ်တွေဖြစ်နေတယ်.. အဲ.. မဟုတ်သေးဘူး.. ဟင်းတကယ်ချက်ချင်တာမဟုတ်ဘဲ မီးဖိုထဲမှာ ဆော့ချင်တာ.. ဟိုမုန့် ဒီမုန့်လုပ်စားချင်တာမျိုး.. ပြီးတော့ အသစ်အဆန်းတစ်ခုခုလိုချင်စိတ်နဲ့ပဲ ဟင်းချက်သင်တန်းတက်မယ် ဘာညာလုပ်နေသေးတယ်.. အဆင်မပြေပါဘူး.. ဒါနဲ့ အွန်လိုင်းက ချက်နည်းတွေ လျှောက်ကြည့်ပြီး လိုက်သင်ကြားနေလိုက်တယ်.. 

အလွယ်ဆုံးနဲ့ အဆင်အပြေဆုံးအဖြစ် လောလောဆယ် ဒါကိုတွေ့ထားတယ်.. စပါးလင် ကြက်သားဆိုတာက ကိုယ်တွေနဲ့ တကယ်တော့မစိမ်းဘူးပဲ.. ကာလသားချက်ဆိုရင် ဒီအတွဲပဲ တွဲတာပဲလေ.. ဒါပေမဲ့ သူကတော့ နိုင်ငံတကာအတွေ့အကြုံရှိ ဟိုတယ်စားဖိုမှူးဆိုတော့ကာ လှတပတ ပြင်ဆင်ပြီး တမျိုးထွင်ချက်တာပေါ့လေ.. နေပြည်တော် Kempinski ဟိုတယ်က စားဖိုမှူး Vladimir Siljegovic ရဲ့ ရက်ဆက်ပီ တဲ့.. ကိုင်း.. ဖတ်ကြည့်ကြဦး.. စမ်းချက်ကြည့်ကြဦး.. ပေးမြည်းချင်ရင်လည်း ခေါ်နော်.. လာစားမယ်.. 


× × × × × × × × × × ×



စပါးလင်ကြက်သားကင်ဟင်းလျာကို ချက်ပြုတ်ရန်အတွက် မိမိ၏ မီးဖိုခန်းထဲတွင် အဆင်သင့်ရှိပြီးသား ရိုးရှင်းသော ပါဝင်ပစ္စည်းအချို့သာ လိုအပ်ပါသည်။ စပါးလင်ကြက်သားကင်ဟင်းလျာ ပြင်ဆင်ချက်ပြုတ်ရန် ကြက်သား ၁၅၀ဂရမ်၊ စပါးလင် ၁ချောင်း၊ ကြက်သွန်ဖြူ ၁၀ဂရမ်၊ ဂျင်း ၁၀ဂရမ်၊ ကမာဆော့ ၁ဇွန်း၊ သံပရာရည် ၁ဇွန်း၊ ဆားအနည်းငယ် နှင့် ငရုတ်ကောင်း အနည်းငယ်တို့ လိုအပ်ပါသည်။

စပါးလင်ကြက်သားကင်ဟင်းလျာ ပြုလုပ်ပုံအဆင့်ဆင့်မှာ ပထမဆုံးအနေနဲ့ ကြက်သားကို ခပ်ပါးပါးလေး အရင်တုံးပါ။ ပြီးသည့် အခါတွင် အခြားပါဝင်ပစ္စည်းများ ပြင်ဆင်နေသည့်အချိန် တုံးထားပြီးသား ကြက်သားများကို ရေခဲသေတ္တာထဲတွင် ခေတ္တ သိမ်းထားလိုက်ပါ။ ထို့နောက် စပါးလင်၏ မလိုအပ်သည့်အစိတ်အပိုင်း များကို ဖြတ်တောက်၍ ဂျင်း၊ကြက်သွန်ဖြူတို့ကဲ့သို့ နုတ်နုတ်စဉ်းပါ။ အပူပေးထားသည့်ဒယ်အိုးထဲသို့ နုတ်နုတ်စဉ်းထားသောစပါးလင်၊ ဂျင်း နှင့် ကြက်သွန်ဖြူတို့ကို အတူတကွထည့်၍ ဆီသတ်ပါ။ ရေခဲသေတ္တာထဲတွင်သိမ်းထားသည့် ကြက်သားတုံးများကို ဆီသတ်ထား ထည့်ထားသော ဟင်းခတ်အမွှေးအကြိုင်များဖြင့် ရောစပ်နယ်၍ပြင်ဆင်ပါ။ အသင့်ပြင်ဆင်ထားသည့် ကြက်သားတုံးများကို ဆူးတံဖြင့်သီ၍ အပူချိန်မြင့်မြင့်ဖြင့် မီးကင်ပါ။ သုံးမိနစ်ခန့် အပူပေးပြီးနောက် နှစ်ဖက်စလုံး နီညိုရောင်သန်းပြီး မွှေးပျံ့လာပါလိမ့်မည်။ အသားကင်စက်အသုံးပြုသူများအတွက် အပူချိန် ၂၀၀ ဒီဂရီဆဲစီယပ်တွင် ခြောက်မိနစ်ခန့် ထားပြီးနောက် ကြက်သားများ ကောင်းစွာ ကျက်သွားပြီဖြစ်ပါသည်။ နောက်ဆုံးတွင်တော့ ဌက်ပျောရွက်များဖြင့် အလှဆင်ထားသည့် ပန်းကန်ထဲမှာ ကမာဆော့ဖြန်းထားပြီး သံပရာအချဉ်အရသာလေးဖြင့် မွှေးပျံ့ပြီး အရသာရှိလှသည့် ဟင်းလျာကို မြိန်ယှက်စွာ စားသုံး နိုင်ပါပြီ။

× × × × × × × × × × ×

 သူတို့ ဟိုတယ်မှာ ဒီမီနူးစကတည်းက အရမ်းလူကြိုက်များတယ်ဆိုပဲ.. ဒီပိတ်ရက်ကျရင် စမ်းချက်ဦးမယ်.. la da da dede~~ 

1 comment:

  1. ထိုက်September 19, 2015 11:04 PM

    ဟင်းချက်နည်း တို့သင်ပေးမယ် လာခဲ့

    ReplyDelete

your comment please

Powered by Blogger.