ကျန်းမာကြံ့ခိုင်သော

ကိုယ်တိုင်မပျော်ရွှင်ရင် ကိုယ်ချစ်တဲ့လူတွေကို ပျော်အောင်မထားနိုင်ဘူး ဆိုတဲ့စကားကို ကိုယ်ကတော့ အပြည့်အဝ ထောက်ခံပါတယ်..

သားလေး မောင်ဉာဏကိုမွေးပြီး ၃ လအတွင်းမှာ ဘယ်လောက်တောင် စိတ်ဆင်းရဲကြီးစွာဖြစ်၊ ကိုယ့်စိတ်နဲ့ကိုယ် ရန်တွေဖြစ်ခဲ့ရတယ်ဆိုတာကို ပို့စ်တွေလည်းရေးတင်ဖြစ်လို့ တော်တော်တော့ သိပြီးသားဖြစ်ကြမယ် ထင်ပါတယ်.. သားသား ၅ လကျော်မှာတော့ စိတ်ကိုဆုံးဖြတ်လိုက်ပြီး အလုပ်ပြန်ဝင်ဖြစ်ပါတယ်.. သိပ်ကို အဆင်သင့်ဖြစ်နေတဲ့အလုပ်လို့ပဲ ဆိုပါစို့.. လုပ်ငန်းသဘောသဘာဝ၊ လစာ၊ အလုပ်နေရာ စတာတွေ အကုန်လုံးက ကိုယ့်အတွက် တမင်ဖန်တီးထားသလို အဆင်ပြေပြေလေးဖြစ်တော့ တခြားဘာမှ ရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ဘဲ ဝင်ဖြစ်ပါတယ်..

အလုပ်ဝင်ကာစ တစ်ပတ်မှာတော့ သားသားက အိမ်မှာ ဂျီကျ.. ကိုယ့်အမေကလည်း မြေးကိုထိန်းရတာ အဆင်မပြေတွေဖြစ်.. ကိုယ်ကလည်း ရုံးမှာအသားမကျသေး၊ ဒီကြားထဲ နို့တိုက်နေကျကို မတိုက်ရတော့ ဒုက္ခတွေများနဲ့ ကသိကအောက်ပေါ့.. ဒါပေမဲ့ ၁ လလောက်အကြာမှာတော့ တော်တော်လေးကို အဆင်ပြေသွား ပါတယ်..

ကလေးငယ်နားမှာ မိခင်မရှိရဘဲ လုပ်ငန်းခွင်မှာ တနေကုန်နေရတာဟာ စိတ်ဆင်းရဲတတ်သူအဖို့တော့ တော်တော်ကြီးကို ဒုက္ခများစရာပါပဲ.. ဒါပေမဲ့ လုပ်ငန်းခွင်ထဲက အမျိုးသမီးတွေအတွက်က ရေရှည်မှာကျတော့ ဒါကအဆင်ပြေပါတယ်.. အလုပ် လုပ်နေကျလူက မလုပ်ရတဲ့အခါ စိတ်ဓာတ်ကျတာ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ပျောက်တာတွေအပြင် ကိုယ်ပိုင်ဝင်ငွေမရှိတာအပေါ်မှာလည်း စိတ်ဆင်းရဲခံစားရတတ်ကြတာကိုး..

ဒီကြားထဲ ကိုယ့်မိသားစု၊ အမျိုးသားက နားလည်မှုမပေးတတ်ရင် "မင်းက အိမ်မှာ အခန့်သားနေပြီးတော့များ စိတ်ဆင်းရဲရသေးလား"ဆိုတာမျိုး စကားသံထွက်လာလို့ကတော့ ပေါက်ကွဲဖို့ချည်းပါပဲ.. ပြီးတော့ ကိုယ့်ဘာကိုယ် စိတ်ဆင်းရဲမပျော်မရွှင်ဖြစ်သမျှဟာ မသိစိတ်မှာ ကလေးကြောင့်ဆိုတာကြီး စွဲလာမှာလည်း စိုးပါတယ်.. "နင့်နားနေဖို့ နင့်ကိုဂရုစိုက်နိုင်အောင်လို့ ငါကတော့ ငါ့ဘဝကို ပြောင်းပစ်ထားရတာ"ဆိုတာမျိုးများ စိတ်ဆိုးတုန်းဖြစ်ဖြစ် ပြောလိုက်မိရင် ကလေးငယ်မှာလည်း ဒီစကားကြောင့် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်စေရတာ မကောင်းဘူးမဟုတ်လား..

နဂိုကတည်းကကိုက အပြင်လုပ်ငန်းခွင်ဘဝကို မပျော်ဘဲ မိသားစုနဲ့ နီးနီးကပ်ကပ်နေချင်သူ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေအတွက်ကတော့ အဆင်အပြေဆုံးပေါ့.. ဒါတောင် မိခင်ဘဝဆိုတာတော့ ပင်ပန်းတာချည်းပဲပေါ့နော်..

လောလောဆယ်တော့ ကိုယ့်အလုပ် ကိုယ့်ဝင်ငွေနဲ့.. ကိုယ့်အပေါင်းအသင်း အသိုင်းအဝိုင်းနဲ့မို့ အရင်လို စိတ်ညစ်စိတ်ဓာတ်ကျတာမျိုးတွေ အလကားငိုယိုတာမျိုးတွေ လျော့နည်းသွားပြီး စိတ်ကြည်လင်နေပါတယ်.. အလုပ်ပင်ပန်းတာနဲ့ သားကိုအချိန်ပေးရတာ နည်းသွားတာ၊ လင်မယား ၂ ယောက်ကိုယ်ပိုင်အချိန် မရှိတော့တာတွေအတွက်တော့ စဉ်းစားအဖြေရှာနေတုန်းပဲ.. ဒါပေမဲ့ ကိုယ်တိုင်က စိတ်ဓာတ်ပိုင်းမှာ အဆင်ပြေနေတော့ ကျန်တဲ့ ပြဿနာတော်တော်များများကို စိတ်ရှင်းရှင်း ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်သွားပါပြီ..

မနက်အလုပ်သွား.. စိတ်ပျော်ပျော်နဲ့ စိတ်ပါလက်ပါ အလုပ်လုပ်.. ညနေပြန်တော့ သားသားနဲ့ဆော့.. သားသားကလည်း အရမ်းကို ဆော့နေပြီးတော့ စကားတွေလည်း ဘာမှန်းမသိ စပြောနေချိန်ဆိုတော့ ဘဝလေးက တကယ်ကို ပျော်စရာကောင်းနေချိန်လို့ပဲ ဆိုပါစို့..

ဘာရယ်မဟုတ်တဲ့ personal ကိစ္စလေးပါ.. =) 

No comments:

your comment please

Powered by Blogger.