ခရီးသွားရင်း သီချင်းဆိုမယ် ငှက်ကလေးများလိုကွယ်
ခရီးမသွားရတာ နှစ်တစ်ပတ်လည်သွားတော့ ခုချိန်မှာ ခရီးသွားချင်တဲ့စိတ်တွေက အချိန်ပြည့်ဖြစ်နေပြီး ဘယ်သွားမလဲလို့ စဉ်းစားလိုက်တိုင်းလည်း သွားချင်တဲ့နေရာတွေက အများကြီးဖြစ်နေတယ်.. ပင်လယ်ကမ်းခြေတစ်ခုခု၊ ပုဂံ၊ တောင်ကြီး၊ ဗန်းမော်၊ မန္တလေး၊ ကယားဘက်၊ လားရှိုး၊ လယ်ဝေး.. သို့မဟုတ်လည်း အဲလို နေရာတစ်ခုခုရယ်လို့မဟုတ်ဘဲ လင်မယားနှစ်ယောက် ကားလေးမောင်းပြီး ဟိုနားရောက်ရောက် ဒီနားရောက်ရောက် အဆင်ပြေရာနေရာလေးတွေ လျှောက်သွားချင်နေတယ်..
တွေးသာတွေးနေရတာလေ.. သားဉာဏ်က ခုမှ ၅ လဆိုတော့ ခရီးသွားရတာ အင်မတန်ကြိုတင်စီစဉ်ပြင်ဆင်ထားပြီးမှ သွားလို့ရမယ်.. ဒါတောင် နေရာဒေသ၊ ဟိုတယ်ရှိမရှိ၊ ရာသီဥတု အဲဒါတွေအကုန်လုံးကို တွက်ချက်ရဦးမှာ.. လက်ရှိမှာ စိတ်ထဲရှိသလို ခရီးသွားလို့မရသေးတော့.. အရင်ကသွားဖူးတဲ့ ခရီးလေးတွေပဲ ပြန်တွေးပြီး ပျော်လိုက်၊ ပြုံးလိုက် ဆက်စဉ်းစားလိုက် လုပ်နေရတော့တယ်..
ခရီးသွားတာ တော်တော်ခပ်ငယ်ငယ်ကတည်းက တော်တော်သဘောကျတယ်.. ခပ်ငယ်ငယ်ဆိုတာ ၃ နှစ် ၄ နှစ်လောက်ကတည်းက အဖေ့ရဲ့ ဆွေမျိုးတွေရှိတဲ့ လယ်ဝေးကို သွားနေကျဆိုတော့ အဲ့ကတည်းက ခရီးပိုးဝင်ခဲ့တယ်ပြောရမှာပေါ့.. သိပ်ငယ်တုန်းကဟာတွေကတော့ မမှတ်မိပါဘူး.. ဒါပေမယ့် အသက် ၈ နှစ်လောက်မှာ ကျိုက်ထီးရိုးသွားရတာကိုတော့ ခုထိပြန်တွေးတိုင်း မှတ်မိပြီး ပျော်နေတုန်း.. အဲ့ဒီတုန်းက အဖေ အမေ ညီမလေး အဒေါ်ရယ်.. ကိုယ်ရယ်.. နောက်ပြီး အမေ့အထက်က အစ်မမိသားစုက ၆ ယောက်ရယ်၊ အမေတို့ အလုပ်က အကိုကြီးနဲ့ အစ်မကြီးရယ်၊ ဒတ်ဆန်းကားကို စင်းလုံးငှားပြီး ကျိုက်ထီးရိုးသွားကြတာ.. ကလေးက ၆ ယောက် နှစ်ကြီးနှစ်ငယ်အရွယ်တွေနဲ့.. မနက်အစောကြီးထပြီး မုန့်စားရတာ၊ မွေ့ရာခင်းထားတဲ့ ကားပေါ်တက်ထိုင်ပြီး လေအေးအေးက မျက်နှာလာတိုးတာတွေကို တစ်ခါတစ်ခါ ပြန်ခံစားလို့ရတုန်းပဲ.. သာမညဘက်ကူးဖို့ ဇက်စောင့်နေတုန်း သံလွင်မြစ်ထဲ ရေဆင်းဆော့ကြတာတွေ.. ကျိုက်ထီးရိုးတောင်ခြေမှာ စားသောက်ဆိုင်မှာတည်းတော့ ကြံရည်စက်ကြီးကို စက်သေနတ်ဆိုပြီး လှည့်ဆော့ကြတာတွေ.. အဲ့ဒီခရီးက ကိုယ့်အသက်အငယ်မှာသွားဖူးတဲ့ ခရီးတွေထဲ ပထမဆုံး မှတ်မှတ်ထင်ထင်ဖြစ်တဲ့ခရီးလို့ပြောရမှာပေါ့.. အရင်ကဟာတွေက သိပ်ငယ်သေးတော့ မမှတ်မှ မမှတ်မိတာ..
နောက်တစ်ခုက ပုဂံ.. တော်တော်ငယ်ငယ်လေးမှာ မိသားစု ၄ ယောက် ကားနဲ့ ပုဂံသွားတာကို ရေးတေးတေးပဲ မှတ်မိတော့ပေမယ့် ကိုယ် ၇ တန်းလောက်မှာ သွားတဲ့ ပုဂံခရီးကတော့ တကယ့်ကို မှတ်မှတ်ထင်ထင်ပဲ.. ကိုယ့်အဖေက အဲ့ဒီအချိန်တုန်းက အနုပညာတက္ကသိုလ် ပန်းချီဌာနရဲ့ ဌာနမှူး.. သူတို့ ပန်းချီ နောက်ဆုံးနှစ်ကျောင်းသားတွေ ပုဂံကိုလေ့လာရေးသွားတော့ ခရီးစရိတ် တစ်ယောက်ဘယ်လောက်ဆိုပြီး သတ်မှတ်ပြီး ငွေစုပြီးသွားကြတာမဟုတ်လား.. အဲ့ဒီမှာ ကိုယ်တို့ကိုပါ ခေါ်သွားတာ.. အရင့်အရင်သွားဖူးတဲ့ခရီးတွေလိုမဟုတ်ဘဲ အစ်ကိုကြီးအစ်မကြီးတွေ အများကြီးနဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့.. ဘာမဆို အချိန်အတိအကျတွေနဲ့.. ဘာမဆို တက်ကြွ ပျော်ရွှင်နေတဲ့အသံတွေနဲ့.. အဲလိုသွားရတာဆိုတော့ အရမ်းအသစ်အဆန်းဖြစ်ပြီး အရမ်းလည်းပျော်ရတယ်.. နယူးရီးယားညကြီးမှာ ကားပေါ်မှာခရီးသွားနေကြရတော့ လမ်းမှာ အဆင်ပြေတဲ့နေရာဆင်းပြီး ကွက်လပ်ကြီးထဲ မီးတွေဖို သီချင်းတွေဆို လက်ဆောင်တွေလဲကြတွေ လုပ်ကြတာတွေလည်း ကြုံခဲ့ရတယ်.. လူကြီးမိဘနဲ့မဟုတ်ဘဲ ရွယ်တူတွေချည်းပဲ တစ်ယောက်နဲ့တစ်ယောက်ဖေးမပြီး လွတ်လွတ်လပ်လပ်ခရီးသွားတာဟာ တော်တော်ပျော်ဖို့ကောင်းပါလားလို့ ပထမဆုံးတွေးမိခဲ့တဲ့ အတွေ့အကြုံပေါ့.. အဲဒီနောက်မှာ ၈ တန်း ၉ တန်းထိ ပန်းချီလေ့လာရေးတွေသွားရင် လိုက်ဖြစ်တယ်.. တောင်ကြီးနဲ့ ကျောက်ဆည်ပြဒါးလင်းဂူ.. တောင်ကြီးခရီးစဉ်မှာ ကျောင်းသားတွေ မီးသတ်ကားကြီးနဲ့ ရေချိုးတာတို့.. ပြဒါးလင်းဂူသွားတော့ တောင်တက်ခရီးကို ထမင်းတစ်ထုပ် ရေတစ်ဗူးနဲ့တက်ကြရတာတွေ.. ဆင်ရိုင်းတွေရှိတဲ့တောမို့လို့ လူဆက်မပြတ်စေဘဲ လက်နက်ကိုင်အစောင့်အရှောက်နဲ့ သွားကြရတာတွေ.. ကျောင်းသားလေ့လာရေးမို့ လမ်းဖြတ်တံတားဖြတ်ကစပြီး တည်းခိုရတာထိ အမြဲဦးစားပေး VIP ဖြစ်နေတာတွေ.. ဘဝတစ်သက်တာမှာ တကယ့်ကို မမေ့နိုင်စရာတွေပါပဲ.. ပြီးတော့ ဘဝရဲ့ ပထမဆုံး cursh ကိုလည်း အဲ့ဒီခရီးတွေမှာ တွေ့ခဲ့ရတာ.. ဟိဟိ..
ခရီးသွားရတဲ့အခါ အကြိုက်ဆုံး ယာဉ်ကိုပြောပါဆိုရင် ရထားပဲ.. ဟိုးငယ်ငယ်ကတည်းက လယ်ဝေးကို နွေကျောင်းပိတ်တစ်ခါ၊ သီတင်းကျွတ်ကျောင်းပိတ်တစ်ခါ တစ်နှစ် ၂ခေါက်သွားဖြစ်ရင် ရထားနဲ့ပဲ သွားတာ.. လယ်ဝေးရောက်ရင်ပျော်တာမပျော်တာထက် ခရီးသွား ရထားစီးရမှာကို ပျော်တဲ့ ကိုယ်တို့ညီအစ်မက မနက်ဖြန်ကျောင်းပိတ်မယ်ဆို ဒီနေ့နောက်ဆုံးရက် ကျောင်းတက်နေကတည်းက ဖင်တကြွကြွနဲ့ အထုပ်ပြင်ပြီးနေပြီ.. မနက်အမြန်ရောက်အောင်ဆိုပြီး ညကို အစောအိပ်နေပြီ.. ပြီးရင် ရထားပေါ်ရောက်ရင် သီချင်းတွေဆိုပြီး ပျော်နေပြီ.. ရထားမထွက်သေးဘူးလား ခဏခဏမေးတော့ ကိုယ်တို့အမေက “ရထားထွက်စေချင်ရင် နည်းနည်းတော့ တွန်းပေးပေါ့.. ဒါမှသူတို့လည်း အမြန်ထွက်လို့ရမှာ”လို့ စတာကို မဟုတ်မှန်းလည်းသိသိနဲ့ ရထားပေါ်ထိုင်ပြီး ပြတင်းပေါက်ဘောင်တွေကို တွန်းလိုက်ရတာအမော.. ကိုယ်တို့တွန်းနေတုန်းများ တိုက်ဆိုင်ပြီး ရထားဘီးစလှိမ့်ရင် လက်ခုပ်လက်ဝါးတီးပြီး ပျော်ရတာ.. ရထားသွားရင် လှုပ်နေတာကို သဘောတွေကျ.. ပြတင်းပေါက်ကနေ လမ်းတစ်လျှောက် မြင်သမျှခွေးတွေကို လိုက်ရေတွက်ပြီး လယ်ဝေးရောက်တိုင်း အဖွားကို လမ်းမှာ ခွေးဘယ်နှကောင်မြင်ခဲ့တယ်ဆိုတာကို သွားပြန်ပြောရတာလည်း အမောပဲ.. ခုခေတ်လို မိုဘိုင်းလ်တွေ ဂိမ်းဆော့တာတွေလည်း မရှိသေးတော့ ရထားပေါ်မှာ မိသားစု ၄ ယောက်သား ပဟေဋ္ဌိဖွက်တိုင်းတို့၊ အမူအရာနဲ့ပြပြီး ရုပ်ရှင်ကားနာမည်ဖော်တိုင်းတို့ဆော့ရတာလည်း သိပ်ပျော်စရာကောင်းခဲ့တာပါ..
နောက်ပြီး တော်တော်ကြီးမှ အသက် ၂၀ လောက်မှ သွားတဲ့ ဗန်းမော်ခရီး.. ဘဝရဲ့ပထမဆုံး သင်္ဘောခရီးစဉ်ပါ.. ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့သွား.. သင်္ကြန်တွင်းနားနီးတော့ ရထားလက်မှတ်က သိပ်ခက်တာ.. အစ်ကို ၂ ယောက်နဲ့ ကိုယ်တို့ ညီအစ်မ ၂ ယောက်.. ၄ ယောက်သား မနက်အစောကြီးထ.. တောင်ဒဂုံကနေ ဘူတာကြီးကို မြို့ပတ်ရထားစီးပြီး ဘူတာကြီးမှာ ရထားလက်မှတ်သွားဝယ်ရတာလေ.. လက်မှတ်ကလည်း ရတော့ ၂ ယောက်က တွဲတစ်တွဲ၊ နောက် ၂ ယောက်က တစ်တွဲ၊ ၁ ယောက်ထဲကတစ်တွဲ၊ ၃ နေရာကွဲနေလေရဲ့.. ဒါပေမယ့် မတတ်နိုင်ဘူး အဲလိုပဲ စီးသွားရင်း မန္တလေးရောက်.. မန္တလေးကနေ ဗန်းမော်ကိုတော့ သင်္ဘောစီးသွားတာ.. နွေရာသီ ရေကျနေချိန်လည်းဖြစ် ရေဆန်လည်းဖြစ်တော့ ၃ ရက်ခွဲလောက်လားမသိဘူး စီးလိုက်ရတယ်.. တစ်နေ့တစ်နေ့ သင်္ဘောပေါ်တက်လာသမျှ မုန့်သည်တွေဝယ်စား၊ ဖဲရိုက်၊ စကားပြော၊ အကိုအကြီးပြောတဲ့ ဗန်းမော်နဲ့ ပတ်သက်တဲ့ ပုံပြင်တွေနားထောင်.. ဂိမ်းတွေဆော့.. သင်္ဘောခေါင်မိုးပေါ် တက်ပြီး မောင်နှမတစ်တွေဖဲရိုက်ကြတာ.. အကာအကွယ်မရှိတော့ လေက တဝူးဝူးတိုက်နေတာလေ.. အဲဒါကို ဖဲရိုက်ကြတော့ ချလိုက်တဲ့ ဖဲချပ်တွေ လွင့်မသွားအောင် ကိုယ့်ခြေမနဲ့ကိုယ် ဖိထားကြရတယ်.. နေကြာစိစားပြီး နေကြာစိခွံထွေးရင် လေတိုက်ပြီး ကိုယ့်မျက်နှာပေါ် ပြန်ပြန်ကပ်တာကိုပဲ ရယ်စရာဖြစ်ပြီး အချင်းချင်းတွေစနောက်ပြီး ရယ်ခဲ့ကြရတယ်.. အဲ့ဒီခရီးစဉ်မှာ သင်္ဘောပေါ်စားရတဲ့ ဂျုံယိုဟာ နောက်ထပ်ဘယ်မှာမှလည်း မစားဖူးတော့ဘူး.. ဘယ်တော့မှလည်း မမေ့တော့ပါဘူး..
လေယာဉ်ခရီးစဉ်အကြောင်းကတော့ သိပ်လည်းထွေထွေထူးထူးမရှိလှဘူး.. ပထမဆုံးလေယာဉ်စီးဖူးတာက ထိုင်းကိုသွားတာ.. ထိုင်းနဲ့ဗမာနဲ့ အနုပညာကျောင်းသားဖလှယ်တဲ့ student exchange အစီအစဉ်နဲ့ဆိုတော့ အားလုံး စနစ်တကျနဲ့.. VIP လက်မှတ်နဲ့.. တန်းစီစရာမလိုတဲ့ အခွင့်ထူးတွေနဲ့ သွားရတာဆိုတော့ ပျော်စရာ ရင်ခုန်စရာလည်း သိပ်မရှိလှပါဘူး.. ပထမခရီးစဉ်က ရင်မခုန်ရပေမယ့် ဒုတိယ လေယာဉ်စီးရတာက ကိုရီးယားကို youth camp သွားတာ.. ဗမာကျောင်းသားလူငယ် ၁၀ ယောက်ပေါ့.. အသွားတုန်းက ဒီလိုပဲ ပုံမှန်ပဲ.. အပြန်ကျတော့မှ camp တစ်လ တူတူဝင်ထားတဲ့ ကိုရီးယားအိမ်ရှင်တွေက လေဆိပ်လိုက်ပို့.. မခွဲနိုင်မခွာရက် ငိုကြယိုကြ.. လေယာဉ်ပေါ်ထိ နှပ်တရှုံ့ရှုံ့နဲ့မို့ ဒီလူ ၁၀ ယောက်ကို လေယာဉ်မယ်က “are you ok” လို့မေးယူရတယ်.. ကိုရီးယားကနေ ထိုင်းကို စီးတဲ့တစ်ဆင့်ကတော့ silk air နဲ့ဆိုတော့ ငြိမ့်ညောင်းသာယာပေါ့.. စားလို့သောက်လို့လည်းကောင်း.. အဲ- ထိုင်းနဲ့ဗမာခရီးကျမှ MAI နဲ့ဖြစ်သွားကြတာ.. လေယာဉ်လေးက သေး.. အစားအသောက်ကညံ့.. ဒါပေမယ့် လေယာဉ်ပေါ်မှာ လူလည်းမပြည့်ဘဲ ဒီကလေး ၁၀ ယောက်ကလည်း အဖွဲ့လိုက်ကြီး ဆူညံနေတော့ လေယာဉ်မယ်တွေ မောင်တွေနဲ့ အဖွဲ့တွေကျပြီး မုန့်တွေ ၂ ခါပြန် ၃ ခါပြန်တွေတောင်းစားပြီး ပျော်နေကြတာပေါ့.. ရန်ကုန်လေဆိပ်ကို ဆင်းခါနီးလည်းကျတော့ ရန်ကုန်ဘက်မှာ မိုးတွေက အရမ်းသည်းနေတော့ လေယာဉ်က တအားခါ.. ကော်ဖီတွေမှောက်ကျ.. ဆင်းမယ်ဆိုပြီး နိမ့်သွားပြီးကာမှ မိုးတွေသည်းပြီး ပြေးလမ်းပျောက်နေလို့ ပြန်တက် လေပေါ်မှာဝဲ.. ခဏနေမှ နောက်တစ်ခါပြန်ဆင်းနဲ့.. အစောပိုင်းမှာ ဟီလာတွေထ ရယ်မောနေသလောက် ဆင်းခါနီးအဲလိုတွေဖြစ်နေတော့မှ လူလည်း မူးနောက် အော့အန်တွေဖြစ်ပြီး ပြန်ရောက်လာကြရတာ.. အဲ့ကတည်းက မိုးတွင်းလေယာဉ်စီးဖို့ကို တွန့်ဆုတ်နေတော့တာ ခုထိပါပဲ..
ခရီးသွားတဲ့အကြောင်းတွေကတော့ တစ်ခါနဲ့တစ်ခါ တမျိုးစီမရိုးရ.. ကိုယ့်အသက် ၁၀ နှစ်လောက်မှာကတည်းက ခရီးသွားမယ်ဟေ့ဆိုရင် ဘယ်နှရက်လဲသာပြောလိုက် ကိုယ့်အထုပ်ကိုယ်ပြင်တတ်နေပြီ.. ခရီးသွားဖို့ဆိုရင် ဘယ်တော့မှလည်း မငြိုငြင် မညီးငြူဖုးခဲ့ဘူး.. ငယ်ငယ်တုန်းက မိဘတွေနဲ့သွားတာ၊ နည်းနည်းကြီးတော့ ကိုယ့်မိဘမပါဘဲ အဒေါ်တွေ ဦးလေးတွေသွားရင် လိုက်တာ၊ ကျောင်းသားဘဝ သူငယ်ချင်းတွေနဲ့သွားတာ၊ ကိုယ်တိုင်ပန်းချီကျောင်းသားဖြစ်လာတော့ ကျောင်းသားလေ့လာရေးတွေသွားတာ.. ကို်ယ့်ချစ်သူနဲ့ခရီးသွားတာ.. အလုပ်ကိစ္စကြောင့်သွားရတာ.. BarCamp တွေသွားတာ.. စသဖြင့် စသဖြင့် ခရီးအမျိုးအစားစုံ၊ တွဲသွားရတဲ့လူစုံ၊ စီးရတဲ့ယာဉ်စုံ၊ လမ်းပုံစံမျိုးစုံ အဖြစ်အပျက်အစုံနဲ့ပေါ့..
သတိထားမိတာတစ်ခုကတော့ အရင်ငယ်ငယ်က ခရီးသွားရင် ကားပေါ်ရထားပေါ်မှာ စကားပြောဖြစ်တယ်.. သီချင်းဆိုတယ်.. စာအုပ်အကြောင်း ရုပ်ရှင်အကြောင်းတွေပြောတယ်.. လူတွေအများပါဝင်လို့ရတဲ့ activity တွေလုပ်တယ်ဆော့တယ်.. ဒါပေမယ့် ဒီဘက်ခေတ်ရောက်လာတော့ ခရီးသွားရင် ဖုန်းတစ်လုံးစီနဲ့ ဂိမ်းဆော့တယ်.. သီချင်းနားထောင်တယ်.. စကားမပြောဖြစ်ဘူး.. ကိုယ်နဲ့ ကိုယ့်ချစ်သူနဲ့ ခရီးတွေ အများကြီးတူတူသွားဖူးတယ်.. ၂ယောက် တူတူထိုင်ဖြစ်ပေမယ့် ကားပေါ်ရောက်ရင် ကိုယ်က နားကြပ်တပ်သီချင်းနားထောင်နေပြီး သူကဂိမ်းဆော့နေတာပဲ.. အရင်လို တပင်တပန်းသွားဖို့လည်းမလိုတော့ဘဲ အဲကွန်းကားကြီးတွေနဲ့ ညဘက်သွား ကားပေါ်အိပ် မနက်ဟိုကိုရောက်သွားတော့ ငယ်ငယ်ကလို လယ်ကွင်းတွေ သစ်ပင်တွေ မြို့ဆိုင်းဘုတ်တွေလည်း မမြင်ရတော့ပါဘူး..
ကိုယ်ကတော့ ခရီးသွားရမယ်ဆိုရင် သီချင်းတွေဆိုလိုက်၊ လမ်းမှာ ခွေးဘယ်နှကောင်ရှိလဲ ရေတွက်လိုက် လုပ်ပြီး သွားချင်တုန်းပဲ…
...................................
**ဒီပို့စ်ရဲ့ ခေါင်းစဉ်က ကိုယ့်အဖေ ခရီးသွားတိုင်း အမြဲဆိုနေကျ သီချင်းထဲက တစ်ကြောင်းပါ.. အဲ့သီချင်းလည်း ဘာသီချင်းမှန်းတော့မမှတ်မိဘူး..သူအမြဲဆိုလို့ ရနေတာပဲ..
No comments:
your comment please