အိမ်ပြန်ချင်တယ်
ကျမရဲ့ ပထမဆုံးသော မူဆယ် ခရီး..
ဒီခရီးစဉ်အကြောင်းကို ပြန်ပြီးစာရေးဖို့ ကျမ တော်တော်လေး စဉ်းစားခဲ့ရတယ်.. ဒါပေမယ့် သေချာတာကတော့ ဒီခရီးဟာ လူတိုင်းသိသင့်သိထိုက်တဲ့ သိဖို့ကောင်းတဲ့အကြောင်းအရာတွေပါဝင်နေလို့ မဖြစ်မနေတော့ ရေးရမယ်လို့ ကျမကိုယ် ကျမ ပြန်အားပေးခဲ့ပါတယ်.. တော်တော်များများလည်း သိပြီးသားဖြစ်ကြတဲ့အတိုင်း ကျမဟာ သာမန်မိန်းကလေးတစ်ယောက်ပါပဲ.. နိုင်ငံရေးမလုပ် နိုင်ငံရေးအကြောင်းတွေမသိသလို ဘယ်အသင်းအဖွဲ့ ဘယ်ဝါဒကိုမှ ကျမ မကိုင်စွဲပါ.. လွတ်လပ်မှု တရားမျှတမှုနဲ့ လူသားခြင်းစာနာထောက်ထား ကြင်နာတတ်တဲ့စိတ်ဓာတ်ကိုပဲ ကျမ ယုံကြည်တယ်.. ဒါကြောင့် ဒီခရီးစဉ် တစ်ခုလုံးကို ကျမ မြင်သလို ကျမ ခံစားရသလို အားလုံးကို ပြန်မျှဝေချင်ပါတယ်..
မူဆယ်ခရီးစဉ်လို့ပြောလိုက်ရပေမယ့် တကယ်တမ်းကျမတို့ရဲ့ ခရီးရည်ရွယ်ချက်က တရုတ်ပြည်နယ်စပ်တွေမှာ ရောက်နေတဲ့ ကချင်စစ်ပြေးဒုက္ခသည် စခန်းတစ်ခုဆီကို ဖြစ်ပါတယ်.. ခရီးကို ဒီဇင်ဘာလ လောက်ကတည်းက စပြီး အစီစဉ်ဆွဲဖြစ်ကြပါတယ်.. ကျမတို့နဲ့ အသိ ကိုဒေးဗစ်ဆိုတဲ့ အစ်ကိုက INGO မှာ အလုပ်လုပ်တာဆိုတော့ သူ့ အဆက်အသွယ်တွေနဲ့ စီစဉ်ဖြစ်ကြတာ.. ကိုဒေးဗစ်ရယ် မခင်မြတ်ရယ် မသီသီရယ် မထိုက်ရယ် ကျမရယ်သွားဖြစ်တယ်.. အစကတော့ ကိုရဲအောင်သူ ပါလာတော့မလိုလို.. ကိုထူးတေဇာပဲ လိုက်တော့မလိုလို.. ကိုညီလင်းဆက်ပဲ လိုက်ဖြစ်မလိုလိုတွေ လုပ်နေပြီး တကယ်တမ်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ စထွက်ဖြစ်ကြတော့ နဂိုစီစဉ်ထားတဲ့အတိုင်း ကျမတို့ ၅ ယောက်ပဲ သွားဖြစ်ပါတော့တယ်..
စနေနေ့ မနက်ခင်းမှာ ရန်ကုန်ကနေ စထွက်တယ်.. ရန်ကုန်ကနေ မန္တလေး.. မန္တလေးကနေ မူဆယ် ခရီးစဉ်ကတော့ ထုံးစံအတိုင်းပါပဲ.. ကားမူးတတ်တဲ့ ကျမက တောင်ဆင်းတောင်တက်လမ်းတွေကို အတင်းမျက်စိမှတ် အိပ်ပစ်တဲ့နည်းလမ်းနဲ့ ကျော်ဖြတ်ခဲ့ပါတယ်.. တနင်္ဂနွေနေ့ မူဆယ်ရောက်ရောက်ချင်း သူငယ်ချင်း မြို့ခံတစ်ယောက်နဲ့ ဆက်သွယ်ပြီး ရွှေလီဘက်ကူးကာ ဈေးဝယ်တဲ့အစီအစဉ်ကို စတင်ဖြစ်တယ်..
ဈေးဝယ်တယ်ဆိုတာက ဒီလို.. ကျမတို့က ရန်ကုန်ကနေ သယ်သွားတာဆိုလို့ ဒုက္ခသည်တွေအတွက် ခြင်ထောင်တွေပဲပါတယ်.. ကျန်တဲ့ စားသောက်စရာတွေ ဆေးပစ္စည်းတွေကို မူဆယ်ကျမှ ဝယ်မယ်ဆိုပီး ပိုက်ဆံတွေပဲ သယ်လာခဲ့တာလေ.. အဲ့ဒီမှာ မူဆယ်ကနေ ကြယ်ခေါင်ကို ကူးရတော့ ကြယ်ခေါင်နဲ့ ရွှေလီက လမ်းတွေက ကောင်းလိုက်တာဆိုတာ.. အစက မြန်မာပြည်နဲ့ တရုတ်ပြည်ကို ခြားထားတာက မြစ်ပါ.. ကြယ်ခေါင်ဟာ မြန်မာပိုင်တဲ့ မြို့ဖြစ်ခဲ့တယ်.. မြန်မာပြည် ကြယ်ခေါင်နဲ့ တရုတ်ပြည်ရွှေလီ နယ်စပ် ၂ မြို့ကို မြစ်ခြားပြီးတံတားကူးရတာ.. ခုတော့ ကြယ်ခေါင်ဟာ တရုတ်ပိုင်မြို့ဖြစ်သွားပြီမို့ နယ်စပ်အခြားအနားအဖြစ် သံတိုင်တံတိုင်းတွေ ကာထားတာ တွေ့ခဲ့ရပါတယ်..
အရင် ရွှေလီက နယ်စပ်မြို့ဖြစ်ခဲ့တုန်းက ရွှေလီမြို့အဝင် ကားပတ်လမ်းအဝိုင်းကြီးမှာ ထားတဲ့ အရုပ်ကြီးဟာ ခုတော့ ကြယ်ခေါင်မြို့ဘက်မှာ ရွှေ့ထားတယ်.. အရုပ်ကြီးကို တရုတ်ပြည်ဘက်ကတော့ ထုထားတာ ဘာသဘောလဲတော့မသိဘူး.. မြင်ရသလောက်ကတော့ အင်တိုက်အားတိုက်နဲ့ မြန်မာပြည်ဘက်ကို ဘီးကြီးတွန်းလှိမ့်ပြီး လာနေသလိုပဲ ခံစားရပါတယ်..
တနင်္ဂနွေညကို မူဆယ်မှာပဲ အိပ်လိုက်ဖြစ်တယ်.. တနင်္လာမနက်ကျတော့မှ စခန်းကိုသွားဖြစ်တယ်.. ကချင်ပြည်မှာ စစ်ဖြစ်တော့ စစ်ပြေးဒုက္ခသည်တွေ တော်တော်များများဟာ အနီးဆုံးနယ်စပ်တွေဘက်ကို ပြေးကြပါတယ်.. လွိုက်ဇာဒုက္ခသည် စခန်းကတော့ လူသိများတယ်.. ခု ကျမတို့ သွားကြတာကတော့ ဗမာပြည် လွယ်ဂျယ်နယ်စပ်နားက စခန်းတွေပါ.. လွယ်ဂျယ်မြို့နဲ့ ကပ်လျက် လိုင်ရင်းဆိုတဲ့ တရုတ်ဒေသမှာ ရှိတယ်.. အဲ့ဒိ လိုင်ရင်းတဝိုက်နားက စခန်းတွေအတွက် အဓိကတာဝန်ယူထားတာကတော့ wunpawng ninghtoi (WPN) ဆိုတဲ့ ကချင်အဖွဲ့လေးပါ.. "ဟွန်ပေါင်" ဆိုတာက "ကချင်လူမျိုးစု အားလုံး"လို့ အဓိပ္ပါယ်ရပြီး.. "နင်းထွယ်" ဆိုတာကတော့ ကချင်ဘာသာစကားအရ "အလင်းရောင်" ပါတဲ့.. ဒီတော့ သူတို့အဖွဲ့အစည်းလေးက ကချင်မျိုးနွယ်စုများအတွက် အလင်းရောင်လို့ ပြောရမှာပေါ့..
ကျမတို့ကို WPN က အစ်မတစ်ချို့က မူဆယ်အထိ ကားနဲ့ လာခေါ်ပေးပါတယ်.. မူဆယ်ကနေ ကြယ်ခေါင်ဘက်ကို ကူး.. အဲ့ကနေ ရွှေလီမြို့ထဲ ခနသွားပြီး လိုအပ်တာတချို့ထပ်ဖြည့်ဝယ်.. နေ့လည်စာ ထမင်းစားပြီးနောက် ကားမောင်းလာလိုက်တာ တစ်နာရီခွဲလောက် အကြာမောင်းပြီးနောက် ကျမတို့ရဲ့ ခရီးပန်းတိုင် WPN refugee camp ကိုရောက်ပါတယ်.. ရောက်ရောက်ချင်း ကားပေါ်က ဆင်းတာနဲ့ စမြင်ရတာကတော့ ကလေးတွေပါပဲ.. ၂ နှစ်.. ၃ နှစ်.. ၅ နှစ်အရွယ်ကလေးက ကျောပိုးထားတဲ့ လသားအရွယ်ကလေးတွေ.. ကလေးကြီးကြီး ကလေးသေးသေး.. ကလေးတွေ ဆိုဒ်စုံမြင်ရတယ်..
မိဘမဲ့ကျောင်းတွေ ဘုန်းတော်ကြီးပညာသင်ကျောင်းတွေကို မကြာခဏ လုပ်အားပေးလိုက်ဖူးတဲ့ ကျမအဖို့ ကလေးတွေကိုမြင်ရင် ဝမ်းသာအားရ ဖက်လှဲတကင်း နှုတ်ဆက်တတ်တာ အကျင့်ပါ.. ဒါပေမယ့် ခု ဒီမှာတော့ ကလေးတွေနား ကျမတို့ ကပ်လို့ မရပါဘူး.. ဗမာရုပ်မှန်းသိသာနေတဲ့ သူစိမ်းကျမတို့ကို ကလေးတွေက အနားကပ်လာတာနဲ့ ထွက်ပြေးကြတာ ကြုံရတာ ကျမ စိတ်ထဲတောင် မကောင်းဘူး..
နောက်ထပ် ရောက်ရောက်ချင်းကြုံရတာကတော့ အိမ်သာပါပဲ.. လူဦးရေ ၁ ထောင်ကျော်ရှိတဲ့ အဲ့ဒိ စခန်းကြီး တစ်ခုလုံးမှာ အိမ်သာ ၁၁ လုံးပဲ ရှိပါတယ်.. သုံးရေက တစ်မိုင်လောက်ဝေးတဲ့ ရေခမ်းစပြုနေတဲ့ ချောင်းထဲကို သွားခပ်ရပါတယ်.. စခန်းတစ်ခုလုံးမှာ စိမ့်ရေတွင်းတစ်ခုရှိပါတယ်.. အဲ့ဒါကတော့ သောက်ရေအဖြစ် သူတို့ အသုံးပြုကြတယ်.. စခန်းတည်ထားတဲ့ နေရာက တရုတ်ရွာတစ်ခုရဲ့ အပြင်ဘက် ကြံခင်းတွေကြားထဲက အမှိုက်ပုံဟောင်းကြီးနေရာပါ.. သစ်ကြီးဝါးကြီးမရှိတဲ့ ကွင်းကြီးဆိုတော့ နေ့ခင်းဆို ဖုန်ထူပြီး လေပူကြီးတွေ တိုက်ပါတယ်.. ညဆိုရင်တော့ ဆောင်းတွင်းလေက တာလပတ်တွေကိုဖြတ်ပြီး ကြမ်းအောက်ကိုဖြတ်ပြီးတိုက်တာ စိမ့်နေအောင် အေးပါတယ်..
ကျမတို့ မိန်းကလေး ၄ ယောက်နဲ့ ကချင်ဆရာမလေး အားပန်နဲ့က တဲတစ်ခုနေရပါတယ်.. အားပန်က သိပ်ချစ်ဖို့ကောင်းတယ်.. ဗမာစကားကို တတ်သလောက် ပီသလောက်လေးနဲ့ ကျမတို့ကို ကြိုးစားပမ်းစား စကားပြောတယ်.. ဘာသာတွေလည်း ပြန်ပေးတယ်.. စခန်းမှာ နေတဲ့ ၃ ရက်စလုံးလည်း ကျမတို့ လိုတာမှန်သမျှ ကူညီပေးခဲ့ပါတယ်.. ကျမတို့နဲ့ ရန်ကုန်က အတူလာတဲ့ ကိုဒေးဗစ်ကတော့ စခန်းကကချင်ဆရာလေး ကိုဇော်အောင်နဲ့ နေရပါတယ်.. (ဗမာလို နာမည်လုပ်လိုက်တော့ ဇော်အောင်ဖြစ်သွားပေမယ့် သူတို့ ကချင်အသံထွက်နဲ့တော့ "ဇောင်း(င့်)"လို့ ကြားမိတာပဲ)..
ရောက်ရောက်ချင်း ကျမတို့ အနားတဝိုက်မှာ ရှိတဲ့ ကွဲနေတဲ့ တဲစုလေးတွေဆီကို ခြေဆန့်ကြပါတယ်.. ကျမတို့ ရောက်ပြီး နေနေတဲ့ စခန်းက ပင်မစခန်းကြီးလို သဘောပေါ့နော်.. ၂၀၁၁ ခုနှစ် ဇွန်လမှာ စစ်စဖြစ်တော့ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးလာကြတဲ့ မိသားစုတွေက တောတွေထဲမှာ အကွဲကွဲအပြားပြား ခိုနေခဲ့ကြပါတယ်.. နောက်တော့ WPN ကနေ ဦးစီးပြီးတော့ နိုဝင်ဘာလောက်မှာ ဒီစခန်းကြီးကို တရုတ်ရွာသားတွေဆီက ခွင့်တောင်းပြီး ဆောက်ခဲ့တော့မှ ကွဲပြားနေတဲ့ လူတွေ အကုန်ပေါင်းမိပြီး တစုထဲ နေဖြစ်ကြတာလို့ ဆိုပါတယ်.. ဒါပေမယ့် ခုချိန်ထိ ဒီစခန်းကိုလာမပေါင်းဖြစ်သေးဘဲ ကြုံရာ ဆန်စက်ဟောင်းတွေ.. ကျောက်မီးသွေးကျိတ်စက်တွေမှာ ခိုကပ်နေကြသေးတဲ့ စစ်ပြေးအစုလေးတွေ ရှိသေးတော့ သူတို့ဆီလည်း ရောက်အောင် သွားကြရတာပေါ့.. အဓိကတော့ စခန်းတွေမှာ ဘာလိုအပ်သလဲဆိုတာလေးတွေ သိရအောင် မေးမြန်းဖို့ရယ်.. အဲ့ဒီက စခန်းတာဝန်ခံတွေက သွားစေချင်လို့လည်းပါတယ်..
သူတို့တွေထဲက တချို့စခန်းတွေက တိုက်ပွဲဖြစ်နေတဲ့ နယ်စပ်တောင်ကြောနဲ့ သိပ်ကပ်ပါတယ်.. ပြောင်းခင်းတစ်ခင်းနဲ့ ဝါးရုံတစ်တောပြီးရင် အရင်သူတို့နေတဲ့ ရွာဟောင်းရောက်ပြီဆိုတဲ့ နေရာတွေလည်းတွေ့ခဲ့တယ်.. အဲလို စခန်းတွေကျတော့ သောက်ရေကို ရွာထဲကို သွားပြန်ခပ်ယူကြတယ်လို့ ဆိုတယ်.. စစ်ပွဲအခြေအနေကြည့်ရင်း ရှောင်ရင်း သွားရတာပေါ့လေ.. ကျမတို့ ပြန်လာမယ့် မနက်ခင်းကတောင်မှ ကြံခင်းတဲ့ ကြံပင်ခုတ်ရင်း မိုင်းထိမိတဲ့ လူတစ်ယောက် ဆုံးသွားပါသေးတယ်.. စခန်းတွေ တော်တော်များများမှာလည်း ဝမ်းပျက်ဝမ်းလျှောကြောင့် သေကြတာတွေ မနည်းတော့ပါဘူး..
သွားနေတဲ့ ၃ ရက်အတွင်း စခန်းတွေအကုန်လုံးနီးပါးကို ရောက်ဖြစ်ခဲ့ပါတယ်.. ခြေလျင်သွားတာလည်းသွား၊ ဝေးတာတွေကျတော့ ဆိုင်ကယ်နဲ့သွားတာလည်းသွားရတာပေါ့..
ကျမတို့လို ဘာနောက်ခံမှ မရှိတဲ့ လူငယ်သူငယ်ချင်းတွေ စုလာတဲ့ အဖွဲ့လေးကို သူတို့ သိပ်အံ့သြနေကြတယ်.. အဒေါ်ကြီးတစ်ယောက်ကဆို ပြောတယ်.. (နိုင်ငံရေးသမားတွေ ကူတာတို့ UN က ကူတာတို့ကတော့ ကြုံဖူးတာပဲလေ နော့.. ဒါမယ့် ဆရာမတို့လို ကိုယ့်အလုပ်နဲ့ကိုယ် မအားတဲ့ထဲက ဒီလိုတကူးတကလာခဲ့တာ ကျမတို့တော့ သိပ်ပျော်တယ်) တဲ့.. ဟုတ်တယ်.. ရောက်ခါစက စိမ်းနေတဲ့လူတွေဟာ တဖြည်းဖြည်းနဲ့ ကျမတို့နဲ့အတူ စကားလာထိုင်ပြောရင်း ရေနွေးကြမ်းအတူသောက်ရင်း အဖြစ်အပျက်တွေကို သူတို့စိတ်ထဲရှိသလို ပြောပြတဲ့အခါ ကျမတို့လည်း မျက်ရည်လည်တဲ့အထိ ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရပါတယ်.. ကျမတို့အပေါ်မှာ သူတို့ သိပ်ကောင်းကြပါတယ်.. ရေသယ်ရခပ်ရ သိပ်ခက်နေလျက်နဲ့ ကျမတို့ နေတဲ့တဲ ဖုန်ထမှာစိုးလို့ဆိုပြီး မြေကြီးပေါ် ရေတွေ ဖြန်းပေးကြတာ ကျမတို့က အတင်းတားယူရတယ်..
အင်္ဂါနေ့ မနက်ပိုင်းမှာ အစည်းအဝေးလေးတစ်ခု သူတို့ခေါ်ပေးပါတယ်.. တကွဲစီဖြစ်နေတဲ့ စခန်းတွေရဲ့ တာဝန်ခံခေါင်းဆောင်တွေက တက်ရောက်ပေးကြတယ်.. သူတို့လိုအပ်ချက်တွေ ကျမတို့က လုပ်ပေးနိုင်တာတွေ ဆွေးနွေးကြတဲ့ပွဲပါ.. သူတို့မှာ အဓိကလိုအပ်တာတော့ သုံးရေ သောက်ရေနဲ့ အိမ်သာပါပဲ.. ပြီးတော့ ဆေးဝါး.. အဲဒါတွေပြီးမှ ရိက္ခာလို့ ပြောတယ်.. အဝတ်အစားနဲ့ မီးဖိုချောင်ပစ္စည်းတွေတို့.. စောင် ခေါင်းအုံးတွေတို့က တရုတ်ရွာတွေကလည်း လှူထားတော့ လုံလောက်ပါတယ်တဲ့.. ဒါပေမယ့် တရုတ်တွေက ပေးတော့ အနွေးထည်တွေ ဘောင်းဘီတွေဆိုတော့ ကချင်အမျိုးသမီးကြီးများက ထမီတွေလိုအပ်သေးတယ်လို့ပြောလို့ မှတ်ခဲ့သေးတယ်.. ကျမတို့လည်း ချက်ချင်းပဲ ပစ္စည်းဝယ်ရင်းပိုတဲ့ငွေတွေကို ရေတွင်းတူးဖို့တွေ ထပ်လှူခဲ့လိုက်ပါတယ်..
သူတို့တွေ အဲဒီတရုတ်ပြည်ထဲမှာ ခိုကပ်နေရတာ မလွယ်ပါဘူး.. တရုတ်ရဲတွေက လာမောင်းထုတ်တာမျိုးတွေရှိတတ်ပါတယ်.. ဒါပေမယ့် သူတို့ကလည်း စစ်ဖြစ်နေတဲ့နေရာတော့ ပြန်ပြီး အသေမခံဘူး.. မနေစေချင်ရင် နင်တို့ပဲ ဘေးလွတ်ရာ ပို့ပေးကြလို့ ပြန်တောင်းဆိုတဲ့အခါမှာတော့ တရုတ်ရဲတွေလည်း အတင်းမမောင်းထုတ်ကြဘူးလို့ ပြောပါတယ်.. ကလေးတွေကတော့ လွယ်ဂျယ်ဘက်ကို ကူးပြီး ကျောင်းသွားသွားတက်ကြသူတွေရှိတယ်.. လွယ်ဂျယ်နဲ့က နည်းနည်းတော့ ဝေးပါတယ်.. နေတော့ တရုတ်ပြည်.. ကျောင်းကို ဗမာပြည်မှာ သွားတက်တယ်ဆိုလို့ သိပ်ခက်ခဲတယ်တော့လည်းမဟုတ်ပါဘူး.. လွယ်ဂျယ်ဘက် နယ်ခြားစည်းက ကြယ်ခေါင်-မူဆယ်လို အခိုင်အမာ တံတိုင်းကြီးကာထားတာမျိုးမရှိဘဲ ဝါးကပ်ကလေးတွေပဲ ဖြစ်သလိုကာထားတာဆိုတော့ မနက်ခင်းဆိုရင်လည်း ဟိုဘက်ဈေးဆိုင် ဒီဘက်ဈေးဆိုင် ကူးသန်းဝယ်ရောင်းလုပ်နေကြတာပါပဲ.. မထူးဆန်းတော့သလိုဖြစ်နေတယ်..
ကျမတို့ဆို မနက်ခင်း ခေါက်ဆွဲစားဖို့ ဗမာပြည်ဘက်ကူးပြီး လွယ်ဂျယ်ဈေးထဲ သွားခဲ့သေးတယ်.. ဒါကြောင့် တွေးမိတယ်.. မမြင်ရတဲ့ နယ်ခြားစည်းဆိုတာတွေက အလကားပါပဲ.. တကယ်အရေးကြီးတာက လူအချင်းချင်း နားလည်မှု စာနာမှုတွေပဲ ဖြစ်လိမ့်မယ်လို့.. ဘာဖြစ်လို့လဲဆိုတော့ ကချင်လူမျိုးတွေက မြန်မာပြည်ရဲ့တစိတ်တပိုင်းဖြစ်နေပေမယ့် ခုမြင်ရသလောက်ကတော့ သူတို့က တရုတ်လူမျိုးတွေနဲ့ ပိုပြီးချစ်ခင်စည်းလုံးနေကြတာကိုး.. ကျမတို့ ရန်ကုန်လိုမြို့ကြီးဘက်ကလူတွေနဲ့ ကချင်ရွာသားတွေနဲ့ဆိုရင် ဘယ်လိုမှ စကားပြောဆိုလို့ကလည်း အဆင်မပြေ.. ယဉ်ကျေးမှုတွေ အနေအထိုင်ချင်းတွေလည်းမတူကြဘူးမဟုတ်လား.. တကယ့် ရွာသူရွာသား ကချင်တိုင်းရင်းသားတွေရဲ့ စိတ်သဘောထားအမှန်ကို ကျမတို့ သိခွင့်ရဖို့လည်းမလွယ်ဘူး.. ခုလို သွားဖြစ်လိုက်တော့ သိလာရတဲ့အတွက် တကယ်အကျိုးရှိတယ် ထင်မိတယ်..
ညဘက်ဆို ကျမတို့အိပ်တဲ့ တဲအပြင်ဘက်ကနေ ကလေးတွေ တပုံတမကြီး လာလာချောင်းကြည့်ကြတယ်.. ရောက်ခါစက အနားမကပ်တဲ့ ကလေးတွေဟာ ခုကျတော့ "ဆရာမတို့ကို ချစ်တယ်.. ဆရာမတို့ကို စိတ်ဝင်စားတယ်"ဆိုတာကို ထပ်တလဲလဲ အပြင်ကနေ အော်ပါတယ်.. ကျမတို့ကို စာလေးတွေ ရေးပေးလိုက်တယ်.. မြန်မာစာ တလွဲတချော်လေးတွေနဲ့ပါ.. ကျမတို့ကလည်း စာတွေပြန်ရေးပေးထားခဲ့ပါသေးတယ်.. သူတို့နဲ့ ဟိုပြောဒီပြော စကားတွေပြောပြီးရင် အိပ်တော့မယ်နော်.. သွားအိပ်ကြတော့လို့ နှုတ်ဆက်ရတာကတင် နာရီဝက်လောက် ကြာတတ်သေးတယ်.. တာ့တာလို့ ပြောပြီး မပြန်ကြသေးဘဲ ကျမတို့ကို ငြိမ်ပြီးစိုက်ကြည့်နေတတ်ကြပါတယ်.. ကျမတို့ကို မပြန်စေချင်ကြဘူး..
တကယ်က WPN ရဲ့ တကယ့်ရုံးချုပ်နေရာက ခု ကျမတို့ နေတဲ့နေရာနဲ့ ၁ မိနစ်လောက် ဆိုင်ကယ်စီးပြီးသွားရတဲ့နေရာမှာ ရှိပါတယ်.. အင်္ဂါနေ့ ညဘက်ကျတော့ အဲ့ဒိ ပင်ပရုံးချုပ်က volunteer လူငယ်တချို့ ကျမတို့ဆီလာလည်ပြီး စကားတွေ ပြောဖြစ်ကြတယ်.. အဲ့မှာ သူတို့ ပြောပြတဲ့ အဖြစ်ပျက်တစ်ခုက ကျမတို့ မျက်ရည်ကျတဲ့အထိ စိတ်ထိခိုက်ခဲ့ရပါတယ်..
စစ်စဖြစ်နေပြီဆိုတာကို ကြားတဲ့အခါ တချို့ရွာတွေက စစ်ဘေးနဲ့လွတ်နေပါသေးတယ်.. ဒါပေမယ့် တနေ့နေ့မှာ စစ်ကြောင်းဟာ သူတို့ရွာပေါ်မှာ ကျလာနိုင်တယ်ဆိုတာကို တွက်မိတော့ ရွာလေးတွေက တောထဲကိုကြိုပြေးထားကြတာမျိုးလည်းရှိပါတယ်.. ရွာတစ်ရွာက အဲလိုပဲ ကြိုပြေးခဲ့ကြတာ.. ကြိုပြေးပြီးတောနက်ထဲမှာ တဲလေးဆောက်ပြီး နေကြတာပေါ့.. ညနေခင်းတစ်ခုကျတော့ စစ်တပ်က အဲ့ဒိ သူတို့ပုန်းနေတဲ့ တောထဲထိရောက်လာကြပြီး ရွာကို ဝင်ပစ်ပါတယ်.. ချောင်းစပ်နား တောစပ်နား ဆော့နေကြတဲ့ ကလေးတွေကို တွေ့ရာမြင်ရာဆွဲပြီး ရွာသားတွေလည်း တောထဲ ဝင်ပုန်းကြပေမယ့် ရွာထဲမှာ ကလေးမွေးပြီးတာ ၇ ရက်လားပဲ ရှိသေးတဲ့ မိန်းမတစ်ယောက်နဲ့ သူ့ရဲ့ ၇ ရက်သား ကလေးလေးရယ်.. ၄ နှစ်သမီးလေးတစ်ယောက်နဲ့ သူ့ အမေရယ်.. ၄ ယောက်ရွာထဲမှာ ကျန်ခဲ့ကြပါတယ်တဲ့..
တောထဲမှာပုန်းနေတဲ့ ရွာသားတွေလည်း တစ်ညလုံး ကလေး ၂ ယောက် ငိုသံကိုကြားနေရတော့ ဝေးဝေးကိုမပြေးသွားရဲဘဲ တစ်ညလုံးစောင့်နေပြီး မနက်ခင်းမိုးလင်း စစ်တပ်က ထွက်သွားတော့မှ အဲ့ဒိ ၇ ရက်သားလေးရဲ့ အဖေရယ်.. ၄ နှစ်သမီးလေးရဲ့ အဖိုးရယ် ရွာထဲ သွားပြန်ကြည့်ကြပါတယ်.. ကလေး ၂ ယောက်ကတော့ ငိုရလွန်းလို့ အသံလည်းမထွက်တော့ဘဲ ပြာနှမ်းနေကြပါပြီ.. ဘယ်ဘက်နံရိုးကနေ ညာဘက်နံရိုးထိ ထုတ်ချင်းပေါက်နေတဲ့ ဘက်နက်ဒဏ်ရာကြီးနဲ့ ၇ ရက်သားလေးရဲ့ မိခင်ရဲ့ အလောင်းကိုတော့ ကျောက်တုံးနဲ့ဖိထားခဲ့တာ အလောင်းလည်းမယူနိုင် ကြည့်လည်းမကြည့်ရက်လို့ လှည့်ကိုမကြည့်ဘဲ ကလေးတွေပဲ ချီပြီး ပြန်ထွက်လာခဲ့ကြပါသတဲ့.. ၄ နှစ်သမီးလေးရဲ့ အမေကတော့ အဲ့ဒိ စစ်ကြောင်းနဲ့အတူပါသွားတာ.. ခုထိ သတင်းအစအန မရဘူးလို့ ဆိုပါတယ်..
အဲဒါတွေကြားရတော့ ကျမစိတ်ထဲ မကောင်းပါဘူး.. စစ်ဖြစ်နေတာဖြစ်လို့ လက်နက်ကိုင်ထားတဲ့ စစ်သားအချင်းချင်း ပစ်ခတ်သတ်ဖြတ်နေတာဟာ အကြောင်းမဟုတ်ပေမယ့် အပြစ်မရှိတဲ့ ပြည်သူတွေကပါ စစ်ဘေးစစ်ဒဏ်ခံရပုံကြီးကတော့ ဆိုးဝါးလွန်းပါရဲ့.. စစ်သားတွေဘက်ကကြည့်လည်း အငတ်ငတ်အပြတ်ပြတ်နဲ့ အနေထိုင်ဆင်းရဲ စိတ်ဆင်းရဲနေပြီး မိကွဲဖကွဲ တောကြီးထဲမှာ သွားလာနေထိုင်နေရတာ.. နေ့သေမလား ညသေမလားမသိတဲ့ အခြေအနေမှာ စိတ်ရိုင်းစိတ်ကြမ်းတွေ ဝင်လာမှာအမှန်ပါပဲ.. ကမ္ဘာပေါ်မှာ ရှေ့တန်းကိုရောက်နေတဲ့ စစ်သားတွေတိုင်းဟာ သူတို့ ဒုက္ခနဲ့ သူတို့ကိုယ်စီရှိကြမှာလည်း အမှန်ပဲမို့ သူတို့အတွက်လည်း တွေးပြီး စိတ်မကောင်းဖြစ်မိပါတယ်.. တကယ်တော့ စစ်ဆိုတာကြီးက ကောင်းကို မကောင်းတာပါ.. ဘယ်သူ့အတွက်မှ ကောင်းကျိုးကို မပေးဘူးလို့ မြင်မိပါတယ်..
အင်္ဂါနေ့မနက်မှာ ကျမတို့ အစည်းအဝေးလုပ်ကြတော့ အပြီးသတ်ကျေးဇူးစကားပြောပေးတဲ့ ကချင်လူမျိုး ရွာသူကြီးတစ်ယောက်က ပြောပါတယ်.. ခုလို ဗမာလူငယ်တွေ လာတာ သူတို့ သိပ်ဝမ်းသာပါတယ်တဲ့.. ဗမာတွေကို သူတို့ချစ်ပါတယ်တဲ့.. တကယ်တော့အားလုံးက လူတွေချည်းပဲမို့ ခုလို လာပြီး ကူညီခြင်းအားဖြင့် ပစ္စည်းနည်းတာ များတာပေါ်မူမတည်ဘဲ စိတ်စေတနာပေါ်ပဲ မူတည်တာမို့ သိပ်ကျေးဇူးတင်ပါတယ်တဲ့.. လိုအပ်တဲ့ပစ္စည်းတွေ နောက်လည်းထောက်ပံ့ကူညီမယ်ဆိုလို့ ဝမ်းသာပေမယ့် သူတို့ တကယ်လိုချင်တာက အဲ့ဒါတွေ မဟုတ်ပါဘူး.. ငြိမ်းချမ်းရေးပါတဲ့.. သူတို့ အိမ်ပြန်ချင်ပါတယ်တဲ့.. ကိုယ့်လယ်ယာ ကိုယ့်မြေ ကိုယ့်အိမ်မှာပဲ ကိုယ့်မိသားစု အေးအေးချမ်းချမ်းနေထိုင်ရတာကို လိုလားတာမို့ အဲ့ဒိအတွက်လည်း ကျမတို့က ကြိုးစားပေးကြပါလို့ သူက မျက်ရည်တွေနဲ့ ကျေးဇူးစကား ပြောသွားခဲ့ပါတယ်.. ကျမတို့ကလည်း အစိုးရပိုင်းကလည်းမဟုတ်.. ဘာအဖွဲ့အစည်းကမှလည်း မဟုတ်တဲ့ သူတို့လို သာမာန်ပြည်သူတွေပဲမို့ တချက်ထဲနဲ့တော့ မတတ်နိုင်ပေမယ့် တတ်နိုင်သမျှ ကိုယ်လုပ်တတ်သလောက် ကူညီပါ့မယ်လို့ ကတိပေးခဲ့ကြပါတယ်..
သူတို့ အိမ်ပြန်ချင်ကြပါတယ်.. ကျမတို့က ကျမတို့အိမ်မှာ မိသားစု စုံညီစွာနဲ့.. မီးအလင်းရောင်တွေနဲ့ တီဗီတွေ ကွန်ပျူတာတွေနဲ့.. အင်တာနက်တွေ အဲကွန်းတွေနဲ့ ကျမတို့ဘဝကို ဖြတ်သန်းနေတဲ့အချိန်မှာ.. ကျမတို့လိုပဲ မိသားစုရှိတဲ့ ကျမတို့လိုပဲ ခံစားတတ်တဲ့ ကျမတို့လိုပဲ သွေးနဲ့သားနဲ့ ဖွဲ့စည်းထားတဲ့ လူတချို့တွေကတော့ တာလပတ်မိုး တာလပတ်ကာ တဲကလေးတွေထဲမှာ မိသားစုတွေ သေကွဲတွေ ရှင်ကွဲတွေ တကွဲတပြား.. မီးမရှိ ရေမရှိ.. ရောဂါကုစရာ ဆေးဝါးမရှိ.. စားစရာဝလင်စွာမရှိတဲ့ အနေအထားနဲ့ ဒုက္ခခံနေကြရပါတယ်.. ဒါတွေကို ကျမတို့ သိလာရပြီ.. ကျမ သိသလို စာဖတ်သူအားလုံးကိုလည်း တတ်နိုင်သမျှ သိအောင် ပြောပြပြီးပြီ.. သူတို့ဆီက ပြန်လာတော့ ကျမတို့ကို ကားနားထိ လိုက်ပို့ကြရင်း ဖက်လှဲတကင်းနှုတ်ဆက်တဲ့အခါ.. (နောက်တစ်ခါ ပြန်တွေ့ကြဦးမယ်.. ဒါပေမယ့် ဒီမှာမဟုတ်ဘူး.. ကချင်ပြည်မှာ)လို့ ပြောတော့ သူတို့ ငိုကြပါတယ်.. (ငါတို့လည်း တွေ့ချင်ပါတယ်.. ဒီမှာ မဟုတ်ဘူး.. ငါတို့ရွာမှာ ဧည့်ခံမယ်)လို့ ပြောကြတယ်..
ဟုတ်တယ်.. သူတို့ အိမ်ပြန်ချင်ကြပါတယ်..

No comments:
your comment please