ကျမ ဝယ်ရန်ရည်ရွယ်ထားသော
ကျန်ခဲ့တဲ့ တစ်လလုံး သင်တန်းမှ ပြန်သည့်ညနေတိုင်း ကျမသည် ဒီနေရာကိုဖြတ်လျှင် လှည့်မကြည့်ဘဲ မနေနိုင်..
ခရေဇီစိမ်းလို့ ခေါ်သည့် အစိမ်းနုနုတောက်တောက်ရယ် အပြာဖျော့ဖျော့ရယ်ကို အနက်ရောင်၊ မီးခိုးရောင်လိုင်းကွပ်လေးများဖြင့် အဆင်ပြေပြေ တွဲစပ်ထားသည်က တော်တော်လေးကို သဘောကျစရာကောင်းသည်.. ကျောပိုးအိတ်များ သီးသန့်ရောင်းသည့်ဆိုင် မဟုတ်သဖြင့် ဒီဇိုင်းများများလည်း မရှိ.. အမျိုးစားများများလည်း မရှိသည့် စတိုင်းဆိုင်လေး၏ ရှေ့ဘက်မျက်နှာစာမှာ ထိုအိတ်ကလေးကို အမြဲ ချိတ်ဆွဲလျက်သားမြင်ရတတ်သည်.. အဲ့သည့် ကျောပိုးအိတ်လေး ကျမကြိုက်တယ်..
ကျမ လက်ရှိလွယ်နေသည့် ကျောပိုးအိတ်အစိမ်းလေးက တော်တော်ဟောင်းနွမ်းနေပြီ.. အနက်ရောင် လက်ပ်တော့ထည့်လွယ်ရသည့် ကျောပိုးအိတ်ကတော့ နေရာတိုင်းကို မလွယ်ချင်.. သိပ်သဘောကျမိသော အပြာရောင်လေးတစ်အိတ်လည်း ရှိသေးပေမယ့် ကျမ ချစ်သူက ထိုအပြာရောင်ကျောပိုးအိတ်ကို ကြည့်မရဘူးဟု ဆိုသည်.. ရှုပ်ရှုပ်ပွပွနဲ့ အပေတေဆန်တယ်ဟု သူက အကြောင်းပြ၏.. ထိုအိတ်များအပြင် တခြားတခြား ဘေးလွယ်အိတ်တွေ တစောင်းအိတ်တွေ များစွာရှိသော်လည်း ကျမက ကျောပိုးအိတ်ကိုသာ မက်မက်စက်စက်တွယ်တာသူ တစ်ယောက်ဖြစ်လေတော့ လမ်းသွားရင်းလာရင်း ဆိုင်တွေမှာ ပြထားသည့် ကျောပိုးအိတ်များကို အလွတ်မပေးဘဲ ကြည့်တတ်သည့် အကျင့်က ကျမမှာ ရလာတော့သည်..
ကျမသည် ကျောပိုးအိတ် မလွယ်ထားရလျှင် မလုံခြုံဘူးဟု ခံစားရသူများထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါသည်.. ကျောပိုးအိတ်ထဲမှာ ပိုက်ဆံအိတ်ကလွဲလျှင် ဘာမှ မပါဘဲ လွယ်ထားရသည်ဖြစ်စေ၊ စာအုပ်တွေ အခွေတွေ ပစ္စည်းပစ္စယတွေ တပုံတပင်နှင့် လေးလေးလံလံ လွယ်ထားရသည်ဖြစ်စေ.. ကျောပိုးအိတ်ကို ကိုယ်နှင့်မခွာ ဆောင်ယူတတ်သူဖြစ်၏.. တခါတရံ ကျမချစ်သူက "ဘာမှ မပါဘဲ ဘာလို့ ဒီအိတ်ကိုလွယ်လာသေးတာလဲ"ဟု မျက်မှောင်အတွန့်ချိုးလျက် အလိုမကျသလို ဆိုတတ်သေးသည်.. ထိုအခါမျိုးတွင် ကျမ ပုခုံးတွန့်လျက်သာ ပြုံးနေလိုက်ပါသည်.. ကျောပိုးအိတ်မပါရင် ကျောမလုံဘူးဟု ဖြေရှင်းလျှင်လည်း သူက နားလည်ပေးနိုင်မည်မဟုတ်..
ကျမ ချစ်သူနှင့် ကျမသည် ကျောပိုးအိတ်ကိစ္စမှာတင်မက နေရာတော်တော်များများမှာ အမြင်ချင်း သဘောထားချင်း မတူညီတတ်ကြ.. အစားအသောက် ကြိုက်တတ်တာခြင်း မတူ.. ကျမစားသလို သူမစားချင်.. သူစားတာ ကျမ မကြိုက်.. နေတာထိုင်တာခြင်းမတူ.. အဝတ်အစား စတိုင်ကြိုက်တာခြင်းမတူ.. ရုပ်ရှင် စာအုပ် စသည်တို့ ကြိုက်သည့် အမျိုးအစားများ မတူ.. သို့သော် ဘာကြောင့်များ ကျမတို့ သိပ်ချစ်ကြသည့် ချစ်သူတွေ ဖြစ်လာပါလိမ့်.. ချစ်သူချင်းဖြစ်သဖြင့် အတူလုပ်ကိုင်ရသည့် ကိစ္စတိုင်းတွင် ကျမက သူ့အကြိုက်ကို လိုက်လျောခြင်းအားဖြင့် ကျမတို့ ပြေလည်စွာ တွဲစပ်နိုင်ခဲ့ခြင်း ဖြစ်မလား.. သေချာတော့ ကျမ မသိ.. ဒီကျောပိုးအိတ်လေးကို ဝယ်ဖို့ နှောင့်နှေးနေသည့် အကြောင်းရင်းထဲတွင် သူမကြိုက်သဖြင့် ဆိုသည့် အကြောင်းပြချက်လည်း ပါနေတာတော့ အသေအချာပဲ..
တညနေ ကျမနှင့် သူ အတူတူ ထိုဆိုင်ရှေ့ရောက်တော့ သူ့လက်ကိုအတင်းဆွဲလျက် ထိုကျောပိုးအိတ်လေးကို ဝင်ကြည့်ဖြစ်ကြသည်.. ကျောပိုးအိတ်က ပျော့ပျော့အိအိနှင့် ခပ်အေးအေး .. မိုးကာသားလို့ ခေါ်မလားမသိ.. ရေအလွယ်တကူ မစိမ့်ဝင်နိုင်သည့် အစဖြင့် ချုပ်ထားသည်.. ချုပ်ရိုးချုပ်သားလည်း သေသပ်ကောင်းမွန်းသား.. သိပ်မကြီးလွန်း မသေးလွန်း.. ပြီးတော့ ကျမ အကြိုက် အိတ်အကန့် ၂ အိတ်ပဲ ပါသည့်စတိုင်မျိုး.. ဈေးနှုန်းကလည်း ၇ ထောင် ဆိုတော့ လိုချင်နေသည့် ကျမအတွက်တော့ တန်သည်ပေါ့.. သို့သော် သူကတော့ မကြိုက်ဟု ကန့်ကွက်သည်.. အရောင်ကလည်း ကြောင်ကြောင်ကြီးဟု ဆို၏.. အပေါစားဆန်တယ်ဟုလည်း ဝေဖန်၏.. "ခု ဝယ်မှဖြစ်မှာမှ မဟုတ်တာ.. တခြားကြည့်ပါဦး.. ပိုက်ဆံနည်းနည်းထပ်ဖြည့်ပြီး အကောင်းစားဝယ်တာမဟုတ်ဘူး.. ကလေးမဟုတ်ဘဲ ဒါမျိုးတွေက ကြိုက်တုန်းပဲ"ဟု ချော့သလိုလို တားမြစ်ခဲ့သည်.. ထိုအခါ ကျမသည် အိတ်ကလေးကို အရောင်းစာရေးကောင်မလေးထံ ပြန်ပေးရင်း တွေဝေပြန်၏..
ထိုသို့ဖြစ်သည်မှာ ဒီတစ်ခါထဲလည်း မဟုတ်.. သူသည် သူ မကြိုက်သော ကိစ္စတစ်ခုကို မလုပ်ဖို့တားမြစ်ရာတွင် အဟုတ်ပင် တော်သူဖြစ်လေတော့ နဂိုကတည်းက ဆုံးဖြတ်ချက်မခိုင်မာတတ်သူ ကျမကို သူ လွှမ်းမိုးနိုင်သည်မှာ အံ့သြစရာတော့လည်း မဟုတ်ဘူးထင်သည်.. ချော့ပြော ချောက်ပြောနည်းများအပြင် ခြိမ်းခြောက်သည့်နည်း.. အစားထိုးသည့်နည်း.. နည်းပေါင်းစုံ သူ သုံးတတ်သည်.. သို့သော် သည်လိုမျိုးက မကြာခဏ ဖြစ်လာတော့ ကျမ အတ္တကို ထိခိုက်လာလေသလားမသိ.. ကျမသည် သည်းခံနိုင်စိတ်နည်းပါးလာ၏.. အလျှော့ပေးရပါ များလွန်းတော့ ပွန်းပဲ့လာသည် ထင်၏.. သိမ်ငယ်ရသည် ထင်လာသည်.. ကျမသည် တခါတရံ သူ့ကို မျက်နှာချင်းဆိုင်ချင်စိတ် မရှိချေ..
သူက တားမြစ်သဖြင့် မဝယ်ရဘူးလိုလို ဝယ်ရမယ်လိုလို ကျမ ချီတုံချတုံဖြစ်နေခဲ့တာ ရက်တွေတောင် တော်တော်ကြာခဲ့ပြီ.. ထိုဆိုင်ရှေ့ကဖြတ်တိုင်းတော့ အိတ်ကလေးကို လှည့်ကြည့်တတ်စမြဲပင်.. ဒီနေ့တော့ ကျမသည် ဆိုင်ရှေ့ကဖြတ်ပြီး ကျောပိုးအိတ်ကလေးကို လှည့်ကြည့်ခဲ့ပြီး ဘတ်စ်ကားပေါ် တက်ခဲ့သည်.. ကားက မှတ်တိုင်မှာ တော်တော်ကြာကြာ ရပ်နေလေတော့ ကားပေါ်ကနေ ကျမ ဆိုင်ထဲကို ကောင်းကောင်းမြင်နိုင်နေသဖြင့် အိတ်ကလေးကို ကြည့်ရင်း ကျမ စဉ်းစားနေသည်.. ခုပဲ သွား ဆင်းဝယ်လိုက်ရင်ကောင်းမလား.. ထိုအိတ်ကိုလွယ်ပြီး နောက်နေ့ သူနှင့် တွေ့လျှင် သူက မျက်နှာထားမာမာဖြင့် ကျမကို ကြည့်တော့မည်.. "မဝယ်ပါနဲ့ဆို ဝယ်တယ်.. တော်တော် စကားနားထောင်တယ်ဟုတ်လား" .. သူ ပြောလာနိုင်မည့်စကားများနှင့် သူ့အသံကို ကြားယောင်မိပြန်တော့ ဆင်းဝယ်ချင်နေသည့် ကျမ ခြေထောက်များ တုံ့ဆိုင်းနေပြန်သည်..
ကျမ သူ့ကို ကြောက်နေသလား..
သူ စိတ်ဆိုးတာကို မလိုလားတာတော့ အမှန်ပဲ.. သို့သော် သူကတော့ ကျမ စိတ်ဆိုးမည်ကိုသော်လည်းကောင်း ကျမ စိတ်မကောင်းဖြစ်မည်ကိုသော်လည်းကောင်း နည်းနည်းမှ ထည့်စဉ်းစားသည့်ပုံ မပေါ်ဟု ပထမဆုံးအကြိမ် အလန့်တကြား တွေးမိလိုက်သည်.. ထိုအတွေးက ကျမတွင် ဖြစ်နေသည့် စိတ်မချမ်းမြေ့ခြင်း တော်တော်များများ၏ အဖြေလည်း ဖြစ်နေလိမ့်မည်ထင်၏.. သူနှင့် ကျမ၏ ချစ်သူသက်တမ်း ၃ နှစ်ကျော် ကြာလာချိန်တွင် ကျမသည် စိတ်အလိုမကျခြင်းများ၊ အားငယ်ဝမ်းနည်းခြင်းများ၊ သို့မဟုတ် စိတ်အတက်ကြွလွန်ခြင်းများကို တပြိုင်နက်ခံစားနေရတတ်သည်.. ကျမက အလုပ်၏ ဖိစီးမှုများကြောင့်ဟု ဇွတ်အတင်း အကြောင်းပြချက်ယူထားခဲ့သော်လည်း တကယ်တမ်း ထိုသို့ဖြစ်နေရသည့် အကြောင်းရင်းမှန်ကို ရှာဖွေဖို့ ကြောက်နေခြင်းလည်း ဖြစ်နိုင်သေးသည်.. တခါတရံ သိပ်စိတ်ပင်ပန်းလွန်းလာလျှင် သူနှင့် လမ်းခွဲလိုက်ဖို့ စဉ်းစားဖူးသော်လည်း ထိုအတွေးကို မတွေးကောင်းသော အရာတစ်ခုလိုပဲ စိတ်ထဲကနေ ဇွတ်အတင်းဖျောက်ဖျက်ပစ်လိုက်ရတတ်၏.. ကျမ သူ့ကို သိပ်ချစ်တာပါ.. သူ ကျမကို ချစ်မှန်းလည်း ကျမသိနေတာပါ..
အချင်းချင်း ချစ်စိတ်ရှိကြပေမယ့် အဆင်ပြေပြေ ပေါင်းစပ်လို့ မရသော အဖြစ်အပျက်ဟာ တကယ်ပဲ ရှိနေသလား.. ကျမ သူနဲ့ မဝေးချင်ဘူး.. ကျမ၏ မာနတွေ အတ္တတွေ ဘယ်လောက်ပဲ ထိခိုက်ပါစေဦးတော့.. သူ့ကြောင့် ကျမ ပျော်ရပါသည်.. ထိုအတွေးဖြင့်ပင် ကျမသည် ကျမတို့ကြားက ပြဿနာများကို စေ့စေ့သေချာ မတွေးဘဲ ကိုယ့်ကိုကိုယ် လှည့်စားနေမိသည်ပဲလား.. သူနှင့် လမ်းမခွဲချင်စိတ် တစ်ခုထဲနဲ့ ကျမ၏ သိစိတ်ကို လှည့်စားထားမိသည်လား.. တကယ်တမ်း သေချာတွေးကြည့်မည်ဆိုလျှင် သူသည် ကျမကို ချစ်သည်ထက် သူ့ကိုယ်သူသာ ပိုချစ်ခင်တတ်သူ တစ်ဦးအဖြစ် သိမှတ်ရုပ်လုံးပေါ်လာလေမလား.. ထိုအခါ သူ့အပေါ်ထားသည့် ကျမ၏ ချစ်စိတ်တို့ လျော့ပါး ပျောက်ကွယ်မလား.. အို - ထိုမျှ တွေးမိရုံနှင့်ပင် ကျမ စိတ်မှာ နာကျင်ရပါလေသည်..
ကျမသည် သိမှတ်မှုမရှိဘဲ ငေးမောနေရာကနေ ကျမ၏ ကျောပိုးအိတ်လေး ရှိရာဘက်သို့ လှည့်ကြည့်လိုက်မိသည်.. ချက်ချင်းပင် ကျမ မျက်မှောင်ကုပ်သွားရ၏.. ဆိုင်ထဲမှာ ကျမအရွယ် ကောင်လေး ၃ ယောက်.. ကျောပိုးအိတ်များကို ဟိုတစ်ခု သည်တစ်ခု ဖြုတ်ယူ ကြည့်နေကြသည်.. ဘုရားသိကြားမလို့ ကျမ၏ အိတ်ကလေးကို သူတို့ သဘောမတွေ့သွားပါစေနဲ့.. သို့သော် ကျမ ဆုတောင်း မပြည့်ပါ.. ကောင်လေးတစ်ယောက်က ကျမအိတ်ကလေးကို ဖြုတ်ယူခိုင်းနေပြီ.. အရောင်းစာရေး ကောင်မလေးက ချိတ်မှဖြုတ်ယူနေသည်ကို ကြည့်ရင်း ဖြုတ်လို့မရပါစေနဲ့လို့ အဓိပ္ပါယ်မဲ့ ဆန္ဒဖြစ်မိပြန်သည်.. ကောင်လေးက ကျောမှာလွယ်ကြည့်လိုက်၏.. သူ့ရှပ်အင်္ကျီနီနီလေးပေါ်မှာ ကျမ၏ အိတ်ကလေးသည် အဆင်ပြေလှပစွာ ကြည့်လို့ ကောင်းနေသည်.. ကျမ မနာလိုလိုက်တာ..
သူတို့က တန်းတော့ မဝယ်သေး.. သို့သော် အိတ်ကလေးကို ပြန်ချိတ်ဖို့လည်း မပေးသေးဘဲ ၃ လုံး ၄ လုံး ယှဉ်ရွေးနေဟန်ဖြင့် လက်မှာ ကိုင်ထားလျက်ရှိနေဆဲမှာပင် ကျမစီးသည့် ဘတ်စ်ကားက မှတ်တိုင်မှ ခွာလေသည်.. ကျမသည် သံယောဇဉ် မပြတ်နိုင်စွာ ခေါင်းကိုလည်လျက် လိုက်ကြည့်နေမိဆဲ.. မယူသွားကြပါစေနဲ့.. မဝယ်ပါစေနဲ့.. မနက်ဖြန် ဆိုင်ကိုရောက်လျှင်တော့ ကျမ ချစ်သူမည်မျှပင် တားမြစ်သည်ဖြစ်စေ ထိုအိတ်ကလေးကို ကျမ ဝယ်တော့မည်.. လကုန်ခါနီး ရက်မို့ ကျမလက်ထဲမှာ ပိုက်ဆံသိပ်များများစားစားတော့ မကျန်.. ၇ ထောင်တန် ကျောပိုးအိတ်ကို ဝယ်လိုက်လျှင် နောက်ကျန်သော ရက်များ၌ ကျမ အသုံးစရိတ် ကျပ်တည်းနိုင်သည်.. သူ မကြိုက်သောအိတ်ကို ဝယ်ခြင်းဖြင့် ပိုက်ဆံကုန်တာဖြစ်လို့ ချစ်သူဆီက ငွေကြေးဆိုင်ရာငဲ့ညှာမှုလည်း ရနိုင်ဖို့ မရှိပါ.. သို့သော် ထိုအိတ်ကလေးကို ထို ကောင်လေး ၃ ယောက်မဝယ်သဖြင့် ကျန်နေမည်ဆိုလျှင်တော့ မနက်ဖြန် ကျမ ဝယ်ကိုဝယ်တော့မည်.. ကျမလက်ထဲ မရောက်ခင်က စိတ်အေးချမ်းသာနေနိုင်သော်လည်း တပါးသူက ယူမည်ဆိုပြန်တော့လည်း ကျမ မရှုစိမ့်နိုင်တာအမှန်ပဲ..
ကားက ကွေ့လိုက်သဖြင့် ဆိုင်ကို မမြင်ရဘဲကွယ်သွားပြီ.. ကောင်လေး ၃ ယောက်က အိတ်ကလေးကို လက်မှကိုင်ထားဆဲ.. ဝယ်လိုက်တာတော့လည်း မဟုတ်သေး.. ဝယ်သလား မဝယ်သလား သိချင်စိတ်ဖြင့် ကျမ ကားပေါ်မှာပါလာသည်.. မနက်ဖြန်တော့ ဆိုင်ကိုသွားပြီး ကြည့်လိုက်လျှင် ထိုအဖြေကို သိရမှာအမှန်ပဲ.. သွားကြည့်ပြီးမှ မရှိတော့ဘူးဆိုလျှင်ကော.. စောစောတွေ့ပါလျက်နဲ့ ကြိုက်နှစ်သက်ပါလျက်နဲ့ မဝယ်လိုက်မိလေခြင်းလို့ ကျမ စိတ်ထဲမှာ နောင်တကို ခံစားရနိုင်သည်.. ကျမ ခံနိုင်ရည်ရှိသလား.. နောက်နေ့တွေမှာ ဆိုင်ရှေ့ကဖြတ်လျှင် လှည့်မကြည့်မိအောင် ကိုယ့်ကိုကိုယ် ထိန်းချုပ်လျက် နေလိုက်ရမလား.. နောက်ကြာလျှင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားနိုင်မည်.. သို့သော် ကျမ စိတ်ကူးပြောင်းပြန်သည်.. ခံနိုင်ရည် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ.. ဘယ်လိုပဲဖြစ်ဖြစ် အဖြေမသိရဘဲ စိတ်ထဲမှာ တနုံ့နုံ့ဖြစ်နေရသည်ထက်စာလျှင် အဖြေကို ပြတ်ပြတ်သားသားရင်ဆိုင်လိုက်တာက ပိုကောင်းမည် ထင်သည်.. ကျမ၏ ချစ်သူဆက်ဆံရေးမှာလိုပါပဲ.. ဟုတ်သည်.. ကျမ သိရမှ ဖြစ်မည်..
နောက်တနေ့ညနေ သင်တန်းက အဆင်းမှာတော့ ကျမသည် စတိုးဆိုင်ထဲဝင်၍ ကျမ၏ ကျောပိုးအိတ်ကလေးရှိသေးသလားလို့ ရှာဖွေလိုက်ပါသည်..

ဖတ်ပြီး ခဏ..ငြိမ်သွားတယ်။
ReplyDeleteခေါင်းစဉ်အရဆိုရင်တော့ ပစစည်းအများကြီးစာရင်းကိုကြည့်ရမယ်ဖတ်ရမယ်လို့စိတ်ကူးပြီးလာတာဘဲ။
ReplyDeleteသိချင်တာက အဲ့ဒီကျောပိုးအိတ် ရှိသေးလား.....
ReplyDeleteဪ မိန်းမ မိန်းမ
ReplyDelete=D
ပီးသွားပီလား .. ဝတ္ထုတို တပုဒ်မှာ ဘယ်လိုအင်္ဂါရပ်တွေ ပါရမယ် မသိပေမယ့်.. ဒီစာကိုတည်ဆောက်ထားပုံလေးက ပထမတန်းစား ဝတ္ထုတိုတပုဒ်မှာ ပါဝင်တဲ့ အချက်တွေ အပြည့်ပဲ ..
ReplyDeleteဟဲဟဲ.. စာပေ ဝေဖန်ရေး တအားဆန်သွားပီ ထင်တယ် ။ မထင်ထားပဲနဲ့ ဇာတ်လမ်းက ဆွဲဆောင်မှုအပြည့်နဲ့ ဖတ်လို့ကောင်းတယ်
ကျောပိုးအိတ်လွယ်တာ ခုမသိသာသေးပေမယ့် ၃၀ နားနီးလာရင် သိသာလာလိမ့်မယ်
ReplyDeleteဂျူး ရေးဟန်ကော ခံစားဟန်တွေပါ တော်တော်လွှမ်းနေတယ်
နာကျင်တဲ့ အချစ်ကို တမ်းမက်နေတာမျိုး
အကြံပြုချက်များ
၁) make over လုပ်ပါ အခု ဂျစ်ကန်ကန် ပုံစံက အဆင်ပြေနေပေမယ့် နောင် ၃ ၄ ၅ နှစ်မှာ အရွယ်ရောက်ရတော့မယ်
၂)ဂျူးလျော့ဘတ်၊ ဟန်လွှဲတဲ့ အနေနဲ့ ရွှေဥဒေါင်းတို့ သော်တာဆွေတို့ ဘတ်
၃) hate to say that i told you so, but ညီရွေးချယ်တဲ့လမ်းပဲ ခံနိုင်ရည်မကုန်ခင်အထိပေါ့
ah.. T.. abt ur mark no "3", that ကျမ is not me lah.. =)
ReplyDeleteနောက်တစ်နေ့ကျတော့ ကျောပိုးအိတ်လေးက ဆိုင်တွင်ရှိနေသေးသည်။
ReplyDeleteကောင်လေး ၃ယောက်လည်း မ၀ယ်သွားဖြစ်ဟန်တူသည်။
ဈေးကိုလဲ ၁၀% အထူးလျော့ဈေးဖြင့် ထပ်၍ ချထားသေးသည်။
သို့သော် ကျမ စိတ်ကူးပြောင်းပြန်သည်။ ကျွန်မ မ၀ယ်ဖြစ်တော့။
Anonymous - Jr.
ကျမ သည် ထိုကဲ့သို့ စိတ်အပြောင်းအလဲ လည်း မြန်တတ်သေးသည်
ReplyDeleteလိုချင်သော အချိန်တွင်မရသော ပစ္စည်းများ ကို နောက်တချိန်တွင် ကျမ မလိုချင်တတ်တော့ ...
စိတ်စွဲလွန်း၍ ညအိပ်ရာဝင်တဲ့အထိ စိတ်မတင်မကျဖြစ်ကာ မနက်လင်းကာနီးတွင် အိပ်မက်ထဲတွင် ထိုအိတ်လေးကို မက်မြင်ပြန်သည်။
ReplyDeleteနံနက်အိပ်ရာနိုးလာသည်နှင့် အိပ်ရာမထသေးဘဲ အိပ်ရာထဲတွင် မက်မြင်ခဲ့သည့် အိပ်မက်ကို ပြန်လည်သုံးသပ်ကာ ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချလိုက်တော့သည်။ ထိုဆိုင်တွင် အိတ်လေးကျန်သေးလျှင် ၀ယ်ဖြစ်အောာင်ဝယ်လိုက်မည် ၏ ။သေချာသည်မှာ သူနှင့် နောက်ပိုင်းဆက်ဆံသည့် အခါတိုင်း အလျှော့မပေးတော့။
Most of the couples are attracted by opposite. Bottle & bottle, lid & lid can't be pair. Only bottle & lid can be pair. My husband & me are also opposite (like & dislike).
ReplyDeleteနညက စာရေးအကောင်းပဲ။ ဆုံးသွားတာတောင် ဆက်ဖတ်ချင်နေသေးတယ်။
ReplyDeleteED
Yeah!We are also bottle and lid couple.Most of the situation still in gap.But our marriage gonna reach 25 years.It's like playing tug of war.Here add Rita's comment:D
ReplyDeleteGyidaw
အတွေးရော ရေးဟန်ရော သဘောကျလိုက်တာ၊
ReplyDeleteသိပ်တော်တာပဲ။