အပြန်
ကားပြတင်းအပြင်သို့ လှမ်းကြည့်လိုက်တိုင်း အမှောင်ကိုသာ
မြင်နေရပြီး တချက်တချက်မှသာ မီးရောင်လေးတစ်ခုတလေ ပြူထွက်လာတတ်သော
ဒီလမ်းမကြီးကို သူ ဘယ်တုန်းကမှ မနှစ်သက်ခဲ့ဖူးသော်လည်း အခုအခါမှာတော့
ဒီလမ်းမကြီး ခေါ်ဆောင်ရာ၏ အဆုံးသတ်သည် မေမေဖြစ်နေပြန်တော့ ဒီလမ်းမကိုပဲ နှစ်သက်မြတ်နိုးစိတ် ဖြစ်ပေါ်ရပြန်သည်..
အမှောင်ကို
သူမုန်းသည်.. မနှစ်သက်နိုင်.. အဘယ်ကြောင့်ဆိုသော် အမှောင်ထဲမှာ သူ၏
နာကျင်မှုများ အရှုံးများ မေ့ပစ်ချင်လိုသည့် မှတ်ဥာဏ်တချို့တို့ကို
ဖုံးကွယ်သိမ်းဆည်းထားခဲ့ဖူးပြီး ထိုအရာတို့ကလည်း အမှောင်ထဲမှ
ပြန်လည်တိုးထွက်လာနိုင်ဖို့ အမြဲတစေကြိုးစားနေလို့ပဲ ဖြစ်လိမ့်မည်.. အခုတော့ ဒါတွေကို သူကြောက်စရာမလိုတော့.. မေမေ့ဆီ သူပြန်နေပြီ.. မေမေ၏ သူ့အပေါ်ထားသော အချစ်မေတ္တာတရားတို့ဖြင့် အမြဲလင်းချင်းနေတတ်ပြီး သန့်ရှင်းသပ်ရပ် မွှေးကြိုင်သည့် အိမ်ကလေးသို့ သူပြန်နေပြီ.. မည်သည့် ဘဝရပ်တည်ချက်မျိုးကို ရွေးချယ်မိသည်ဖြစ်စေ နောင်တမရတတ်ခဲ့သော လူတို့သည်လည်း နောက်ဆုံးမှာတော့ ငြီးငွေ့စိတ်ပျက်ခြင်းများဖြင့် အမေ့အိမ်ကိုသာတမ်းတတ်လေသလား..
သူသည် အိမ်အကြောင်း မိဘတို့အကြောင်းတွေးနေရင်း မျက်ရည်ဝဲသော
မျက်လုံးတို့နှင့် နှုတ်ခမ်းကတော့ ပြုံးမိနေသည်.. ချစ်ခြင်းတရားတို့ဆီ
ဦးတည်နေသော လူတစ်ယောက်၏ စိတ်နှလုံးသည် သည်မျှနွေးထွေးချိုမြိန်တတ်သည်ကို
သူဘာလို့ စောစောမသိခဲ့တာပါလိမ့်.. အခါပေါင်းများစွာ သူ အိမ်သို့
ပြန်ဖူးသော်လည်း ဒီတခါလောက် အိမ်ကိုတမ်းတစိတ်မပေါ်ခဲ့ဘဲ လေးလံသောတာဝန်များ
အတွေးများ စိတ်ညစ်ညူးစရာများကို သယ်ကာ ပြန်တတ်ခဲ့သည်.. သူ မိုက်မဲခဲ့သည်
ထင်တာပဲ.. အိမ်နှင့်ခွဲကာ အဝေးတနေရာမှာ ရှိနေရခြင်းအတွက် သူကပဲ
မိသားစုအတွက် အနစ်နာခံ တာဝန်ထမ်းဆောင်နေရသလိုလို ဖြေဖျောက်ကာ
လှည့်စားတွေးတောတတ်ခြင်းသည် အိမ်နှင့်ဝေးခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်
ပြန်ပေးသော ဆင်ခြေများသာဖြစ်ကြောင်း သူ စောစောသတိထားခဲ့မိဖို့
ကောင်းပါသည်.. သူ တုံးအခဲ့တာအမှန်ပဲ..
အခုတော့ သူ အိမ်ပြန်နေပြီ.. ရှည်လျားကာ ပျင်းရိစရာ ဤလမ်းမကြီးသည် မဆုံးနိုင်တော့ဘူးလားဟု ထင်ရသော်လည်း တချိန်ချိန်မှာတော့ နွေးထွေးသည့် အမြဲကြိုဆိုနေတတ်သော မိဘအိမ်သို့ သူ့ကို ပို့ဆောင်ပေးလိမ့်မည်..
အခုတော့ သူ အိမ်ပြန်နေပြီ.. ရှည်လျားကာ ပျင်းရိစရာ ဤလမ်းမကြီးသည် မဆုံးနိုင်တော့ဘူးလားဟု ထင်ရသော်လည်း တချိန်ချိန်မှာတော့ နွေးထွေးသည့် အမြဲကြိုဆိုနေတတ်သော မိဘအိမ်သို့ သူ့ကို ပို့ဆောင်ပေးလိမ့်မည်..
သူ မေမေ့ဆီသို့ ပြန်နေပါပြီ..
No comments:
your comment please