မောင့်အတွက်ဆည်းဆာ

မောင် ညနေခင်းတွေကို ချစ်တတ်ပါသလား..

တစ်ခါတရံ ဝေးကွာနေသည့် ညနေချိန်များမှာ တိမ်ရောင်စုံတောက်ပသည့် ကောင်းကင်ကြီးက ကျမကို လွမ်းစေဖို့ တွန်းအားတွေများပေးပါရဲ့လား.. သို့မဟုတ် ညနေ၏ အလှအပကို သတိမမူမိနိုင်လောက်အောင်များ မောင်တစ်ယောက် အလုပ်တာဝန်တွေ ပိနေမှာလား.. ဘဝမှာ အသက်ရှင် နေထိုင်ရတာ အလုပ်လုပ်ဖို့ တစ်ခုထဲမှ မဟုတ်ဘဲမောင်.. ကိုယ့်အကျိုးရော.. အများအကျိုးကိုပါ ဆောင်ဖို့လည်း လိုအပ်သလို.. သဘာဝအလှအပတွေကို နှစ်သက်ကြည်နူးတတ်ဖို့လည်း လိုသေးတယ် မဟုတ်ပါလား..

 

ဆည်းဆာ ဆိုတဲ့ သီချင်းကို မောင်ကြားဖူးပါသလား..

ကျမ သိပ်ကြိုက်တဲ့ သီချင်းတွေထဲက တစ်ပုဒ်ပေါ့.. ဂီတနက်သန် ကိုစောညိန်းဟာ ဒီသီချင်းကို ရေးစပ်ဖို့ ညနေဆည်းဆာပေါင်း ဘယ်လောက်များများကို ပျော်ဝင်ခံစားခဲ့ရပါသလဲ.. ဒီသီချင်းရဲ့ စကားလုံးတိုင်း စကားလုံးတိုင်းမှာ သူ့ရဲ့ စိတ်ခံစားမှုတွေ ရောယှက်ပါဝင်နေသလိုပါပဲ.. နားထောင်သူတိုင်းကို မြင်ယောင်လွမ်းဆွတ်စေနိုင်တယ်.. မောင်နားထောင်တတ်ဖို့ ကျမ ပြောပြချင်လိုက်တာ..

 

ဆည်းဆာရိပ်ဝယ် နေရီလဲ့ တိမ်နီရောင်ခြယ်

ဟိုတောင်စွယ်က ပျပျမှိုင်း

ညနေတိုင်းအုံ့ကာ နေတော့တယ်

 

မောင် မြင်ယောင်ကြည့်လိုက်စမ်းပါ.. ကောင်းကင်တပြင်လုံး နီလဲ့လဲ့အရောင်ပြေးနေတဲ့အချိန်ပေါ့.. ဆည်းဆာချိန်ဖြစ်တဲ့အတွက် အနီတွေထဲ ရွှေရောင်တွေ ခရမ်းရောင်တွေ အဝါတွေလည်း ရောပြီးပါနေမှာပဲထင်တယ်.. နေက တဖြည်းဖြည်း ကျလာလေလေ တောင်စွယ်ဟိုဘက်မှာတော့ မှိုင်းမှုန်ပြီး အမှောင်ကလွှမ်းလာလေလေ.. ပတ်ဝန်းကျင် လောကကြီးတစ်ခုလုံးဟာ အုံ့အုံ့ဆိုင်းဆိုင်း အရောင်တွေနဲ့.. အပူငွေ့မပါတော့တဲ့ လေပြည်တွေနဲ့.. အိပ်တန်းပြန်တဲ့ ငှက်တွေရဲ့ အသံနဲ့.. အဲသည်လို အချိန်မျိုးမှာ မောင်ဟာ အလုပ်တာဝန် ဝတ္တရားတွေ သောကအပူတွေ စိတ်ရှုပ်စရာတွေ ဒါမှမဟုတ် စိတ်အားတက်ကြွပျော်စရာတွေ .. အရာအားလုံးနဲ့ ကင်းလွတ်ပြီး မြစ်ဆိပ်တစ်နေရာမှာ ထိုင်နေတယ်လို့ ဆိုပါစို့နော်..

 

ရွှေသား သင်ဖြူးလားလို့ ထင်ယောင်မှားဖွယ်..

လှမျိုးစုံ ခင်းကျင်းတဲ့ ရေပြင်ပင်လယ် သဲသာသောင်နဲ့ ငွေရောင်ကမ်းစွယ်



ကျနေခြည်က ပက်ဖျန်းလိုက်တဲ့အတွက် မြစ်ဆိပ်က သဲတွေဟာ ရွှေရောင်ဖျာကြီးတစ်ချပ်ခင်းထားသလို တလဲ့လဲ့ တောက်ပနေလိုက်တာ.. ကောင်းကင်က တိမ်တွေရောင်စုံဟာ ရေပြင်ပေါ်မှာလည်း ရောင်စုံလှိုင်းကြက်ခွပ်တွေကို ဖြစ်ပေါ်စေမှာ.. လှိုင်းခေါင်းဖြူတွေဟာလည်း အလင်းကြောင့် ငွေရောင်တွေလို တလက်လက်.. မောင့် မျက်စိရှေ့မှာ မြင်ရသမျှ အရာအားလုံးဟာ အရောင်စုံစွာ ခမ်းနားတောက်ပလို့.. မောင့် စိတ်ကို ကြည်နူးပျော့ပျောင်းစေမယ့် ရှုခင်းတစ်ခုပဲပေါ့..

 

ရွက်ကြိုးဆင်တဲ့ အင်တိုင်ဝါး.. ကုက္ကလင်နဲ့ ရေယာဉ်များဝယ်

နာဝါလှေများတွေရယ် ဆွေးသူကို ကယ်ယူပါလှည့်

လမ်းကြုံရင်ခေါ်စေချင်ငဲ့

 ပြာရီလဲ့ ဆည်းဆာညချမ်းဝယ် မျှော်လေလေ မေ့ကိုလွမ်းတယ်

ကမ်းဆိပ်က သာယာလှပေတယ်

 

အခြားအခြားသော အတွေးများနဲ့ ကင်းဝေးသွားပြီး သဘာဝရဲ့ အလှဟာ မောင့်စိတ်ကို ဖမ်းစားလိုက်ပြီဆိုရင် ဘာကိုမှန်းမသိ လွမ်းတဲ့ အလွမ်းတွေဟာ ဝင်လာတတ်တာပဲ မောင်ရဲ့.. မြစ်ဆိပ်မှာ တံငါလှေတွေ.. ဝါးဖောင်တွေ .. ရေချိုး ရေခပ်သူတွေ သွားလာလှုပ်ရှားနေတာကို မောင်ကြည့်ရင်း ကျမကိုများ သတိရလားမလား.. တအိအိ တကျွီကျွီအသံပေးရင်း  မြစ် ဟိုဘက်ကမ်း ဒီဘက်ကမ်း ပို့တဲ့ ကူးတို့နာဝါလှေတွေက မောင့်အလွမ်းတွေကို ပိုပြီးသိပ်သည်းစေမလား..

 

ရွှေဟင်္သာမောင်နှံရယ် တောင်ပံယှက်ပြီ လည်ချင်းမှီ၍

ချချီချစ်ကျွမ်း အောင်တော်သံ ခွန်းတုန့်လှယ်

နေညိုအိပ်တန်းထက်ဝယ် တူနွှဲစက်ကာ ပျော်နိုင်ပါပေတယ်

 

အချင်းချင်း အချီအချ အသံပေး ချစ်ခွန်းတုံ့နေပြီးနောက် လည်ပင်းယှက် အိပ်တန်းဝင်တဲ့ ငှက်မောင်နှံကိုကြည့်ရင်း ကိုစောညိန်းကတော့ "တူနွှဲစက်ကာ ပျော်နိုင်ပါပေတယ်" ရယ်လို့ အားကျမနာလိုသံနဲ့ ဖွဲ့ထားတာပဲ.. မောင်ကရော မောင့်ပုခုံးမှာ မှီနွဲ့မယ့် ကျမကို တမ်းတနေမလား..

 

ကိုစောညိန်းဟာ ဒီသီချင်းကို ဒီလောက်အသက်ဝင်လှပဖို့ ညနေဆည်းဆာချိန် တော်တော်များများကို ပျော်ဝင်ခံစားခဲ့ရမှာ သေချာသလောက်ပါပဲ.. မောင်ကရော.. ကိုယ်မြင်ရသမျှ လှပတဲ့မြင်ကွင်းတွေကို သူတပါးလည်း မြင်ရဖို့အတွက် မှတ်တမ်းတင်ဖို့ ကြိုးစားနေပေမယ့် အဲသည့် အလှအပတွေကို ကိုယ်တိုင်လည်း ခံစားတတ် ကြည်နူးလှုပ်ခတ်တတ်မှသာ မောင့်အလုပ်တွေဟာ အသက်ဝင်လာမှာပေါ့..

 

လွမ်းဖွယ်ကောင်းသော လှပခမ်းနားသော ကြီးကျယ်သော မောင့်ဆည်းဆာပေါင်းများစွာမှာ ကျမဖြည့်စွက်ပေးတဲ့ သီချင်းလေးနဲ့ အဓိပ္ပါယ် ပြည့်ဝနိုင်ပါစေကွယ်..

1 comment:

  1. သီချင်းကိုတော့ကြိုက်သား
    စာလဲရေးတတ်ပါပေတယ်။ကြိုက်၏။

    ReplyDelete

your comment please

Powered by Blogger.