အတွေးချာလည်

ခုတလော ဟိုတွေးဒီတွေး တွေးနေမိတာ.. မိန်းမတွေရော ယောက်ျားတွေရောကို စိတ်ဓာတ်ပြည့်ဝစေချင်တဲ့အကြောင်းပါ.. ယောက်ျားမို့ စိတ်ဓာတ်ပြည့်ဝရမယ် သဘောထားကြီးရမယ်.. မိန်းမဆိုတာ စိတ်ဓာတ်သေးသိမ်တယ်လို့ သတ်မှတ်ခံရတာကိုလည်း မနှစ်သက်နိုင်ပါဘူး.. စိတ်ထားပြည့်ဝတဲ့ မိန်းမတွေ များသလို မိုက်ရိုင်းယုတ်ညံ့တဲ့ ယောက်ျားတွေလည်းရှိတာပါပဲလေ.. ကိုယ်ကတော့ မိန်းမ ယောက်ျားရယ် မခွဲခြားတတ်.. လူလို့ပဲ တွေးပါတယ်.. တကယ်ပါ.. ဒီလို ရောက်တတ်ရာရာတွေ တွေးဖြစ်တာက ညတစ်ည ကြုံရတဲ့အကြောင်းတစ်ခုကနေ စပါတယ်..

ဟိုနေ့က အိဖူးနဲ့ နန်းညီ နှစ်ယောက်သား ရွှေဂုံတိုင် လင့်လမ်း မှတ်တိုင်ကနေ coffee circle ကို လမ်းလျှောက်သွားကြတယ်.. ရန်ကုန်က လူတွေကတော့ သိကြမှာပေါ့.. coffee circle ဆိုတဲ့ ဆိုင်က မှတ်တိုင် တဝေးတလံကြီး နှစ်ခုကြားထဲမှာဆိုတော့ တက္ကသီလာမှ ငှားမစီးရင် ရှေ့တည့်တည့်ရောက်ဖို့က ခဲယဉ်းတယ်လေ.. အဲ့ဒိနေ့ညကတော့ ည ၇ နာရီခွဲလောက်.. နေလည်းမပူ မိုးလည်းမရွာ အေးအေးလူလူဆိုပြီး နှစ်ယောက်သား လျှောက်ကြတာ..

မှတ်တိုင်ဘက်ခြမ်း ကားလမ်းကနေ ဟိုဘက်ကားလမ်းကို ကူးလိုက်တဲ့အခါ အဲဒိဘက် ပလက်ဖောင်း ခပ်မှောင်မှောင်အရိပ်ထဲမှာ လူ ၃ ယောက် ၄ ယောက်လောက် ရှိနေတာ အနားကပ်မှ သတိထားမိတယ်.. အော် - ဘာဖြစ်လဲပေါ့.. သူတို့ရှိလည်း ကိုယ်လျှောက်စရာ ရှိတဲ့လမ်း လျှောက်မယ်ဆိုပြီး..

ဒါပေမယ့် အဲ့လူတွေက ကိုယ်တို့ ဖြတ်လည်းသွားရော ပါးစပ်တွေက အငြိမ်မနေ ပေါက်ကရတွေ ပြောပါတော့တယ်.. ပြီးတော့ နောက်နား ခပ်လှမ်းလှမ်းကနေ လိုက်လျှောက်လာကြတယ်.. ရိုးအီနေပြီပဲ ပြောရမလား.. ဒီအနေအထားမျိုး ဖြေရှင်းတတ်တယ်ပဲ ပြောရမလား.. မိန်းကလေးတွေကို ပေါက်ကရ စ နောက်တတ်သော ယောက်ျားအများအပြားကို ခဏခဏကြုံနေရတော့ နှစ်ယောက်သား အထူးအထွေတော့ မတုန်လှုပ်မိ.. ဒါပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်တာပေါ့လေ.. အဲလိုနဲ့ ဆက်လျှောက်လာရင်း သူတို့နဲ့ သိပ်တောင် မဝေးသေးခင် မျက်နှာချင်းဆိုင်ကနေ ကောင်လေး ၄ ယောက် ပလက်ဖောင်းပြည့် စီတန်းပြီး လျှောက်လာနေပြန်ရော..

နှစ်ယောက်သားက ခုနကတည်းက စိတ်နည်းနည်း ခု လာတော့ ရှောင်ဖို့ထက်.. မရှောင်ဘူးဟာ နင်တို့ဖယ် ဆိုတဲ့ မျက်နှာပေး မျက်နှာတင်းတင်းကြီးတွေနဲ့ သူတို့ ကြားကပဲ ဖြတ်ဖို့ ကြံရွယ်ပြီး ဆက်လျှောက်လာခဲ့တယ်.. ဒါပေမယ့် အနားကပ်မှ မမျှော်လင့်ပဲ.. "အမ တို့ ပါလား.. ဘယ်သွားမလို့လဲ"လို့ တရင်းတနှီးကြီး နှုတ်ဆက်သံကြားလို့ မော့ကြည့်တော့မှ .. ကိုယ်တို့ တိုက် အပေါ်ထပ်မှာနေတဲ့ ကောင်လေးဖြစ်နေတယ်.. အသက် ၂၀ လောက်ကောင်လေး.. သူငယ်ချင်း ၃ ယောက်နဲ့.. ကိုယ်တို့ကို မြင်ရင် အရင်က နှုတ်ဆက်လေ့ မရှိပေမယ့် ခုတော့ ညဘက်လည်းဖြစ်နေ.. သူ့ သူငယ်ချင်း ကောင်လေးတွေနဲ့လည်းဖြစ်နေ.. နောက်ဘက်နားက ကပ်ပါလာတဲ့ ယောက်ျားတွေလည်းမြင်တော့ ကူညီတဲ့အနေနဲ့လို့ပဲ ပြောရမလား.. တရင်းတနှီး လှမ်းနှုတ်ဆက်လိုက်တဲ့ စိတ်ဓာတ်ကလေးက ချစ်စရာကောင်းလိုက်တာ..

ကိုယ်တို့လည်း ပြန်ပြုံးပြလိုက်ပြီး တမင်ပဲ ခဏရပ်လိုက်.. "ကော်ဖီဆိုင်သွားမလို့.. အောင်ကိုလွင် ဘယ်က ပြန်လာတာလဲ"လို့ မေး.. သူ့ ဘေးက သူငယ်ချင်းကောင်လေးတွေကပါ ရည်ရည်မွန်မွန်လေးတွေ ပြုံးလို့.. ကိုယ်တို့နဲ့ ခပ်လှမ်းလှမ်းက ပါလာတဲ့ယောက်ျားတွေ ကြားမှာ သူတို့ ၄ ယောက်က ကာပြီး ရပ်လိုက်ကြသေးတယ်.. ဟိုလူတွေ နဂိုထိုင်နေတဲ့ နေရာမှာပဲ ပြန်ထိုင်နေတာတွေ့တော့မှ သူတို့လည်း နှုတ်ဆက်ပြီး ဆက်လျှောက်သွားလေရဲ့.. အိဖူးနဲ့ ကိုယ် .. စိတ်လက်ကြည်သာစွာ ဆက်ပြီး လမ်းလျှောက်လာနိုင်တာ.. ကျေးဇူးတင်စရာ.. သူ့အတွက်လည်း အပန်းမကြီးပေမယ့် အားလုံးစိတ်ကျေနပ်စရာ ဖြစ်သွားရတာ.. တခါတလေ ကိုယ့်ဘက်က အမှတ်မထင် ကူညီလိုက်တာဟာ သူတဖက်သားအပေါ် အများကြီး အထောက်အကူဖြစ်ပါတယ်.. ကူညီဖို့ ဝန်မလေးပါနဲ့..

လမ်းဆက်လျှောက်ရင်း တွေးမိလာပြန်တာက.. တစ်ရက် ကိုယ်ရယ် မထိုက်ရယ် မဖြူရယ် မိန်းကလေး ၃ ယောက်ထဲ ထိုင်နေရာကို အမူးသမားတစ်ယောက် လာပြီး ရစ်နေတဲ့အကြောင်း.. ခပ်လှမ်းလှမ်းက ယောက်ျားလေးတစ်အုပ်ဟာ သူတို့နဲ့ မဆိုင်သလို မျက်စိကြောင်တောင်နဲ့ ကြည့်နေနိုင်တာ အံ့သြခဲ့ရတဲ့အကြောင်း.. ကူညီဖို့ ရှက်တာလား .. ကူညီဖို့ စိတ်ကူးကိုမရှိတာလား.. ကြောင်တယ်ထင်တာလား.. ဘာလဲမသိလို့.. အဲ့ဒါတွေ တွေးနေခဲ့တယ်..

ပြီးတော့ ကိုယ်တိုင် ကြားရတဲ့ အဖြစ်အပျက်တစ်ခု.. ယောက်ျားကြီး ၆ ယောက်က .. ကိုယ်ခန္ဓာကို ရင်းပြီး အလုပ်လုပ်စားတဲ့ ကောင်မလေးတစ်ယောက်ကို အခကြေးငွေ ၈ ထောင် မပေးဘဲ ကားပေါ်က တွန်းချတဲ့ အဖြစ်အပျက်တစ်ခု.. ကောင်မလေးက သက်ဆိုင်ရာကို တိုင်တဲ့အခါ.. (ကျမ ဒါနဲ့ လုပ်စားတယ်.. မှန်ပါတယ်.. ကျမ မရှက်ပါဘူး.. ဒါနဲ့ မိဘကို ရှာကျွေးနေတာပါ.. ခုက ငွေလေး ၈ ထောင်ကို မပေးဘဲ ကားပေါ်ကပါ တွန်းချလို့ တိုင်တာပါ) လို့ ပြောတဲ့ အဖြစ်အပျက်ပေါ့..

ပညာနိမ့်တာ.. ငွေကြေးနိမ့်ပါးတာ.. လူနေမှု နိမ့်တာတွေထက် .. စိတ်ဓာတ်နိမ့်တာက ပိုဆိုးပါတယ်..
စိတ်ဓာတ်နိမ့်တာဟာ ပညာနိမ့်တာနဲ့လည်း သက်ဆိုင်တယ်ယူဆပါတယ်.. ခုခေတ်ကျတော့.. ပညာနိမ့်တာဟာ ငွေကြေးနိမ့်တာနဲ့လည်း သက်ဆိုင်လာပြီထင်ပါရဲ့..

ဟိုတွေးဒီတွေးနဲ့ လုံးလည်ချာလည်လိုက်လာ.. တွေးမဆုံးအောင် တွေးရတာ အတော်တော့ ပျော်စရာကောင်းပါရဲ့.. တွေးမိသမျှလေးတွေ လျှောက်ဖမ်းရေးလိုက်တာ.. မဟုတ်ရင် ကိုယ့်ဘာကိုယ် ဘယ်နေ့က ဘာတွေးတယ်တောင် သိတော့မယ်မဟုတ်.. တစ်ယောက်နှစ်ယောက်လောက် ဆက်တွေးပြီး လုံးချာလိုက်နေမယ်ဆိုလည်း ဝမ်းသာစရာပေါ့..

8 comments:

  1. ဘာလီခရီး ပို့စ်မှာ စင်ကာပူကို ကြိုက်တဲ့ အချက်တွေ ထည့်ရေးတော့ ရေးဖို့ တစ်ချက်ကျန်သွားတယ်။

    ReplyDelete
  2. စိတ်မကောင်းစရာ.. အချို့သောယောက်ျားများဟာ ကိုယ့်နိုင်ငံသားလူမျိုးချင်းချင်းတောင်နှမချင်မစာနာတတ်ကြတာ တော်တော်ရွံဖို့ကောင်းတယ်။

    ReplyDelete
  3. ဒါမျိုးလေးတွေ များများရေးပါ ဂျာနယ်ထဲကနေ ရေးရင် ပိုကောင်းမလား
    ဘယ်ကနေရေရေး များများသာရေး

    ReplyDelete
  4. နညရဲ့ အတွေးကို ဆက်တွေးပါတယ်…
    စိတ်ဓါတ်နိမ့်တာ ပညာနိမ့်လို့… ပညာနိမ့်တာ ငွေကြေးနိမ့်လို့… ဒီလိုနဲ့ပဲ ဂျာအေးကို သူ့အမေရိုက်နေတော့တာ…

    ဒီမှာသိရသလောက်ကတော့ အဲဒီလိုကြီး အသားလွတ် မနှောက်ယှက်ကြဘူး… အဲ… တခုခုဆိုရင်လည်း ဝင်ရောက် ကူညီဖြေရှင်းပေးလေ့ မရှိကြဘူး… ဘေးမှာ ဘာဖြစ်နေနေ ကိုယ်နဲ့မဆိုင်သလို ဖာသိဖာသာတွေပဲ များတယ်…

    ကောင်းသလော… ဆိုးသလော…း))

    ReplyDelete
  5. မကောင်းဘူး မဆိုးဘူး..း))

    ReplyDelete
  6. ရေးချင်တာရေးပါ. သူများအတွက်ရေးတာမဟုတ်. ကိုယ်တွေးတာကိုယ်ရေး။ ကိုယ့်ဘလော့ကိုယ်ပိုင်၏။ မကျေနပ်ရင် သူ့ဘာသာသူဘလော့ရေး. ဆရာကြီးမဟုတ်ပါဘူးရှင့် အဲလေ ဗျ. ဆိုပြီး.

    ReplyDelete
  7. နောက်ပိုစ် ပုံလေးက ချစ်စရာ. အီးလိုဖတ်ရမှာ ပျင်းတာနဲ့ မဖတ်မိလိုက်ဘူး နောက်တစ်ခါ ဘာသာပြန်ပါတွဲတင်ပေးပါ. Next တစ်လုံးဘဲ နားလည်လိုက်တယ်။

    ReplyDelete
  8. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete

your comment please

Powered by Blogger.