My Fujiflim

ကိုယ့်ရဲ့ သမိုင်းဝင် Fujiflim s 1500 လေးကတော့ အနားပေးသင့်ပြီ ထင်ပါတယ်..

အဲ့ဒိကင်မရာကို စဝယ်ကတည်းက အဆင်မပြေမှုပေါင်းများစွာ .. ခရီးသွားခါနီး အလွန်ကို လိုချင်လွန်းလို့ မုန့်ဖိုးတွေစု.. ပန်းချီကားတစ်ကားရောင်းပြီးဝယ်.. မှတ်မိသေးတယ်.. သွားဝယ်တော့ ကိုယ့် အမနဲ့တူတူ.. ဆိုင်ကလူတွေက ဆိုင်ထဲစဝင်ကတည်းက ကိုယ်တို့ ၂ ယောက်ကို ငချွတ်လေးတွေဆိုပြိး ဆက်ဆံပုံကို တင်းနေကြသေးတာ.. ဝယ်လာပြီး ဟိုလျှောက်ဒီလျှောက်ရိုက်မိတော့လည်း သဘောတွေကျလို့ပေါ့.. သို့သော် ခရီးအစ ကားပေါ်လည်းရောက်ရော ဘယ်ကဘယ်လိုဖြစ်တယ်မသိ.. ခရမ်းရောင် အစင်းစင်းကြီးတွေ ထလာပြီး တောင်ကြီးမှာ တစ်လလုံးလုံး ပြင်မရ ရိုက်မရ.. ကိုယ့်မှာ စိတ်လည်းဆိုး ဒုက္ခတွေလည်းရောက်..

ရန်ကုန်ပြန်ရောက်တော့လည်း ဝယ်လာတဲ့ဆိုင်နဲ့ warranty ကိစ္စတွေ စကားများ.. ရန်ဖြစ်.. (ရန်ဖြစ်တော့ ကိုညီလင်းဆက်ကိုတောင် ခေါ်ခေါ်သွားသေးတယ်.. သူက ပိုရန်တွေ့တတ်လို့ဆိုပြီး).. အခေါက်ခေါက် အခါခါပြင်ပြီး လူရော စိတ်ရောပင်ပန်း.. ငွေရော အချိန်ရောကုန်.. သူ နေကောင်းသွားချိန်ကျတော့လည်း အဆင်ပြေလိုက်တာ.. ကိုယ့်မှာ သူ့ကို ချစ်လိုက်ရတာ..

ဗီဒီယိုရိုက်လို့လည်း သိပ်ကောင်းတယ်.. ပန်နိုရားမားဖန်ရှင်လည်းပါတယ်.. သိပ်လည်း မကြီး သိပ်လည်းမသေး.. ပုံထွက်တွေလည်း ကောင်း.. ကိုယ့်လို အပျော်တမ်းသမား တစ်ယောက်အနေနဲ့ဆို သူက အတော်လေး အဆင်ပြေနေတော့ မခွဲနိုင်မခွာရက်ကို အကြိုက်တွေ့နေတာပေါ့.. ဘယ်သွားသွား သူပါနေကျဖြစ်နေတာပေါ့.. ပြီးတော့ အဲ့ဒိအချိန်တုန်းက ကိုယ့်ပတ်လည်မှာ အဲလို ကင်မရာကိုင်ရိုက်တဲ့လူလည်း သိပ်မရှိသေးတော့ အဆင်ပြေနေတယ်ဆိုပါစို့..

(စကားဖြတ်ပြောရရင် ကိုယ် ဓာတ်ပုံ ရိုက်ဝါသနာပါလာတာ.. ငယ်ငယ်ကတည်းက.. ကိုယ့် ဖေဖေက ဖလင်ခေတ် နိုက်ကွန်တစ်လုံးရှိလေရဲ့.. သူ အဲ့ နိုက်ကွန်ဝယ်တော့ ကိုယ့်ကို အော်တိုကင်မရာ(ဖလင်)အဟောင်းလေး ပေးကတည်းက ရိုက်တော့တာပဲ ထင်ရာမြင်ရာ.. နောက် အသက်ကြီးမှ သူငယ်ချင်း အေပီ ပေးတဲ့ ဓာတ်ပုံ ဘလော့တစ်ခုကို အမြဲသွားဖတ်ရာကနေ ပြန်ပိုးထသွားတာ.. သူပေးခဲ့တာ ကိုညီမင်းစံရဲ့ ဘလော့.. ကိုညီမင်းစံဆီကနေ ကိုယ် လေ့လာသင်ယူထားတာတွေ အများကြီးပဲလို့ ဆိုရမယ်.. )

အဲလိုနဲ့ တစ်နှစ်ကျော်ကြာလာရော.. လူ ၈ ယောက် အတူတူ ခရီးတစ်ခုသွားဖို့ ဖြစ်လာရော.. ၈ ယောက်ထဲမှာမှ အကိုတော် ၂ ယောက်က ပရော်ဖက်ရှင်နယ်လ်ကင်မရာလို့ ခေါ်တဲ့.. အုန်းသီးကြီးတွေနဲ့ ပေါ့လေ.. (အဲလို ကင်မရာတွေကို အဲလိုခေါ်တာဟာ.. မျောက်အုန်းသီးရ ဆိုတဲ့ စကားကနေ ဆင်းသက်လာတယ်ဆိုတာ ရှင်းပြဖို့တော့ မလိုဘူးထင်ပါရဲ့).. မှတ်မှတ်ရရပါပဲ.. အဲ့ဒိခရီးစဉ်တစ်လျှောက်လုံး ကိုယ့်ကင်ရာ ထုတ်ပြီးရိုက်တာဆိုလို့ ၄ ခါလားပဲရှိတယ်.. သူတို့မှာ ကင်မရာတွေ ပါနေတော့ ကိုယ်က အသာလေး အချောင်ခိုပြီး နေလိုက်တာ.. ပြီးတော့ ကင်မရာကိုင်တဲ့လူဆိုတာ ဓာတ်ပုံထဲ ဘယ်တော့မှ မပါဘူးမဟုတ်လား.. ကိုယ်က ပုံထဲလည်းပါချင်သေးတော့ အဲလိုလေး ကိုယ့်ကင်မရာကိုယ်ဘေးဖယ်ထားရတာ သက်သာလိုက်တာ..

အဲဒိနောက်ပိုင်းတွေကတော့ လုံးဝကို ဖူဂျီလေးရဲ့ ကျဆုံးခန်းတွေပါပဲ.. ကိုယ့်ဘေးပတ်လည်မှာ ပရော်ဖက်ရှင်နယ် ဓာတ်ပုံသမားတွေ ပိုများလာတာနဲ့ အမျှ ဖူဂျီလေးကို ကိုယ်လုံးဝကို လှည့်မကြည့်ဖြစ်တာ..
မှတ်မှတ်ရရ ၂၀၁၁ ဒီဇင်ဘာလကုန်ခါနီးမှာ ပုဂံသွားတော့မှ ယူသွားပြီး သေသေချာချာ ပြန်ရိုက်ဖြစ်တယ်.. ဒါပေမယ့်ကွယ်.. သိပ်ခက်တယ်.. သူနဲ့ကိုယ် ကံအကျိုးမပေးဘူးပဲလားမသိဘူး.. ဆိုင်ကယ်ပေါ်က အဆင်းမှာ လည်ပင်းဆွဲထားတဲ့ကြိုးက ရမ်းပြီး ဆိုက်ကယ်နဲ့ ရိုက်မိသွားတယ်.. အရင်တုန်းက ခနခန ပြုတ်ကျလွတ်ကျ.. ဒါပေမယ့် ဘာမှမဖြစ်ခဲ့တာ.. ခုကျမှ lens နည်းနည်း အက်ရာထင်သွားတယ်.. သူ့ကို အကြာကြီးပစ်ထားပြီး ခုမှ ပြန်အဖက်လုပ်လို့ စိတ်ကောက်တယ်ထင်ပါတယ်.. အဲ့ဒိကတည်းက ကိုယ့် ကင်ရာလေး focus ကောင်းကောင်းဖြတ်မရတော့ဘူး..

zoom ဆွဲတယ်.. focus ဖြတ်တယ်... ကြည်တယ်.. ရိုက်လိုက်တယ်.. ဝါးတယ်.. နောက်ဆုတ်.. ဖိုးကပ်စ်ဖြတ်.. မရ.. ပြန်တိုး.. ဖြတ်.. ကြည်တယ်.. ရိုက်တယ်.. ဝါးပြန်တယ်.. ပြန်ဖျက်တယ်.. ရှေ့တိုးနောက်ဆုတ်လုပ်တယ်.. zoom ကို တင်လိုက် ချလိုက်လုပ်တယ်.. ရိုက်တယ်.. အကြာကြီးနေမှ ချလပ် ဆိုပြီး ပုံရတယ်.. ဟူး.....

အဲလိုပုံနဲ့ ဘယ်လိုရိုက်လို့ အဆင်ပြေတော့မလဲ.. ကိုယ်က snap တွေရိုက်ရတာ ဝါသနာပါတယ်.. ရှုခင်းတွေ အလှတွေ landscape ဆိုတာတွေ.. သိပ်အမျိုးအစား မခွဲတတ်ပါဘူး.. ဓာတ်ပုံနည်းပညာပိုင်းလည်း မကျွမ်းဘူး.. သင်တန်းတက်မလားကြံစည်သေးတယ်.. နောက်တော့ အတွေးပြောင်းသွားပြန်တယ်.. နည်းပညာပိုင်းကို သိပ်သိသွားရင် ပရိုဆန်သွားမယ်.. ကိုယ်က ခု ရိုက်ချင်သလိုရိုက်တယ်.. ရိုက်တတ်သလိုရိုက်တယ်.. ပြီးရင် ဖိုတိုရှော့သုံးတယ်.. ကိုယ်ပေးချင်တာကို တဖက်လူရအောင် ဘယ်နည်းလမ်းဖြစ်ဖြစ် ကိုယ်သုံးမှာပဲ.. ပရိုကင်မရာနဲ့ရိုက်ပြီး မပြင်မဆင်ဘဲရလာတဲ့ ဓာတ်ပုံတွေကိုလည်း လေးစားပါတယ်.. ဒါပေမယ့် ကိုယ် အဲ့ဒီလို လုပ်ချင်သလား ကိုယ့်ဘာသာကိုယ် ပြန်မေးတော့.. ဟင့်အင်း.. ကိုယ် Pro တစ်ယောက် မဖြစ်ချင်ပါ..

ဓာတ်ပုံနည်းပညာပိုင်း မကျွမ်းပေမယ်.. ကိုယ် အရောင်တွေကို နားလည်တယ်.. နေရာထားသိုပုံတွေကို သဘောပေါက်တယ်.. သီအိုရီအရ ဘယ်ဟာ ဘယ်နားရှိရင် ဘယ်သဘောဆိုတာတွေ သိတယ်လို့ထင်တယ်.. ဒီတော့ ကိုယ် အဆင်ပြေနေသားပဲ.. "ညီက ဘာလို့ powershot လေးတွေပဲ လျှောက်ကြည့်နေတာလဲ.. ပိုက်ဆံစုပြီး ပရိုတစ်လုံးဝယ်ပါလား" လို့ ကိုယ့်ကို အကြံပေးဖူးတဲ့လူ ရှိတယ်.. အဲဒိတုန်းက ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်မိသလား.. ခပ်လွယ်လွယ်ပဲ ပြန်ဖြေလိုက်လားတော့ ကိုယ်မမှတ်မိတော့ဘူး.. ဒီစာ သူဖတ်ဖြစ်ရင် သူ့ မေးခွန်းကို ပြည့်ပြည့်စုံစုံ ဖြေမိတန်ကောင်းပါရဲ့..

ခု ကင်မရာ အသစ်ဝယ်ချင်နေပြီ.. ဝယ်ချိန်တန်ပါပြီလေလို့လည်း တွေးပါတယ်.. ကိုယ့် ဖူဂျီလေး ၂ နှစ်နီးပါးရှိပြီ.. နည်းနည်းပါးပါး ပြန်ပြင်လိုက်ရင်တော့ ပြန်သုံးလို့ရနိုင်ပေမယ့် မပြင်ချင်တော့ဘူး.. ကိုယ့်ညီမလေးကတော့ သူ ယူမယ်.. သူ့ဘာသာသူ ပြင်မယ်ပြောတယ်.. မဆိုးပါဘူး.. သူလည်း ဟိုရိုက်ဒီရိုက် စပြီး လက်ကျင့်လို့ရတာပေါ့.. ကိုယ့်အတွက်တော့ အပျော်တမ်းဓာတ်ပုံရိုက်ရတာ စိတ်ချမ်းသာမှု တော်တော်ရတယ်.. လူတွေကို သူတို့မသိဘဲ ဓာတ်ပုံရိုက်ယူလိုက်ရတာကို သဘောကျတယ်.. ပြန်ပြလိုက်တဲ့အခါ "ဟယ် ဘယ်တုန်းက ရိုက်လိုက်တာလဲ.. ငါက  လှနေတာကြည့်စမ်း" ဆိုတဲ့ အံ့သြသံတွေက ကိုယ့်ကို ပီတိတွေ ပေးတယ်လေ..

ခု လိုချင်တဲ့ ကင်မရာလေး ၂ ခု တွေ့ထားတယ်.. ဈေးလည်း အဆင်ပြေ တခြား feature တွေလည်း ကြိုက်တဲ့ဟာပေါ့.. Canon ELPH 300 နဲ့ Nikon S8100 .. "ကင်နွန်သမား ရည်းစားဖြစ်မူ နိုက်ကွန်ယူအပ် မယူအပ်" ဆိုတဲ့ ဆိုရိုးစကားအရ.. ကန်နွန် ဝယ်ဖြစ်ဖို့တော့ ပိုသေချာနေတယ်..

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ.. ဖူဂျီလေးကို ကိုယ်ခွဲရမှာကတော့ သေချာနေပြီ.. Toy Story 3 ထဲက Andy က သူ တက္ကသိုလ်တက်တဲ့အရွယ် အရုပ်နဲ့ မဆော့တော့တဲ့အခါ သူ့အရုပ်ကလေးတွေကို တခြားအရုပ်ချစ်တဲ့ ကလေးမလေး တစ်ယောက်ဆီ လက်လွှဲပေးတဲ့ အခန်းကို သတိရသွားတယ်.. သူ့ အရုပ်ကလေးတွေ တစ်ရုပ်ချင်းစီကို သူပေးထားတဲ့ နာမည်တွေပြောပြလိုက်.. တစ်ရုပ်ချင်းစီရဲ့ အကြောင်းတွေမိတ်ဆက်လိုက်နဲ့ လုပ်နေရင်း မျက်ရည်တွေဝဲလာ.. လက်ခံယူတဲ့ ကလေးလေးကလည်း စိတ်ပါလက်ပါ ဝမ်းသာစွာနဲ့ လက်ခံနေတာ..

ကိုယ့်ညီမလေး ဒီပို့စ်လာဖတ်မိပါစေ..

3 comments:

  1. သိပ်ဖတ်မိ....
    Let me be ur Bonnie !!!

    ReplyDelete
  2. ငါ့လာလွှဲပေးရင်တော့ မယူဘူး ချခွဲပစ်လိုက်မယ်။ ဘယ်နှယ့်တော် ဒီလောက် စုတ်ချာနေတဲ့ဟာကို ပေးသတဲ့

    ReplyDelete
  3. ကိုကြီးကျော်.. အသာနေဗျ.. ဟိဟိ

    ReplyDelete

your comment please

Powered by Blogger.