မျှော်တိုင်းဝေးခဲ့သော ရွှေပြည်တော်ခရီး ၃

၂၀၁၁ ခုနှစ် မေလ ၉ ရက်၊ တနင်္လာနေ့
တစ်ယောက်မှ မနက် အစောမထတဲ့နေ့..




ကိုကိုရဲတို့ ၂ ခန်းက လက်ဘက်ရည်ဆိုင်သွားမယ်ဆိုပြီး လာနှိုးတော့လည်း မလိုက်ဘူး ငြင်းလိုက်မိတယ်.. တကယ်က ငြင်းသာငြင်းလိုက်တာ ကိုယ်တိုင်မသိလိုက်ဘူး.. ညနေဘက်ပြန်ပြောမှ ဟင် ဟုတ်လား အဲလို ငြင်းလိုက်မိလား ပြန်မေးရတယ်.. အိပ်ချင်မူးတူးနဲ့.. မထိုက်တို့အိမ်က မိသားစုတွေနဲ့ ကိုကိုရဲ မိသားစုနဲ့ အမျိုးသမီးတွေချည်းပဲ ဘုရားသွားဖူးကြတော့လည်း မလိုက်ဘူး ငြင်းပြန်တယ်.. နေမြင့်မှ အိပ်ရာထပြီး အခန်းတံခါးတွေ လျှောက်ခေါက်တော့မှ ကိုယ်လိုပဲ ထူးတေဇာနဲ့ ကိုရဲအောင်သူလည်း အိပ်တုန်းပဲလို့ သိလိုက်တယ်.. ဒါနဲ့ ၄ ယောက်သား နေ့လည်စာထွက်စား.. ဟိုဟိုဒီဒီသွားဖို့ ကားငှားကြတာပေါ့..



ပုဂံက Tour Season မဟုတ်လို့ထင်တယ်.. ဘုရားတွေမှာ လူသိပ်ရှင်းတယ်.. ကိုယ်တို့ ၄ ယောက် နတ်လှောင်ကျောင်းကို ရောက်သွားတယ်.. တကယ်က သူတို့ ၃ ယောက်က သိပ်စိတ်ပါလှတာမဟုတ်ဘူးထင်တယ်.. ကိုယ်ကသာ ကိုရင်တာနှစ်ပါးသွားစာအုပ်ထဲက နတ်လှောင်ကျောင်းအကြောင်းရေးထားတာ ဖတ်ဖူးပြီး သိပ်သွားချင်နေတာ.. နတ်လှောင်ကျောင်းရှေ့မှာ သဗ္ဗုညုဘုရားနောက်ခံထားပြီး ကိုရဲအောင်သူက ကိုယ့်ကို ဓာတ်ပုံရိုက်ပေးတယ်.. နေသိပ်ပူတာပဲ.. မျက်နှာကို ဘယ်လိုမှ ပြုံးထားလို့မရတာ ဆိုးတယ်.. ထားပါတော့.. လှသွားလိမ့်မယ် အလိုလို.. မလှလည်းနေပစေပေါ့..



မိုးကလည်း အုံ့နေပြီး တဖွဲဖွဲစကျနေပြီ.. ကိုယ်တို့ ညနေဘက်ပြန်တယ်.. ကိုရဲအောင်သူနဲ့ ထူးတေဇာက နေရစ်ခဲ့တယ်.. ဓာတ်ပုံရိုက်ဖို့ မန်းလေး ကျောက်ဆည်ဘက် သွားဦးမယ်တဲ့.. လိုက်ခဲ့မလားလို့ တေဇာက ခေါ်ပေမယ့် လိုက်လို့မရတဲ့ အကြောင်းတွေရှိနေတော့ ကိုယ်သူတို့ကို မနာလိုလိုက်တာ.. တကယ်ပြောတာ.. ကိုယ်က မနာလိုစိတ်သိပ်ကြီးတယ်.. ကိုယ်မပျော်ရပေမယ့် သူများပျော်ရင် ဝမ်းသာပါတယ်ဆိုတဲ့ စိတ်မျိုး ဘယ်လိုမှ ထားလို့မရဘူး.. တခြား ပစ္စည်းဥစ္စာတွေနဲ့ ပက်သက်ရင် မနာလိုဝန်တိုစိတ်နည်းသလောက် ပျော်ပါးတာ ခရီးသွားတာ လွတ်လပ်မှု စတာတွေမှာ လူတကာထက် သာချင်နေတာခက်တယ်..



ကားက ထွက်လာကတည်းက ကွိုင်နဲ့စတယ်.. အဲကွန်းမအေးလို့ ညောင်ဦးမြို့ထဲက ရပ်ကွက်တစ်ခုမှာ ဆားဗစ်ဝင်လုပ်တယ်.. ခရီးသည်တွေကို တစ်ခုခုတော့ ပြောသင့်တယ်ထင်တာပဲ.. ဒါပေမယ့် သူက ဘာမှလည်းမပြောဘဲ လမ်းတွေထဲ ချိုးကွေ့ဝင်ပြီး ကားရပ်တယ်.. အကြာကြီးရပ်တယ်.. မနေနိုင်လို့ ကိုယ်တို့အဖွဲ့ဆင်းတော့မှ အဲကွန်းပြင်နေတာလို့ သိရတော့ ဘယ်ကောင်းမလဲ.. ထားပါတော့.. (ဒီပို့စ်ကလည်း ထားပါတော့တွေ သိပ်များတယ် တွေးသူများ.. ဟုတ်ကဲ့.. ဒီခရီးတစ်ခုလုံး အဲ့စကားသုံးလုံးနဲ့ပဲ တစ်နေ့ကို အခွန်း ၆၀ လောက် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ခဲ့ရလို့ပါ... ထားပါတော့လေ)..



အဲလိုနဲ့ ၄ နာရီခွဲထွက်မယ့်ကားက မြို့ကနေ ၅ နာရီ ၄၅ လောက်မှ ထွက်ဖြစ်တယ်.. တုရင်တောင်ကို ကျော်လာတယ်.. မိုးကလည်း ဖွဲဖွဲကျနေတုန်းပဲ.. ဒေါင်းသေချောင်းလား ရွှေလှိုင်းချောင်းဆိုလား သဲချောင်းတစ်ခုဆီရောက်တယ်.. (ဒေါင်းသေချောင်းမဟုတ်ဘူးလို့ ဖဘမှာ ငြင်းခုန်ရင်း သိလိုက်ရပါသည်.. ရွှေလှိုင်းချောင်းဖြစ်လိမ့်မည်).. ကားတွေ ပိတ်နေတယ်.. ဘာဖြစ်သလဲ ကြည့်တော့.. တေဇာနမိတ်ကြိုဖတ်လိုက်တဲ့အတိုင်းပဲ.. သဲချောင်းရေကျနေလို့ ကားတွေဖြတ်မရဘူးဖြစ်နေတာ.. ၁ နာရီလောက်ထပ်ကြာတော့ ဂျစ်ကားလေးတစ်စီး ဖြတ်တယ်.. အိုခေ.. ချောချောမောမော ဒီဘက်ရောက်လာတယ်.. လူတွေလည်း လက်ခုပ်ဝိုင်းတီးလိုက်ကြတာ..





နောက်တော့ ဂျစ်အဝါတစ်စီး ထပ်ဖြတ်တယ်.. မလှမ်းမကမ်းကနေ ပစ်ကပ်တစ်စီးကပ်ပါလာတယ်.. သွားပါလေရော.. ဂျစ်အဝါလေးက တစ်ကွေ့လေးအလိုမှ ရှေ့ဘီးနစ်သွားတယ်.. အမှန်က သဲကျွံရင် လီဗာနင်းပြီး မရုန်းရဘူးတဲ့ ပိုကျွံတတ်တယ်တဲ့.. လူအားနဲ့ တွန်းတင်ရတာ.. သူက အတင်းရုန်းတော့ ပိုပိုနစ်သွားတယ်.. အဲ့ကား နှစ်စီး အဲလိုဖြစ်နေတာကို မမှတ်သေးဘူးဆရာ.. ကုန်ကားပြာကြီး တစ်စီးက အတင်းတိုးဖြတ်ပြန်တော့ အလယ်မှာ တစ်နေပြန်ရော.. ရေစီးကျသွားချိန်ထိကို အဲ့ကားတွေ ပိတ်နေတော့ သွားမရတော့ဘူးပေါ့..သေစမ်း..



၅ နာရီ ၆ နာရီလောက် အဲ့ချောင်းနဖူးက ရွာမှာ ပိတ်မိနေတယ်.. မီးမရှိ အိမ်သာမရှိ.. စားဖို့ဆိုင်ကောင်းကောင်းမရှိ.. ဖုန်းလိုင်းမမိ.. အဲ- ဖုန်းလိုင်းက တစ်နေရာတော့မိတယ်.. ရေတွေစီးနေတဲ့ ချောင်းထိပ်နားက သဲပုံကြီးပေါ်.. အဲ့ပေါ်သွားတက်ဆော့ကြသေးတယ်.. ဖုန်းလည်း ဆက်တယ်.. ပုဂံမှာ ကျန်ခဲ့တဲ့ နှစ်ယောက်ကို .. ခုချက်ချင်း ကင်မရာယူပြီးလာခဲ့.. ဓာတ်ပုံလာရိုက် မိုက်တယ် ဘာညာပေါ့.. ဟိုနှစ်ယောက်လည်း ဆိုင်ကယ်ရှာသေးတယ်ပြောတယ်.. အဆင်မပြေတော့ မရောက်လာကြတော့ဘူး.. နေဝင်တာကလည်း ဝင်နေပြီဆိုတော့ တကယ်တမ်းသူတို့လာလည်း ဘာမှ သိပ်ရိုက်လို့ရမယ် မဟုတ်ပါဘူး.. တကယ်က ကိုယ်က ဒီမှာ ဒုက္ခရောက်နေတော့ လာစေချင်လို့သာ ခေါ်နေတာ.. ဖုန်းထဲကနေ အိညောင်အိညောင်လုပ်တော့ သူလည်း စိတ်ညစ်သွားပုံရတယ်.. "ဘာတစ်ခုခု လုပ်ပေးလို့ရမလဲ ပြောပါဦး"တဲ့..



တကယ်က ကိုယ်တွေလူကြီးတွေချည်းပဲဆို ဘယ်ကိစ္စရှိမလဲ..ဟေးလားဝါးလား ပျော်တောင်နေဦးမယ်.. ခုလည်း ပျော်တော့ ပျော်နေတာပဲ.. ညနက်လာတော့ ခြင်ကိုက်ဘာကိုက်ချိန်ကျမှ ကလေးငယ်လေးတွေငိုလို့ သနားပြီး စိတ်ညစ်လာတာ.. နောက်တော့ ပွဲတုန်းက ချိတ်တဲ့ ဗီနိုင်းကြီးကို ချခင်းပြီး အဲ့ပေါ်မျာ လက်ပ်တော့ဖွင့် ကာတွန်းကား ထိုင်ကြည့်နေလိုက်ကြတယ်.. ကိုယ်တို့နားလည်း ရွာသားတွေ ဝိုင်းနေရောပဲ.. ည ၁၁ နာရီလောက်ကျတော့ သဲကော်တဲ့ ဗူဒိုဇာကြီးတစ်ခု ရောက်လာပြီး သဲတွေ ကော်ထုတ်.. ကားတွေဆွဲလုပ်ပေးတော့မှ လမ်းပွင့်ပြီး ခရီးဆက်လို့ရတယ်.. ဒီမှာ အမြဲ မိုးတွင်းဆို အဲလိုဖြစ်တတ်တယ်တဲ့.. ရွာသားတွေကပြောတယ်.. တကယ်က အဲ့ချောင်း အဲလို ခဏခဏဖြစ်နေတာ.. တံတားထိုးပါတော့လား.. ကြိုးတံတားတို့ဘာတို့ပေါ့.. နည်းလမ်းတစ်ခုခုတော့ ရှိမှာပဲ ဒီထက်အဆင်ပြေတာ..



တညလုံး အဆင်မပြေလိုက်တာများ.. ကားက ပူလွန်းတာ.. ကိုယ်တို့တွေ အော်ဟစ်နေတာပဲ.. ရန်ကုန်ရွှေပြည်ကြီးကို ရောက်ပါတော့ ရောက်ပါတော့ ခဏခဏ ဆုတောင်းနေမိတယ်.. ခဏခဏ မျှော်လင့်နေလို့လားမသိဘူး.. နည်းနည်းနိုးလာလို့ မျက်စိဖွင့်ကြည့်လိုက်လည်း ဒီ အဝေးပြေးကားလမ်းပေါ်ပဲ.. ခဏနေ ထပ်ကြည့်လည်း ဒီကားလမ်းပေါ်ပဲ.. နောက်ခဏကြာ ထပ်ကြည့်.. ဒီလမ်းပဲ.. ရန်ကုန်ဟာ ဒီလောက်ဝေးနေသလားလို့ စိတ်ညစ်မိတယ်.. တကယ်ဆို ကိုယ်က ရန်ကုန်ပြန်ချင်တာမဟုတ်ဘူး.. ရန်ကုန်မှာ စိတ်ညစ်စရာကိစ္စတစ်ချို့ခဏ ပစ်ထားပြီး ဒီခရီးကို လစ်လာတာ.. ဒါပေမယ့် လမ်းခရီးမှာ ခံရတဲ့ ဆင်းရဲဒုက္ခက ကသိကအောက်နိုင်လွန်းတော့ ရောက်ပါစေ ဆုတောင်းမိတော့တယ်..



ရန်ကုန်ရောက်တော့ ပျော်လိုက်တာ..

အရင်က ကိုယ်ပြောခဲ့ဖူးတယ်.. ကိုယ့်ကို ချစ်ခင်သူတွေက နွေးနွေးထွေးထွေး ပြုံးပြကြိုဆိုမယ့် နေရာကို အိမ်လို့ခေါ်တယ်လို့.. ခုတော့ နည်းနည်းပြောင်းလိုက်ချင်တယ်.. စိတ်အေးချမ်းသာယာစွာ မှေးစက်အနားယူနိုင်တဲ့ ကိုယ့်အိပ်ရာလေးရှိတဲ့အရပ်ကိုသာ အိမ်လို့ခေါ်ပါတယ်..

No comments:

your comment please

Powered by Blogger.