မျှော်တိုင်းဝေးခဲ့သော ရွှေပြည်တော်ခရီး ၂
၂၀၁၁ ခုနှစ် မေလ ၈ ရက်၊ တနင်္ဂနွေနေ့
ပုဂံနည်းပညာဟောပြောပွဲနေ့
မနက်ခင်း အစောကြီးထပြီး မီးငြိမ်းကုန်းကိုသွား.. နေအထွက် ဓာတ်ပုံစောင့်ရိုက်ကြပြန်တယ်.. ဒီနေ့တော့ မနက်နိုးတာ စောလို့ မှီတယ်.. နေလုံးကြီးက တက်လာတာသိပ်မြန်တာပဲ.. ကောင်းကင်မှာ ပန်းဆီတွေ ခရမ်းတွေ ဖြာလဲ့ပြီးတော့ နေဝန်းကြီး တရိပ်ရိပ်တက်လာတာကို ထိုင်ကြည့်.. အား- အရသာရှိတယ်ဗျ.. ဘုရားကနေ ဆင်းတော့ Tharabar 3 လို့ နာမည်ပေးထားတဲ့ ထနောင်းပင်ခြေအောက်လေးက ထမင်းဆိုင်လေးမှာ မနက်စာစားကြတယ်.. ပုဂံရောက်ပြီး အဲ့ဆိုင်မှာမှ မစားလိုက်ရရင်တော့ စိတ်ကောက်ပြီး ပြန်မှာပဲလို့ ကိုယ်က တေးထားတာ.. သွားဖြစ်အောင် သွားပေးတဲ့အတွက်လည်း ကျေးဇူးတင်သွားတယ်..
ပြန်ရောက်တော့ မထိုက်ညီမလေး ခွေးကိုက်ခံရလို့ ဆေးခန်းသွားပြနေတယ်လို့ သတင်းပေးကြတယ်.. မထိုက်တို့ လိုက်သွားလေရဲ့.. ဘာမှတော့ အရမ်းမဖြစ်လိုက်ဘူး.. ဒါပေမယ့် ခွေးကိုက်ခံရတယ်ဆိုတာလည်း ကောင်းတာတော့မဟုတ်ဘူးပေါ့လေ.. နောက်တော့ ကိုယ်
အိပ်ပျော်သွားသေးတယ်.. ဟောပြောပွဲကို ၁၀ နာရီ စဖို့ ကြေငြာထားတာ.. ဟောပြောမယ့် နယူးယောက်ခန်းမကို ကိုယ်ရောက်သွားတော့ ၁၀ နာရီတောင်ကျော်နေပြီ.. ခန်းမထဲမှာ လူတွေ တော်တော်များတယ်.. ၇၀ နီးပါးလောက်ရှိမလားမသိဘူး.. ကျော်ချင်ကျော်ဖို့ပဲ.. မလျော့ဘူး.. အဲကွန်းမရှိဘဲ ပန်ကာနဲ့ပဲ ဆိုတော့ တော်တော်လေးပူတယ်.. ပရော်ဂျက်တာတွေ လက်ပ်တော့တွေဆိုတာ ပူခြစ်နေတာပဲ.. အဲ့ဒါတွေရဲ့အပူက အခန်းထဲမှာ ပြန်ပူစေတာလည်း ဖြစ်ကောင်းဖြစ်မယ်.. သံသရာလည်တာပဲပေါ့.. ပတ်ဝန်းကျင်ပူလို့ သူတို့ပူတယ်.. သူတို့အပူက ပတ်ဝန်းကျင်ကိုပါ ပြန်ဟပ်တယ်..
ဒီပွဲရဲ့ စီစဉ်သူတွေရယ် ကူညီပေးသူတွေရယ်နဲ့ မိတ်ဆက်ပေးဖို့ အစီအစဉ်လေးပါတယ်.. မထိုက်က အရင်ကဆို အဲ့ဒါမျိုးတွေအတွက် MC လုပ်နေကျပဲ.. ဒါပေမယ့် ဒီပွဲမှာ ကိုယ့်ကို တွန်းတင်တယ်.. အတွေ့အကြုံများလာရင်တော့ ဒီထက်ပိုအဆင်ပြေမယ် ထင်တယ်.. ခုတော့ တစ်ခါနှစ်ခါလောက်ပဲ အတွေ့အကြုံရှိသေးတော့ စကားပြော မချောသေးဘူး.. ကပေါက်တိ ကပေါက်ချာ နည်းနည်းနိုင်တယ်.. ကိုယ် စကားပြော ညံ့သေးတယ်..
နောက်တော့ Ubuntu နဲ့ စဖွင့်လိုက်တယ်.. နောက်တော့ မင်းရဲနောင်က အသုံးဝင်လူသိနည်းတဲ့ ဆော့ဖ်ဝဲအသစ်လေးတွေ မိတ်ဆက်တယ်.. ထမင်းစားနားလိုက်တယ်.. ထမင်းသွားစားတော့ Organizer တစ်ဦးဖြစ်တဲ့ ပုဂံမြို့ခံ ကိုသောင်းက လိုက်ကျွေးတယ်.. မြို့ဟောင်းရဲ့ ရှေးအကျဆုံးဆိုင်လို့ ပြောတယ်.. (ရွှေမေတ္တာ)ဆိုလားပဲ.. မိုက်တယ်.. တကယ့် အညာထမင်းဝိုင်းစတိုင်ပဲ.. တန်းလျားကြီးတွေနဲ့ ထိုင်ရတယ်.. ခက်တာက ကိုယ်က အဆီအနှစ်တွေနဲ့ ဟင်းတွေ မကြိုက်တတ်ဘူး.. ဒီတော့ မကျည်းရွက်သုပ်ရယ် ကြက်ဥမွှေကြော်ရယ်နဲ့ပဲ ကျေနပ်ရတယ်.. ထမင်းစားအပြီးမှာ စိန်တစ်လုံး သရက်သီးတွေခွဲကျွေးတာတော့ သိပ်မိုက်တယ်..
ထမင်းစားပြီး အိပ်ငိုက်ချိန်ကို မထိုက်နဲ့ ကိုယ်က ပြန်စယူတယ်.. မအိပ်ငိုက်တဲ့ နည်းလမ်းတွေနဲ့ ပြောကြတာပေါ့.. ရယ်ရတယ်.. နောက်တော့ မင်းရဲနောင် ပြန်ဝင်တယ်.. နောက်တော့ ကိုကိုရဲက Ubuntu ကို လက်တွေ့ အင်စတောလုပ်ပြတဲ့အချိန်ယူတယ်.. ပြီးတော့ ပွဲကိုအဆုံးသတ်လိုက်ကြတယ်.. ညနေ ၆ နာရီ တည်းခိုခန်းပြန်ရောက်ချိန်မှာ ကိုယ်တို့အားလုံး ခြေပစ်လက်ပစ်ဖြစ်နေပြီ.. ပူလွန်းတာကြောင့်လည်း လူသိပ်နွမ်းတယ်.. ပြီးတော့ စိတ်ပင်ပန်းတာရော ခရီးပမ်းတာကြောင့်ရောထင်တယ် ကိုယ်ဗိုက်တွေအောင့်တယ်.. နဂိုထဲက လူက စိတ်နည်းနည်းကျနေတာကြောင့် ငိုလည်းငိုသေးတယ်.. နောက်တော့လည်း ပျောက်သွားတာပါပဲ.. ဘေးနားမှာ စကားတွေ လာပြောပေးနေကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေကြောင့် ပြန်ပြီး ရယ်မောလာတာပဲ.. ရယ်ပြီးငိုတယ်.. ငိုပြီးရင် ရယ်ရမယ်.. မထူးဆန်းတော့ဘူးလည်း ထင်တယ်..
ညဦးပိုင်းမှာတော့ ကိုယ်နဲ့ မထိုက် အိပ်ပျော်သွားလို့ သူများ ထမင်းစားသွားတာ မလိုက်လိုက်ရဘူး.. သပ်သပ်သွားစားလိုက်တယ်.. ပြန်လာပြီးတော့ မထိုက်က ပြန်အိပ်သွားပေမယ့် ကိုယ်တော့ တော်တော်နဲ့ အိပ်မပျော်ဘူး.. အဲ့ဒါနဲ့ လက်ဘက်ရည်ဆိုင်သွားတဲ့ ယောက်ျားလေးတွေ ပြန်လာတော့ ခြံထဲထွက် စကားထိုင်ပြောဖြစ်တယ်.. ထူးထူးခြားခြား သူ့အသံက အေးဆေးညင်သာနေတယ်.. ကိုယ်လား.. ကိုယ့်အသံကတော့ အင်အားကိုမရှိတာ.. ဟုတ်တယ်.. ခုတလော တော်တော် စိတ်ဓာတ်ကျနေတယ်.. ဘာဖြစ်လို့ ဖြစ်မှန်းလည်းမသိပါဘူး.. အလုပ်တွေလည်း သိပ်များတယ်လို့ ထင်နေတယ်.. တကယ်က ဒါလောက်ကြီးလည်း များတာမဟုတ်.. ကိုယ့်ဘဝအခြေအနေက သူများအားကျ ကျေနပ်စရာဖြစ်နေပေမယ့် ကိုယ့်ကိုယ်ကိုယ် သနားမဆုံးဘူးဖြစ်နေတယ်.. ကိုယ်ဟာ သိပ်ကံဆိုးတယ်ချည်းပဲ တွေးနေမိတာ ဘာကြောင့်မှန်းလည်းမသိပါဘူး.. ထားပါတော့လေ.. ညနက်နက်ကျမှ ဝင်အိပ်ပြီးတော့ အိပ်မက်တွေလည်း မက်နေတယ်..

မျှော်တိုင်းဝေးခဲ့သော ရွှေပြည်တော်ခရီး ၁ ပြန်တင်ပါအုံး နန်းညီ. ဟိုတနေ့ ကတွေ့ လိုက်တယ် ခု မရှိတော့ဘူးဗျ ကျေးဇူး
ReplyDelete