မျှော်တိုင်းဝေးခဲ့သော ရွှေပြည်တော်ခရီး
ပုဂံမှာ နည်းပညာဟောပြောပွဲတစ်ခု သွားလုပ်ကြမယ်ဆိုပြီး အကြံစပေးတဲ့လူက ကိုရဲအောင်သူ.. မထိုက်ရယ် ကိုကိုရဲရယ် နန်းညီရယ်ကို ပြောတယ်.. ပုဂံက သူကျွမ်းကျင်ရာ နယ်မြေဖြစ်တဲ့အပြင် ဟိုက သူ့မိတ်ဆွေ မြို့ခံတွေကလည်း စိတ်အားထက်သန်မှု ရှိကြတယ်ဆိုတော့ အားလုံး ကူညီဆောင်ရွက်ပေးမယ်ဆိုတာနဲ့ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ဖြစ်ကြတယ်.. ပုဂံမဟုတ်လည်း တခြားတစ်မြို့မှာ လုပ်မှာပဲဆိုတော့ အစစ အရာရာ အဆင်ပြေလောက်မယ့် မြို့ကို အရင်ရွေးလိုက်ကြတာပေါ့.. အရင်ကလည်း ပုဂံမှာ နည်းပညာပွဲတွေဘာတွေ မရှိဖူးသေးဘူးဆိုတော့လေ..
အဲဒါနဲ့ မေလမှာ လုပ်မယ်လို့ သတ်မှတ်ဖြစ်ကြတယ်.. ရာသီဥတုက ပူတော့ တခြားအချိန်ရွှေ့မလား ဘာလားတိုင်ပင်သေးပေမယ့် ရာသီဥတုသာယာချိန်ဆို ခရီးသွားရာသီဖြစ်သွားပြီ.. ကိုယ်က ပွဲသွားလုပ်နေလို့ ဆင်မပြေလောက်ဘူးဆိုပြီး မေလပဲ ရွေးဖြစ်ပါတယ်.. ကိုကိုရဲက ထုံးစံအတိုင်း Ubuntu အကြောင်းတွေ ပြောမှာဆိုတော့ ဟောပြောမယ့် Topic တွေအတွက် အထူးတလည် ပြင်ဆင်နေစရာတော့ သိပ်မလိုတော့ဘူး.. ကိုရဲအောင်သူက ပုဂံပွဲအမှီ မြန်မာဘာသာနဲ့ OS တစ်ခု ကြိုးစားပမ်းစားတော့ ရေးသေးတယ်.. ဒါပေမယ့် မမှီဘူးလားမသိဘူး.. ပွဲမှာတော့ မပြဖြစ်ဘူး.. မထိုက်နဲ့ ကိုယ်ကလည်း ထုံးစံအတိုင်း Online Privacy & Security အကြောင်းပေါ့.. အိုခေ..
ပုဂံမှာ လုပ်ဖြစ်မယ်လို့ တိုင်ပင်ဆုံးဖြတ်ပြီးချိန်နဲ့ တကယ်လုပ်မယ့်ရက် ကြားမှာ ၁ လ ခွဲလောက်အချိန်ရတယ်.. ကိုယ်တို့တွေရဲ့ ထုံးစံအတိုင်း ရှေ့ပိုင်းရက်တွေ အီးလေးဆွဲ.. အနားကပ်မှ ပြူးပြဲ.. မေလ ၈ ရက်နေ့ပွဲလုပ်မယ်လို့ သတ်မှတ်ပြီးပေမယ့် ၅ ရက်နေ့ထိ ကြော်ငြာဗီနိုင်းဒီဇိုင်းတွေ မပြီးသေးဘူး.. ကားလက်မှတ်တွေ မမှာရသေးဘူး.. လိုက်မယ့်လူ မတိကျသေးဘူး.. ကိုယ်ကလည်း အပျင်းကြီးနေချိန်ဆိုတော့ ဗီနိုင်းတွေ မဆွဲဘူး.. ကိုရဲအောင်သူပဲ အကုန်ဆွဲတယ်.. ကားနဲ့ ပုဂံကိုပို့လိုက်တယ်.. (ပြောရဦးမယ်.. ပုဂံကိစ္စတွေ သိပ်သွေးအေးတာက ကားလိုင်းကို ကိုရဲအောင်သူ သိပ်ပိုင်တာကြောင့်လည်းပါတယ်.. သူ့နာမည်ပြောလိုက်တာနဲ့ ခုံလိုသလောက် လိုတဲ့အချိန်ရစေရမယ် ဆိုတာမျိုး)..
တကယ်တမ်းသွားဖြစ်တော့ လူအတော်များတယ်.. ကိုကိုရဲနဲ့အတူ သူ့ Ubuntu အဖွဲ့သားတွေဖြစ်တဲ့ ကိုရဲထွဋ်နောင်၊ ကိုဟိန်းထက်၊ ကိုတရုတ်ကြီးတို့ ပါသလို.. ထူးတေဇာကလည်း ကိုရဲအောင်သူနဲ့တူတူ ဓာတ်ပုံလိုက်ရိုက်မယ်ဆိုပြီး ပါလာတယ်.. ကိုဖြိုးဟိန်းကျော်နဲ့တူတူ သူ့ သူငယ်ချင်း ကိုရဲဝင့်ကျော်လည်းပါတယ်.. နောက်ပြီး လိုက်ချင်တယ်ဆိုတဲ့ ကိုမင်းရဲနောင်လည်း ပါလာပြန်တယ်.. မထိုက်နဲ့ ကိုကိုရဲတို့ အိမ်က အမေတွေ ညီမတွေ တူလေးနဲ့ တူမလေးလည်း ပါတော့ လူအားလုံးပေါင်း ၁၄ ယောက်တောင်..
ကားထွက်ခါနီးမှ ငွေချေပြီး လက်မှတ်ဖြတ် ကားပေါ်တက်ကြတယ်.. အသွားတုန်းက ကားက အဲကွန်းအတော်အေးတယ်.. မထိုက်နဲ့ နှစ်ယောက်သား မုန့်စားလိုက် စကားများလိုက်နဲ့ နောက်တော့လည်း အိပ်တာပါပဲ.. မိုးရွာရွာနေတော့ ကောင်းကင်က တိမ်တွေနဲ့..ညနေစောင်းမှာ တိမ်တောက်တာမြင်လိုက်သေးတယ်.. သိပ်လှတာပဲ.. နောက်မှာထိုင်နေတဲ့ ကိုရဲအောင်သူနဲ့ ထူးတေဇာတို့ အိပ်ပျော်နေတာ ဓာတ်ပုံမရလိုက်တော့ဘူးပေါ့လေ.. အဲလိုနဲ့ပဲ မနက်ကြီး ၃ နာရီလောက်မှာ ပုဂံကိုရောက်တယ်.. သွားမယ့်တည်းခိုခန်းနေရာကို ကားငှားစီးကြတယ်.. ပါပလစ်ကာ ၂ စီးက တစ်စီးမှ တစ်ထောင်ပဲ.. လူတွေ ၂ ဖွဲ့ခွဲပြီး စီးကြရတာပေါ့..
တည်းခိုခန်းကလည်း သိပ်မိုက်.. အခန်း ၆ ခန်းပဲရှိတယ်.. ကိုယ့်အဖွဲ့ဝင်လိုက်တာနဲ့ အပြည့်ပဲ.. ကိုနောင်တို့ ၂ ယောက်က ဘေးကပ်လျက်တည်းခိုခန်းမှာ သွားတည်းရရှာတယ်.. အဲ့ဒိ တည်းခိုခန်းကြီး တစ်ခုလုံးကို သိမ်းပိုက်ထားလိုက်တာများ ပိုင်ရှင်ဆို အဆောင်ထဲ ခြေဦးတောင် လှည့်မလာဘူး.. သူ့ဘာသာသူ ခြံထောင့်က အိမ်မှာပဲ နေတယ်..
ရောက်ရောက်ချင်းမနက်မှာ ခဏနား.. မျက်နှာသစ် လက်ဆေးခြေဆေးလုပ်ပြီး ချက်ချင်းပဲ မနက်စာထွက်စားကြတယ်.. နောက်တော့ ကားငှားပြီး နေအထွက်အမှီ ဓာတ်ပုံရိုက်မယ် အားခဲပြီးတော့ ရွှေဂူကြီးဘုရားပေါ်ရောက်ခဲ့တယ်.. လူ ၁၄ ယောက်စလုံးတော့ ဘယ်ဟုတ်မလဲ.. ၇ ယောက်ပဲ.. နေအထွက်ကို သေချာမမှီဘူး.. လင်းစ ရောင်နီလေး ပျို့တာက လှမှာနော်.. ဒါမယ့် ဘုရားပေါ်ရောက်တော့ နေလုံးတောင် ပေါ်နေပြီ.. ဒါနဲ့ ရသလောက်လေး ဟိုရိုက်ဒီရိုက်ပေါ့လေ.. ကိုယ်ကတော့ အိပ်ချင်နေတာနဲ့ စကားလည်း သေချာမပြော.. အလှအပတွေလည်း စိတ်ထဲမဝင်.. ဓာတ်ပုံရိုက်တဲ့ထဲလည်း စိတ်မဝင်စား.. ငူငူကြီး ထိုင်နေမိတာ..
အဲ့ကအပြန်တော့ တည်းခိုခန်းရောက်တာနဲ့ အားလုံး ခြေပစ်လက်ပစ် အိပ်တာပဲ.. နေ့လည်ခင်း တချို့တွေက ကားငှားပြီး ဘုရားဖူးဆိုပြီး သွားကြပေမယ့် ကိုယ်မလိုက်ဖြစ်ဘူး.. ဘုရားဖူးသွားတယ်ဆိုတဲ့ သဘောတရားကို ကိုယ်ခုထိ မကျေလည်နိုင်သေး ခံစားလို့မရသေးဘူး.. ဘုရားတစ်ဆူရောက် ဦးချ တစ်ပတ်ပတ်ကြည့်.. နောက် ကားပေါ်တက်.. နောက်ဘုရားကိုရောက်.. ဟာ- အဲလိုကြီးကျ ကတိုက်ကရိုက် သိပ်နိုင်သလိုပဲ.. ကိုယ့်သဘောကတော့ နေကလည်းပူပူနဲ့ ဘုရားတစ်ဆူရောက်ရင် အချိန်ပေးပြီး ဘုရားမှာနေရတဲ့ အရသာကို ခံစားချင်တာပဲ.. ဓာတ်ပုံရိုက်.. ဘုရားဦးချ.. ပြီးရင် ကိုယ့်လူအချင်းချင်း အေးဆေး စကားလေးဘာလေးထိုင်ပြော.. သက်တောင့်သက်သာပေါ့လေ.. ထားပါတော့..
ကိုယ်တို့ ၄ ယောက်တည်းခိုခန်းမှာ ကျန်ခဲ့တော့ ဘာလုပ်ရမှန်းမှ မသိဘဲ.. အဲ့ဒါနဲ့ ၄ နာရီလောက်ကျတော့ ၄ ယောက်ထဲ မြေဘုံသာဘုရားလှကို ထွက်ခဲ့တယ်.. အဲ့ဒိကို နယူးရီးယားတုန်းက ပုဂံရောက်တုန်းက sunset ကြည့်ဖို့ ရောက်ဖြစ်တော့ ခုလည်း သူတို့ ၃ ယောက် ဓာတ်ပုံရိုက်ကြလို့ဆင်ပြေတယ်ဆိုပြီး သွားတာ.. အေးဆေးပဲ.. မိုက်တယ်.. ဘုရားက လူလည်းရှင်းနေတယ်.. သူတို့ အေးအေးလူလူ ထရိုင်ပေါ့တွေ လန်းစ်တွေ ဆင်နေတာကို ကိုယ်ကလည်း သီချင်းလေးနားထောင်ရင်း ထိုင်ကြည့်နေလိုက်တာပဲ.. နေအဝင်ကို စောင့်ရင်း ဟိုပြောဒီပြောနဲ့ တော်တော်ပျော်စရာကောင်းတယ်.. နောက်တော့ နေလုံးကြီးက တဖြည်းဖြည်းကျလာ.. တိမ်တွေမှာ မီးတွေတောက်နေသလိုပဲ.. သဗ္ဗုညဘုရားဟာ အပေါ်တည့်တည့်က နေခြည်တန်း၊ နောက်ခံက မိုးအုပ်မှောင်မှောင်နဲ့ ကြည့်လို့အင်မတန်လှတယ်.. ပြောဖူးတဲ့စကားကိုပဲ ထပ်သုံးရမယ်ဆိုရင်.. ဖူဂျီ ကင်နွန် နိုက်ကွန် ဘာတွေဘယ်လောက်ကောင်းကောင်း၊ စိတ်မှာ ရိုက်တဲ့ဓာတ်ပုံလောက် ဘယ်ဟာကစွဲမြဲ မှတ်ထင်နိုင်မလဲနော်..
ကိုယ်တို့တွေ ၄ ယောက်သား ပေါတိပေါချာလုပ်ပြီး ပျော်ခဲ့ရတဲ့ အဖြစ်တစ်ခုရှိသေးတယ်.. ဒါပေမယ့် မပြောပြဘူး.. ထူးတေဇာဆီက ရစရာ ဒေတာလေးတစ်ချို့ရမှ အကုန်လုံးကို ပြတာပေါ့.. =) .. အဲ့ဒိညတော့ နောက်နေ့ပွဲအတွက် ပြင်ဆင်ကြရင်း တိုင်ပင်ကြရင်းပဲ အချိန်ကုန်တယ်.. ကိုယ်တို့ပွဲရဲ့ organizer တစ်ဦးဖြစ်တဲ့ ပုဂံမြို့ခံလူ ကိုသောင်းနဲ့ သူ့အမျိုးသမီးက ကိုယ်တို့ကို ညလယ်စာ လက်ဘက်ရည်လိုက်တိုက်သေးတယ်.. ခုတစ်ခေါက် သတိထားမိတာ နောက်တစ်ခုက ကိုယ်တို့အဖွဲ့ လက်ဘက်ရည်ဆိုင်တွေ ထမင်းဆိုင်တွေသွားရင် လူတွေက အထူးအဆန်းကြည့်ကြတယ်.. တကယ်ဆို ပုဂံလို နေရာမျိုးက လူစိမ်းဧည့်သည်ကို ထူးဆန်းနေတတ်တဲ့ နေရာဒေသမှ မဟုတ်ဘဲ.. ဒါမယ့် ကိုယ်တို့ပုံစံတွေက ခရီးသွားဧည့်သည်နဲ့ပဲ မတူလို့လား ဘာလားလဲမသိဘူး..
ဟာ ရေးရင်း ရှည်လျားလာပြီ ပျင်းလည်းပျင်းလာပြီ.. ပွဲနေ့ကို သပ်သပ်ထပ်ရေးမယ်ကွာ..
=)

No comments:
your comment please