မလင်းတော့တဲ့ကြယ်

ခွက်ထဲမှာ ကော်ဖီ တစ်စက်မှ မကျန်တော့..
ကျမ ဒီအတိုင်း ထိုင်နေမိတာ ဘယ်လောက်ကြာနေပြီလဲ မသိဘူး.. ရှေ့က လက်ပ်တော့လေးမှာတော့ ဖွင့်ထားပြီးသား Notepad လေးမှာ စာရိုက်ဖို့အသင့် ကာဆာလေးက မှိတ်တုတ်မှိတ်တုတ်နဲ့.. ဟုတ်တယ်.. ကျမ စာရေးမလို့ပါ.. ကျမ စာရေးရမယ်.. ကျမ စိတ်ထဲမှာ ရှိတဲ့အတွေးတွေ.. စိတ်ကူးတွေ.. ခံယူချက်နဲ့ ခံစားချက်တွေ.. အကုန်လုံးကို ဖွင့်ထုတ်ပြီးရေးပစ်လိုက်ရမယ်.. အရင်ကလိုပေါ့..

သို့သော် ဘာတစ်လုံးမှ ကျမ ချရေးလို့မရဖြစ်နေသည်.. စာရေးဖို့ တွေးထားစိတ်ကူးထားတဲ့ အချက်အလက်တွေ အကုန်ဘယ်ရောက်ပြီး ပျောက်ကုန်ကြသည်မသိ.. ခေါင်းထဲမှာ တဝဲလည်လည်တွေးမိနေသည်က "ငါ ဘာအတွက် စာရေးနေတာလဲ".. ထိုမေးခွန်းတစ်ခုထဲကိုသာ ထပ်ခါထပ်ခါ မေးမိနေပြီး အဖြေလည်း ရေရေရာရာမရှိဘဲ မောပန်း၍သာလာသည်.. ကျမ ဘာအတွက် စာတွေရေးနေတာပါလဲ..

ကျမ၏ စာတွေကို ဖတ်သူတွေအတွက် ကျမ ဘာတွေများပေးနိုင်သလဲ.. "စာဖတ်တဲ့လူတွေရဲ့ အချိန်တွေကို အလဟဿဖြစ်အောင် ဖြုန်းတီးမပစ်လိုက်ပါဘူးလို့ မင်းကိုယ်မင်း လိပ်ပြာလုံမှဖြစ်မယ်"လို့ ကျမကို တစ်ဦးတစ်ယောက်က သတိပေးဖူးသည်.. ကျမ လိပ်ပြာလုံပါရဲ့လား.. တခါတရံရေးတတ်သော ပန်းချီနှင့် သက်ဆိုင်သည့်ပို့စ်များ၊ သတင်းအတိုအထွာပို့စ်လေးများကလွဲလို့ ကျန်တာတွေက ကျမစိတ်ကူးစိတ်သန်းနှင့် ဖန်တီးထားသမျှ စာတိုပေစလေးများနှင့် ကျမ၏ အကြောင်းအရာ အဖြစ်အပျက်များသာဖြစ်နေတော့ ကျမ၏ လိပ်ပြာသည် လုံရမည်လား.. မလုံရဘူးလား..

စာရေးသားခြင်းကို ကျမ ချစ်ခင်မြတ်နိုးပါသည်.. စာတွေရေးနေရတာလည်းပျော်ပြီး စာတစ်ပုဒ်ပြီးသွားချိန်မှာ ရရှိသည့် ကျေနပ်ရောင့်ရဲမှုကလည်း ကြီးမားလှတော့ စာရေးခြင်းကို မစွဲလန်းဘဲလည်းမနေနိုင်.. ပြီးတော့ အတုအယောင်ခံစားယူရသည့် အနုပညာဆိုသည့် အရာကိုလည်း မမုန်းမေ့နိုင် မစွန့်လွှတ်နိုင်.. ကျမ၏ ဆယ်ကျော်သက်ဘဝသည် ခံစားမှု.. ဖန်တီးမှု.. စီးမျောမှုတို့ဖြင့်သာ အတိပြီးခဲ့သော တိမ်းမူးဖွယ်ကာလများဖြစ်သည်.. ဆေးရောင်များ.. ရုပ်ပုံများ.. သီချင်းသံများ.. .. သူငယ်ချင်း အချင်းချင်း ပြောဆိုသည့် စကားလုံးများသည်ပင် အခြားလူတို့ နားမလည်နိုင်.. ကျမ ပန်းချီကျောင်းတက်နေစဉ်တလျှောက်လုံး ပန်းချီက မဟုတ်သည့် အခြားသူငယ်ချင်းများ အခြားနယ်ပယ်ကလူများနှင့် စကားအပေါက်အလမ်းတည့်အောင် ပြောလို့မရခဲ့ပါ.. ကျမတို့ ကမ္ဘာသည် အင်မတန်သီးခြားဆန်စွာ တည်ရှိခဲ့၏..

ကျမ အသက် ၂၂ နှစ်ပြည့်သည့်အချိန်တွင် ကျမ ကျင်လည်ရာ ပတ်ဝန်းကျင်သည် အင်မတန် လက်တွေ့ဆန်သော.. ပြတ်သားသော.. ခံစားမှုကို အလုပ်၏နောက်တွင် တွန်းပို့ထားသော.. အပြောင်းအလဲ အသစ်တီထွင်မှုနှင့် အပြိုင်အဆိုင်များသော.. တွေဝေလွင့်မျောမှုကို မနှစ်သက်သော ပတ်ဝန်းကျင်ဖြစ်နေပြီ.. ၁၂ နှစ်တိတိ မျောလွင့်ပေတေပြီး လူ့အသိုင်းအဝိုင်းအပြင်မှာ ရောက်နေသော ကျမသည် သူတို့နှင့် အတူလိုက်ပါနိုင်ဖို့ ကမန်းကတမ်းကြိုးစား ပြောင်းလဲရတော့၏.. သူတို့က အတင်းတိုက်တွန်း ပြောင်းလဲခိုင်းသည်မဟုတ်ပါ.. လိုအပ်လာသော ရုပ်ဝတ္တုပစ္စည်းများကို ရရှိဖို့အတွက် ကျမ ကိုယ်တိုင်ကိုက လိုလိုလားလားပြောင်းလဲဖို့ ကြိုးစားမိခြင်းဖြစ်သည်..

သို့သော် နှမျောစရာ..
ကျမ၏ နွေးထွေးခံစားတတ်သော နှလုံးသားသည် တဖြည်းဖြည်းချင်း အသက်မဲ့လာသည်.. ကျမ၏ ထိုးဖောက်ပြောင်းလဲမြင်တတ်သော မျက်လုံးတို့သည် မှိုင်းမှုန်ကာဆီးတတ်လာသည်.. ကျမ၏ ထူးခြားအသက်ဝင်တတ်သော ဦးနှောက်သည်လည်း ယခင်လောက် တက်ကြွခြင်းမရှိတော့တာအမှန်.. ကျမ၏ အတွေးများ ယခင်လို လွတ်လပ်စွာ ပျံသန်းခြင်းမရှိတော့.. ကျမ၏ စိတ်ကူးစိတ်သန်းတွေ ယခင်လို မဖြစ်နိုင်သည့် စကြဝဠာမိုင်ပေါင်းထောင်ချီ ခရီးမသွားတော့.. ကျမ၏ ရသခံစားခြင်းအာရုံတို့လည်း ယခင်လို မထက်မြက်တော့.. ရုပ်ဝတ္တုပစ္စည်းများကို ရယူဖို့ လူနှင့်ဦးနှောက်က ကြိုးစားသောအခါ နှလုံးသားက စိတ်ညစ်သွားတော့သည်လား.. ကျမ လက်တွေ့ဆန်လာပြီ.. ထိုအချင်းအရာကို ကျမ၏ ခံစားမှုက လက်မခံဘူးလား.. ကျမ လိမ္မာလာပြီဟု လူကြီးတချို့က မှတ်ချက်ချတော့ မဲ့ပြုံးကိုသာ ခိုး၍ ပြုံးမိသည်.. "ကျမ ထောင်ကျသွားတာပါရှင်"..

ပိုက်ဆံတပြားမှ မရှိဘဲ ဘာအလုပ်မှလည်း မလုပ်ဘဲ နေချင်သလိုနေကာ ပန်းချီပဲ ဆွဲနေသည့် ကျမ အစ်ကိုဝမ်းကွဲကို မြင်တိုင်း အမေတစ်ယောက်လုံး ပင်ပင်ပန်းပန်း ရှာဖွေနေရသည်ကို မကူညီရကောင်းလားဟု ကဲ့ရဲ့ပြစ်တင်လျက်.. နေရဲလုပ်ရဲသော သူ့စိတ်ကိုလည်း တစ်ဖက်က အားကျမိနေတတ်သည်.. ကျမ သူ့လောက် သတ္တိမရှိသေးပါဘူး.. (သို့မဟုတ်.. ကျမ သူ့လောက် မမိုက်သေးဘူး).. ပြီးတော့ ကျမ သူ့လိုလည်း ချစ်သူကို နားလည်အောင် မရှင်းလင်းဘဲ ပစ်ဖယ်မနေနိုင်ဘူး..

ကျမ၏ အလှတရားကို ချစ်မြတ်နိုးမှုအပေါ် ကျမ ချစ်သူက နားလည်မပေးတတ်ချေ.. အင်္ကျီလှလှ ဖိနပ်လှလှမြင်သောအခါ သဘောကျတတ်သလိုပါပဲ.. မျက်စိထဲ အဆင်ပြေရာ ယောက်ျားမိန်းမများကိုလည်း ကျမသည် ချစ်သည်ဟု သုံးနှုန်းတတ်၏.. သူက ထိုစကားကို သည်းမခံနိုင်.. ထို ယောက်ျားမိန်းမများကို ချစ်သည်ဟု ဆိုလိုတာမဟုတ်ဘဲ သူတို့မှာ ရှိသည့် အလှတရားသက်သက်ကိုသာ သဘောကျခြင်းဖြစ်ကြောင်း သူလက်မခံချင်.. သူ မလွန်ဘူးဟုလည်း ကျမက သိနေတော့ ကျမ၏ စိတ်ရူးများကိုသာ ထိန်းချုပ်ရတော့၏.. ကျမမှာ မရှိသည့် ကွက်ကျော်မြင်တတ်ပြီး ပါးနပ်လွန်းသော သူ၏ဦးနှောက်အရည်အချင်းအတွက် ကျမက တန်ဖိုးထားသလို ကျမမှာရှိသည့် (သေးမွှားသည်ဆိုစေဦး) သူများနှင့်မတူသော အနုပညာချစ်စိတ်ကို ချစ်သူက နားလည်တာကို လိုချင်မိသည်.. သို့သော် ပုံမှန်လူအချင်းချင်းတောင် တစ်ယောက်နှင့် တစ်ယောက်နားလည်ဖို့ ဒီလောက်ခက်တာကွယ်.. ကျမလို ရူးနှမ်းနှမ်းမိန်းမကို သူ နားလည်ပေးဖို့က သိပ်လောဘကြီးရာ ကျမယ်ထင်ပါရဲ့..

ကျမသည် မျက်နှာကို ခုချိန်ထိ ပြန်စဉ်းစားလို့မရတော့သော ကောင်လေးတစ်ယောက်၏ နားရွက်တစ်စုံကိုလည်း တဖွဲ့တနွဲ့ ခံစားပြီးရေးခဲ့ဖူးသည်.. ပုဂံဧည့်လမ်းညွှန်မိန်းမတစ်ယောက်ကိုလည်း သဘောတကျနှင့် ဝတ္တုဇာတ်ကောင်လုပ်ခဲ့ဖူးသည်.. အသက်မရှိသော အရာဝတ္တုလေးများကိုလည်း အသက်သွင်းပြီး ရန်ပွဲတစ်ခုအသွင်ရေးခဲ့ဖူးပြီးပြီ.. မြင်မြင်လေသမျှ ကြားသမျှကို စိတ်ထဲထည့်ကာ စာတွေ ချရေးခဲ့ဖူးသော်လည်း အခုတော့ စာရေးခါနီးတိုင်း ဖိစီးနှိပ်စက်နေသည့် အတွေးတစ်ခုကို ဖယ်ထုတ်လို့မရသဖြင့် စာမရေးဖြစ်သည်မှာ ကြာနေပြီ.. "စာမရေးဘူးလား.. စာရေးလေ" လို့ ကျမ အစ်မက ခဏ ခဏ တိုက်တွန်း၏.. ရေးစရာမရှိဘူးလို့သာ ကျမ အမြဲပြန်ဖြေသော်လည်း ဒီတခါတော့ အစ်မကို စာရေးမရတော့သည့်အကြောင်း တိုင်တည်ပြောပြချင်လာပါသည်..

ကျမ စာရေးမလို့ စက်ကိုဖွင့်ပါတယ်.. ကော်ဖီတစ်ခွက်ကို အနားမှာ ချထားပြီး သောက်တယ်.. ကျမ တွေးတယ်.. တွေးတယ်.. တွေးတယ်.. တွေးတယ်..
တွေးတယ်.. ဒါပေမယ့်
ခွက်ထဲမှာ ကော်ဖီတစ်စက်မှ မကျန်တော့တဲ့အချိန်အထိ ဖွင့်ထားပြီးသား Notepad လေးမှာ ဘာတစ်ခုမှ စမရေးဖြစ်သေး..
အစ်မ..
ကျမ စာမရေးတတ်တော့ဘူး..

No comments:

your comment please

Powered by Blogger.