တမ်းတမြို့ငယ်

နင့်နင့်သည်းသည်း နာကျင်စေသော အလွမ်းများနှင့် နောင်တ တချို့တလေကြောင့် ကျမ နှလုံးသားထိခိုက်ခံစားရလွန်းသောအခါ ထိုမြို့လေးသို့ ရောက်အောင်သွားမှဖြစ်တော့မည်ဟု သဘောပေါက်စပြုလာပါသည်..

ပတ်ပတ်လည်တွင် တောင်တန်းများ မှိုင်းညို့ကာဆီးနေသော မြို့ကလေးက ကျမ၏ နှလုံးသားကို ကြံ့ခိုင်မာကျောစေလိမ့်မည်ထင်သည်.. ကျမကို ထိခိုက်စေနိုင်သော အကြည့်များ.. စကားသံများ.. ပြီးတော့ ကျမကို ညှို့ယူနိုင်သည့်၊ ကျမကို မိုက်မိုက်မဲမဲ အတွေးများ တွေးတောကြံစည်စေတတ်သည့် ပါးပြင်လေးတစ်ခု.. ထိုအရာအားလုံး ကျမထံသို့ရောက်မလာအောင် တောင်တန်းများက ကာကွယ်ပေးလိမ့်မည်.. တောင်တန်းတွေကို ကျမ ချစ်ခင်အားကိုးနိုင်မည် ထင်ပါရဲ့..

အေးမြခြောက်သွေ့သော လေညင်းများလွှမ်းခြုံပေးထားသဖြင့် ကျမနှလုံးသား၏ ရှုပ်ထွေးမှုများကို ဖယ်ရှားသက်သာစေဖို့ ကျမ မျှော်လင့်နေပါသည်.. ပူလောင်ပြင်းပြခြင်းမရှိသော ကြမ်းရမ်းထိခိုက်ခြင်းမရှိသော လေညင်းများကို ကျမ အမှန်တကယ်လိုအပ်နေပြီ.. ကျမရဲ့ နောင်တတွေကို ယူသွားပါကွယ်.. ကျမရဲ့နာကျင်မှုတွေကို ယူသွားပါ.. ဖြူစင်ခြင်းနဲ့ ရှင်းလင်းတဲ့ နှလုံးသားအခွံလေးပဲ ကျမကိုယ်ထဲမှာ ချန်ထားပေးခဲ့ပါနော်..

မောနင်းဂလိုရီဟုခေါ်သော ပန်းရောင်အပွင့်လေးများပွင့်သည့် မြက်ပင်လေးများ လမ်းဘေးတဖက်တချက်စီတွေမှာ ပေါက်နေတတ်သည် မြို့ကလေးက ကျမ ပြန်ပြီးပြုံးရွှင်ရယ်မောလာအောင်လည်း လုပ်ပေးနိုင်လိမ့်မည်.. တန်ဖိုးမကြီးသော်လည်း ချစ်စရာကောင်းသည့် အသွေးအရောင်နှင့် ပန်းပွင့်လေးများ မြင်လေရာမှာရှိနေသည်က မလှပလွန်းဘူးလား.. မြေနီလမ်းလေး.. မြက်ပင်စိမ်းစိမ်းလေးများနှင့် ပန်းရောင်ဂလိုရီလေးတွေ.. ပြီးတော့ စိန်ပန်းပြာများကြွေနေဦးမှာလား.. ကျမတော့ ထိုမြင်ကွင်းမျိုးကို မြင်ရတိုင်းမှာ ကဗျာတွေကို ချစ်ခင်လာတတ်သည်..

မိန်းကလေးတန်မဲ့နှင့်ပေမယ့် “အကြိုက်ဆုံးသောက်စရာတစ်ခု” ဟူသော အမေးခေါင်းစဉ်အတွက် အမြဲတစေ “ခေါင်ရည်”ဟု ဖြေတတ်သော ကျမအတွက် ချိုမွှေးအေးမြသော ကောက်ညှင်းစိမ်ရည်များကလည်း အသင့်စောင့်ကြိုနေလိမ့်မည်.. လူသူ ရှင်းလင်းပြီး တမြို့လုံးကို စီးမိုးမြင်ရနိုင်သည့် သဲကျောက်တောင်ကြီးတွေနားက အုတ်ခုံလေးမှာထိုင်၍ ကျမ ခေါင်ရည်သောက်တတ်မြဲ.. ဒီမြို့လေးမှာတော့ဖြင့် ကျမ ခေါင်ရည်ထိုင်သောက်နေသည်ဖြစ်စေ.. တယောက်ထဲ ရှိုက်ကြီးတငင် ငိုကြွေးနေသည်ဖြစ်စေ.. သီချင်းတွေကို ရင်ကွဲမတတ်အော်ဟစ်နေသည်ဖြစ်စေ နှာခေါင်းရှုံ့ မျက်မှောင်ကုပ်မည့်သူ မရှိဘူးလေ..

ပြီးတော့ သူတို့တွေ၏ ရယ်သံချိုချိုများ..
ခပ်ဝဲဝဲပေမယ့် နွေးထွေးချိုသာသော သူတို့စကားသံများ.. ကျမပေါ် ထားရှိသည့် လှိုက်လှဲသော ချစ်ခင်ရင်းနှီးမှု.. ကျမ၏ ဖြစ်တည်မှုနှင့် ကျမကိုယ်ကျမ ပြန်လည်ရှာဖွေတွေ့ရှိဖို့ အမြဲတစေ အထောက်အကူပေးနိုင်သော ရယ်သံများ.. ကျမ သူငယ်ချင်း ကောင်လေးနှစ်ယောက်သည် ကျမ၏ စိတ်နှလုံးဖြစ်သည်ဟုပြောလျှင် လူတော်တော်များများက မျက်နှာမဲ့ကြလိမ့်မည်ထင်သည်.. သို့သော် အဲ့ဒါက တကယ်ပါပဲ..

ကျမ၏ ဆုံးဖြတ်ချက်တိုင်းအတွက်.. ကျမ၏ ရပ်တည်မှုများအတွက်.. ကျမ၏ ခြေလှမ်းတိုင်းအတွက်.. ကျမ၏ ခံစားမှုတိုင်းအတွက်.. ကျမ၏ ပြောင်းလဲမှုတိုင်းအတွက်.. ကျမ၏ ပျော်ရွှင်မှုတိုင်း ဝမ်းနည်းမှုတိုင်း နာကျည်းမှုတိုင်း ကြည်နူးမှုတိုင်း.. ကျမ၏ အရာရာတိုင်းအတွက်.. သူတို့က မျှဝေခံစားကြသည်.. ထိုအရာရာတိုင်းအတွက် သူတို့၏ ထောက်ခံအားပေးမှုကို ကျမလိုအပ်သည်.. အင်းလေ.. အရာရာတိုင်းမှာတော့ သူတို့ ထောက်ခံကြသည်မဟုတ်ပါ.. တခါတရံ ကန့်ကွက်တားမြစ်တတ်သည်.. တခါတရံ အတင်းအကျပ် တိုက်တွန်းခြင်းများရှိတတ်သည်.. သို့သော် ကန့်ကွက်သည်ဖြစ်စေ ထောက်ခံသည်ဖြစ်စေ ထိုကိစ္စများကို သူတို့တာဝန်ယူကြသည်ဆိုသည့် သဘောထားကိုတော့ အမြဲပြလေ့ရှိသဖြင့် သူတို့ကို ကျမသိပ်ချစ်ပါသည်.. ဒါပေမယ့်လည်း အခြေအနေဆိုတာ ကိုယ်လိုချင်တိုင်း ဖြစ်လာရတတ်သည် မဟုတ်သဖြင့် ကျမတို့ သုံးယောက်သည် တနေရာစီဝေးကွာနေခဲ့ရသည်မှာ အတော်လေးကြာခဲ့ပြီ..

သူတို့နှင့် ဝေးကွာနေချိန်မို့လို့သာ ဒီလို နာကျင်စရာကိစ္စမျိုး ကျမဆီမှာ ဖြစ်ပေါ်ရပါသည်ဟု ကျမက ပြစ်တင်စွပ်စွဲလျှင် သူတို့ ခပ်ပြုံးပြုံးလက်ခံကြမည်လား သို့မဟုတ် ဝေဖန်ငြင်းဆန်ကြမည်လားမသိ.. သေချာသည်ကတော့ ဝေဖန်သည်ဖြစ်စေ လက်ခံသည်ဖြစ်စေ.. ကျမကို ဒီအဖြစ်အပျက် ဒီဒဏ်ရာကြီးမှနေ၍ သက်သာရာရအောင်တော့ သူတို့တတ်နိုင်ကြလိမ့်မည်.. ကျမကို သူတို့က တောင်တန်းကြီးများလိုပင် ပြန်လည်ကြံ့ခိုင်စေလိမ့်မည်.. လေညင်းများလိုပဲ အေးမြလုံခြုံစေလိမ့်မည်.. ကျမကို ပြုံးရွှင်ရယ်မောလာစေလိမ့်မည်.. ကျမကို အဖော်ပြုပြီး ခေါင်ရည်သောက်ကာ သီချင်းတွေအော်ဟစ်သီဆိုကြလိမ့်မည်..

သို့သော်
ထိုအရာများကို ရရှိဖို့ တမ်းတလွမ်းဆွတ်နေရုံဖြင့် မပြီးဘဲ ရောက်အောင်သွားဖို့တော့ လိုလိမ့်မည်..
ကျမဘက်က အားတင်းကြိုးစားစရာဆို၍ ခြေလှမ်းတစ်လှမ်းစလှမ်းလိုက်ဖို့ပဲ ကျန်ပါတော့သည်..

No comments:

your comment please

Powered by Blogger.