အကြွေစိပုံပြင်

အကြွေစေ့ ရှားပါးတဲ့ခေတ်မှာမှ ၁၀၀ ကျပ်တန် အကြွေစေ့လေး ၂ စေ့ရလာသောအခါ ကောင်လေးသည် ပျော်ရွှင်စွာဖြင့် ကောင်မလေးကို ပြလေသည်..
"နင် တစ်ခု ငါတစ်ခု သိမ်းထားရအောင်နော်"
ကောင်မလေးက ပြုံးသောအခါ ကောင်လေး၏ မျက်ဝန်းနက်နက်ကလေးများပါ လိုက်ပြီး ပြုံးရယ်ကြပါသည်..

×××××××

"အကြွေစေ့ နောက်တစ်ခုထပ်ရထားတယ်"
ဘောင်းဘီအိတ်ကပ်ထဲမှ အကြွေစေ့လေးကို ကောင်မလေးက ထုတ်ပြသောအခါ ကောင်လေးက အလိုမကျသလို မျက်မှောင်ကုပ်၏..
"နင်နဲ့ငါ တစ်ယောက်တစ်ခု ဆင်တူထားမှာလေ.. ဒါကို မယူထားနဲ့"
"ဒါဖြင့် ဒါကို ဘာလုပ်ရမလဲ.. အများကြီးလည်းမဟုတ်.. တရာထဲ"
လူစည်ကားသော မြို့လည်လမ်းမကြီး တစ်လျှောက် အတူတူလမ်းလျှောက်နေကြရင်း သူတို့ စဉ်းစားနေကြခြင်းဖြစ်သည်..

×××××××

"လာ.. ဘလေဇွန်ဝင်ပြီး ဈေးဝယ်ကြရအောင်"
စားသောက်ကုန်တန်း.. အလှကုန်တန်း.. မီးဖိုချောင်ပစ္စည်းတန်းများ.. သူတို့လိုချင်သည်ကို မတွေ့..
"စာရေးကိရိယာတန်းကို သွားကြည့်ရအောင်.. အဲ့မှာတော့ ရှိကိုရှိရမယ်"

နောက်ဆုံးတော့ သူတို့လိုချင်သော ပစ္စည်းကို တွေ့သွားကြပါသည်..
"ဘောလ်ပန်.. စာရွက်ညှပ်ကလစ်နဲ့ ခဲဖျက်.. ဘာယူမလဲ"
"ခဲဖျက်"
"ခဲဖျက်ဆို ဖျက်နေရမှာပေါ့.. မယူနဲ့လေ"
"အမှားတွေပြင်ပေးမှာလေ.. သူက.. မကောင်းဘူးလား"
ကောင်လေးက သဘောတူလက်ခံသွားသလို ပြုံးရယ်လိုက်သောအခါ ကောင်မလေးလည်း ခဲဖျက်ကလေးကို ကိုင်၍ ငွေရှင်းကောင်တာဆီ လျှောက်သွားလိုက်သည်.. ထို့နောက် တရာတန်အကြွေစေ့လေးကို ထုတ်ပေးလိုက်၏..
"ခဲဖျက်လေးတစ်ခုထဲဆိုတော့ အိတ်နဲ့မထည့်ပေးတော့ဘူးနော်.. ဒါထက် ရှားရှားပါးပါး အကြွေစေ့နဲ့ပါလား"
ငွေရှင်းကောင်တာမှ အမျိုးသမီးက ပြုံးပြုံးရယ်ရယ် တုံ့ပြန်သဖြင့် သူတို့ ပိုပြီးစိတ်အေးပျော်ရွှင်သွားကြပါသည်..

ထို့နောက် ကောင်မလေးသည် ခဲဖျက်လေးကို တဖက်ကကိုင် ကောင်လေးလက်ကို တဖက်ကတွဲကာ အိမ်အပြန်လမ်းကို လျှောက်ခဲ့တော့သည်..

No comments:

your comment please

Powered by Blogger.