အိုဘယ့်.. မြန်မာကြော်ငြာ

ခုတလောမှာ အတော်အမြင်ကပ်နေတဲ့ တီဗီကြော်ငြာတစ်ခုရှိတယ်.. ဘယ့်နှယ့်တော်.. ကြော်ငြာပုံက အဓိပ္ပါယ်ကိုမရှိ.. ပြောပြပါဦးမယ်.. ဒီလို ဒီလို..

ကြော်ငြာအစမှာ စီဒိုးနားဟိုတယ် ဆင်ဝင်အောက်မှာ ရပ်နေတဲ့ မိုးဟေကို အနားကို နေတိုးက ရောက်လာတယ်.. (နောက်ခံသီချင်းကလည်း ဆိုနေတယ်).. ပုံစံက တီရှပ်နဲ့ ဂျင်းပန်နဲ့ပေါ့နော်.. မိုးဟေကိုက နေတိုးကို ခြေဆုံးခေါင်းဖျားသေချာ ကြည့်လိုက်ပုံပြတယ်.. ပြီးတော့ နှာခေါင်းရှုံ့ပြီး ဟိုဘက်လှည့်သွားတော့ နေတိုးလည်း မျက်နှာလေးငယ်သွားတယ်.. အဲ့ဒိအချိန်မှာ နေတိုး ခုနက ဆင်းလာတဲ့ကား (အကောင်းစားပရာဒိုကားကြီး)ရဲ့ ဒက်ရှ်ဘုတ်ပေါ်မှာ တင်ထားတဲ့ အဲ့ဒိကုန်ပစ္စည်းဗူးလေးပေါ်ကနေ လေချွန်သံကြားလိုက်ရတယ်.. နေတိုးလှည့်ကြည့်လိုက်တော့ ဗူးလေးပေါ်က လူပုံလေးက “လာခဲ့ လာခဲ့”ဆိုတဲ့ စတိုင်နဲ့ လက်ယပ်ခေါ်တယ်ပေါ့နော်.. အဲ့ဒါနဲ့ နေတိုးလည်း အကြံရသွားပုံနဲ့ ပြုံးပျော်ရွှင်သွားတယ်.. ဒါကတစ်ကတ်..

နောက်တခါကျပြန်တော့ ခုနလိုပဲ မိုးဟေကိုရပ်နေတယ်.. နေတိုးက ကားပေါ်ကဆင်းလာပြီး အနားသွားပြန်တယ်.. ဒါမယ့် ဒီတစ်ခါတော့ သပ်သပ်ရပ်ရပ်သားသားနားနား ဝတ်ထားတယ်ပေါ့လေ.. အဲ့ဒိအခါကျ မိုးဟေကိုက အကဲခပ်ကြည့်ပြန်တယ်.. ကြည့်တာကလည်း အင်္ကျီတွေ ဆံပင်တွေကို မဟုတ်ဘူးတော်ရေ့.. မျက်လုံးက အောက်ဖက်နားကို ကြည့်တာ.. ပြီးလည်းပြီးရော ကြည်ကြည်သာသာပြုံးပြီး ခေါင်းလေးညိတ်ပြလိုက်တဲ့အခါကျတော့ သူတို့နှစ်ဦး လက်ချင်းတွဲပြီး ကားပေါ်တက်သွားရော..

နောက်ခံသီချင်းကလည်း “အကောင်းစား xxxx ပါ.. အကောင်းစား xxxxxx ပါ” ဆိုပြီး ဆိုနေသေးတာပေါ့.. ကဲ- အဲ့ဒါ ဘာကြော်ငြာတာလို့ ထင်သတုန်း..

မထင်တတ်ကြဘူးလား.. ဒါဆိုရင်တော့ ပြောပြရမှာပေါ့လေ.. အဲ့ဒါ .. အမျိုးသားအတွင်းခံဘောင်းဘီ ကြော်ငြာတာပါတဲ့တော်.. အတူအလုပ်လုပ်သော အစ်ကိုတော်များရဲ့ အခေါ်အဝေါ်အရတော့ “အဏ္ဏဝါ”တွေ ကြော်ငြာတာပေါ့.. (under ware မှ စကားလုံးရွေ့လျောကာ အဏ္ဏဝါဖြစ်လာခြင်း).. ဟင်- အဏ္ဏဝါကြီးကို ကြော်ငြာတာကလည်း ဘယ်လိုကြီးလဲလို့ မဖြစ်သွားကြဘူးလား.. ဒါတောင် တီဗီမှာ မမြင်ဖူးကြသေးဘူးဟုတ် ?? တီဗီမှာ မြင်ဖူးကြည့်ဖူးတဲ့လူတွေဆိုရင်တော့ သိမှာပါပဲ.. သူတို့ သရုပ်ဆောင်တဲ့ မျက်နှာတွေနဲ့ ပုံစံနဲ့ နောက်ခံသီချင်းကြီးနဲ့ ကြော်ငြာတဲ့ ကုန်ပစ္စည်းနဲ့က ဘာဆိုဘာမှ မဆိုင်.. လားလားမှ မဆိုင်.. အတော်ကြီးကို ကွေ့ကောက်ပြီး ညစ်တီးညစ်ပတ်တွေးတောရင်တော့ ဆိုင်သလိုပေါ့တော်.. ဒါပေမယ့် အများပြည်သူကြည့်တဲ့ တီဗီကြော်ငြာကြီးကို ဘယ်လိုအိုင်ဒီယာ ဘယ်လိုစိတ်ကူးနဲ့များ အဲသလိုကြော်ငြာရတာတုန်းတော့ နန်းညီလည်း မတွေးတတ်တော့ပါ..

ဒါကို ကြော်ငြာချင်ရင်လည်း တခြားနည်းလမ်းနဲ့ ကြော်ငြာလို့ မရတော့ဘူးလား.. ခုဟာက ဘယ်လိုကြီးတုန်း.. မင်းသမီးကလည်း မင်းသားကို အကဲခတ်တဲ့ပုံကလည်း ပါရသေးတယ်.. ခုနဝတ်လာတာကျတော့ မကြိုက်ဘူး.. ခု အဲ့သည့်တံဆိပ်ကိုကျမှ သဘောကျပြီး ပါသွားတယ်ဆိုတဲ့သဘောကြီးနဲ့.. အဲလိုဆိုပြန်တော့ရော သူက အထဲမှာ ဘာတံဆိပ်ဝတ်ထားလဲ မြင်တာကျလို့.. မြင်ပြန်ရင်တော့ရော.. အာ.. အို.. ဘာကို ဘယ်လိုဆက်ဝေဖန်ရမှန်းတောင် မသိတော့ပါဘူး.. အဲ့ဒိကြော်ငြာကြီး စလာတဲ့နေ့က အိမ်မှာ မိသားစုတွေ တူတူထိုင်ကြည့်နေရင်း ကြော်ငြာလည်းဆုံးရော “ဟင်”ဆိုပြီး တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်မိကြ.. “ဘယ့်နှာကြီးတုန်း”ပေါ့လေ.. အစ်ကိုကတော့ တဟားဟားထရယ်ပြီး “ဘာကြော်ငြာကြီးလဲဟ” လို့ ထအော်ပါသေး.. နန်းညီတို့ ညီအစ်မ နှစ်ယောက်လည်း ကြောင်တက်တက်နဲ့ ထိုင်နေကြပြီး ဘာဆက်ပြောရမှန်းလည်းမသိတော့ အူကြောင်ကြောင်နဲ့ပေါ့..

ဆက်စပ်မိသွားလို့ ဟိုးအရင် အမျိုးသမီးသုံးတွေ တီဗီမှာ စကြော်ငြာတုန်းက အဖြစ်အပျက်လေးကို မှတ်မိသေးတယ်.. (မှတ်မိတယ်ဆိုတာက စကားလှအောင်ပြောတာ တကယ်ကတော့ လူကြီးတွေပြန်ပြောပြလို့သိရတာ).. နန်းညီ အစ်ကိုဝမ်းကွဲက ခပ်ငယ်ငယ် ၁၀ နှစ် ဝန်းကျင်ပေါ့.. အဲ့ကြော်ငြာမျိုးတွေလာရင် သူက မေးတာ.. အဲ့ဒါဘာကြော်ငြာလဲပေါ့နော်.. အဲ့ဒါဘာလဲပေါ့.. အမေတွေ အဒေါ်တွေကိုမေးတော့ လူကြီးတွေကလည်း ဘယ်လိုပြောပြရမလဲမသိတော့ သူ့ကို ဆူ ဆူ လွှတ်တာပေါ့.. “ဟာ ဒီကောင်လေး လျှောက်လျှောက်မေးနေတယ် သွားစမ်း”ပေါ့.. အဲ့ဒါ သူက တစ်ယောက်ကိုမေးလည်း မဖြေ.. နောက်တစ်ယောက်ကိုမေးလည်း အော်ထုတ်ဆိုတော့ ဗလိုင်းကြီး အဆူကလည်းခံရ သိချင်တာလည်းမသိရဖြစ်တော့ စိတ်တိုပြီး ဒီလိုကျိန်းပါသတဲ့..

“ဟင်း နေနှင့်ဦးပေါ့ကွာ.. မုန့်ဖိုးတွေစုထားပြီးများလာမှ အဲ့ဒါကို ဝယ်ကိုစားပစ်ဦးမယ်” တဲ့..

ကိုင်း.. ကောင်းကြသေးရဲ့လား.. မြန်မာကြော်ငြာများ..

No comments:

your comment please

Powered by Blogger.