ကံဆိုးရှာသောပိန်ညောင်ကောင်

မနေ့က နန်းညီနှင့် နန်းညီ၏အချစ်တော် ခွေးလေးဘဂျမ်းတို့.. သနားစရာ့ သတ္တဝါလေးတစ်ကောင်အား လက်နက်မမျှစွာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြပါသည်..

အဖြစ်ပျက်လေးက ဒီလို..

နေ့လည်နေ့ခင်း မီးကလည်းပျက်နေသဖြင့် ပျင်းပျင်းအားအားရှိနေသော နန်းညီသည် အိမ်နောက်ဘက်အေးရိပ်လေးတွင် ကုလားထိုင်လေးတစ်လုံး ကော်ဖီလေးတစ်ခွက် စာအုပ်လေးတစ်အုပ်ဖြင့် နှပ်နေချေတော့သည့်တမုံ့.. သူ၏အသည်းကျော် ဘဂျမ်းမှာလည်း အနားတွင် ဝပ်စင်းရင်းမှေးငိုက်နေချိန်တွင်.. အိမ်ထောင့်ဘက်တစ်နေရာမှ ကလုံးကလုံး အသံများကိုကြားရသဖြင့် ၂ ယောက်သားဇိမ်ပျက်သွားရချေတော့သည်..

ဘဂျမ်းမှာ မှေးငိုက်နေရာမှ ဖျတ်လတ်နိုးကြားစွာဖြင့် ငေါက်ကနဲ ထလိုက်ပြီး အိမ်ထောင့်ရေပိုက်ကြီးနားဆီသွားရင်း တရှုံ့ရှုံ့အနံ့ခံနေချေတော့ရာ နန်းညီသည်လည်း ထူးခြားသောအကြောင်းခြင်းရာ တစ်စုံတခုတော့ရှိချေပြီဟု နားလိုက်လိုက်သည်နှင့် တပြိုင်နက် အနားရှိသော ဝါးလုံးပိန်သေးလေးကို ကောက်ယူဆွဲငင်ရင်း ဘဂျမ်းအနားသို့ အပြေးကပ်သွားလိုက်ချေသည်..

ရေပိုက်ထောင့်နားတွင် သစ်သားတုံးအချို့ကို ဆင့်မှီထားလျက် ထိုသစ်သားများအပေါ်တွင် ပလတ်စတစ်ပုံးတစ်ခုကို တင်ထားလျက်ရှိသည်.. ပလတ်စတစ်ပုံး၏ သဏ္ဍာန်ကို တိကျစွာပြောပြရမည်ဆိုလျှင်ကား လေးထောင့်ပုံသဏ္ဍာန်ရှိပြီး အဝကမူ အပေါက်ကျဉ်းအဝိုင်းပုံသဏ္ဍာန်ဖြစ်သည်.. ယင်းပုံးလေးကို မည်သည့်အတွက်ကြောင့် ထိုနေရာတွင်ထားသည်ကတော့ နန်းညီမသိနိုင်.. သူ၏အမေ စီမံသောအပိုင်းကဏ္ဍသာဖြစ်ချေ၍ ဝင်ရောက်စွက်ဖက်ခြင်းလည်း မပြုလုပ်ချေ..

ကလုံးကလုံးသံမှာ ထိုပုံးထဲမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး နန်းညီက ဝါးလုံးဖြင့် အသာဆွဲယူကြည့်လိုက်ချေသောအခါ..

လားလား.. အိမ်နံရံများပေါ်တွင် တွယ်ကပ်အသက်ရှင်တတ်သော.. ခြေလက်များမှာ ပလတ်စတစ်ပုံးနံရံကို ကောင်းစွာမြဲမြံကုပ်အားယူနိုင်သော ကပ်ယူနိုင်စွမ်းရှိပြီး ကိုယ်ခန္ဓာပေါ်တွင်လည်း အဖုအသီးများရှိသည့် တွားသွားသတ္တဝါတစ်ကောင်ကို တွေ့လိုက်ရတော့သည်.. ယင်းသတ္တဝါမှာ ရုတ်တရက် တွင်းနက်ကြီးထဲ ပြုတ်ကျသွားသဖြင့် ကြောက်လန့်တကြား သွေးရူးသွေးတမ်း ရုန်းကန်နေခြင်းကြောင့် ကလုံးကလုံး အသံများ ပေါ်ထွက်လာရခြင်းပေတည်း.. (ရှင်းရှင်းပြောရရင်တော့ အိမ်မြှောင်တစ်ကောင် သွားရင်းလာရင်း ပုံးထဲပြုတ်ကျတာပါပဲ)..

ဘေးတွင် လူနှင့်ခွေး အနားလာသည်ကို သိသွားသောကြောင့်လားမသိ.. အထဲမှနေ၍ သေချင်ယောင်ဆောင်ကာ ငြိမ်နေတော့သည်.. နန်းညီလည်း ဘာရယ်ညာရယ်မဟုတ်ဘဲ ဝါးလုံးဖြင့် ပုံးကို အပြင်မှရိုက်ကြည့်သော်လည်း အိမ်မြှောင်ငယ်မှာ မလှုပ်မရှက်သာ ရှိနေပြီး ဘဂျမ်းမှာလည်း အလွန်ပင် စိတ်ဝင်တစား အနံ့ခံရင်း ပုံးကို မမှီမကမ်းလက်ဖြင့် ရမ်းနေချေတော့ရာ နန်းညီမှာလည်း အိမ်မြှောင်ငယ်ကို သနားသောအားဖြင့် အခြားလွတ်ရာလမ်းကိုပေးမည်ဟု တွေးလိုက်မိပြီး ပုံးကို မယူလိုက်တော့သည်.. သို့သော် ပုံးကို မလိုက်သည်နှင့် တပြိုင်နက် အိမ်မြှောင်က လှုပ်ရှားရမ်းခါ ပြေးလွှားတွယ်တက် ကြောက်လန့်ရုန်းကန်ပြီး ပုံးကိုင်ထားသူ နန်းညီ၏လက်ပေါ် ပြေးတက်လာသောအခါ..

လန့်ဖျတ်သွားသော နန်းညီသည် ပုံးကို ယောင်မှားလွှတ်ချလိုက်မိပြီး ပုံးလေးလည်း မြေပေါ်ကျချေပြီ.. စောင်းမှောက်သွားသဖြင့် လွတ်လမ်းမြင်တွေ့ ပြေးထွက်လာသော အိမ်မြှောင်ငယ်လည်း ပုံးဝမှနေ၍ နှာခေါင်းကြီးထိုးဝင်လာသော ဘဂျမ်းကောင်ကြောင့် ဘရုတ်ဘရက်ဖြစ်ကာ ပုံးထဲပြန်ဝင်အပြေး.. နန်းညီကလည်း ဘဂျမ်းကောင်ကြီးရန်မှ အိမ်မြှောင်ငယ် လွတ်စိမ့်သောငှာ ပုံးကို ဝါးလုံးဖြင့်ဘေးဘက်သို့ ထိုးအရွှေ့.. ဘဂျမ်းကောင်ကြီးကလည်း အလန့်တကြားတဖက်သို့ ခုန်အရွှေ့..

ထိုအခါမှပင် ဘဂျမ်းကောင်ကြီးလက်တွင်းသို့ အိမ်မြှောင်ငယ် ဆိုက်ဆိုက်ကျလေတော့သတည်း.. သို့သော်

စိတ်မကောင်းမဖြစ်ကြပါချေနှင့်.. အိမ်မြှောင်လေး ဘယ်လိုပင် ငယ်သော်ငြား ပင်လယ်ကူးတတ်ပါသေးသည်.. သူတို့အား သဘာဝက ပေးထားသော ကာကွယ်နည်းအရ.. အမြီးကို ရုတ်တရက်ဖြတ်ချခဲ့ပြီး ဘယ်ဆီပြေးလေသည်မသိ.. ဘဂျမ်းကောင်ကြီးလက်ထဲတွင် တဖျတ်ဖျတ်လူးအပ်သော အမြီးလေးသာကျန်ခဲ့ချေတော့သည်.. အကောင်ကို ဖမ်းမိပြီဟုထင်ပြီးမှ လက်ထဲတွင် အမြီးပြတ်ထွန့်ထွန့်လူးကြီးသာ ရသော ဘဂျမ်းခမျာ အလန့်တကြား အမြီးပြတ်ကြီးကို လွှတ်ချလိုက်ပြီး ပတ်ချာလည်ရမ်းရင်း ဟောင်လျက်သာ ကျန်ခဲ့ချေတော့သည်.. ဝါးလုံးကြီးကိုင်ထားသော နန်းညီလည်း ထိုအခါမှပင် သက်ပြင်းချနိုင်ကာ တဆွေ့ဆွေ့ခုန်လျက်ရှိသော အိမ်မြှောင်မြီးပြတ်ကိုကြည့်ရင်း အသည်းယားရင်း ရရှိထားသော စာအုပ်မှဇိမ်လေးပျက်ကာ ကျန်ခဲ့ရချေတော့သည်တမုံ့.. .. .

ယနေ့ ဘဂျမ်း ကံမကောင်းပါတကား..

No comments:

your comment please

Powered by Blogger.