လောင်းကြေး
ခိုင်သည် ကိုအောင့်ပုံစံကိုမြင်ယောင်ကြည့်ရင်း တကယ်ပင်ရယ်မောလိုက်ချင်သလို ပျော်ရွှင် လာသည်.. စကားကို ဘယ်လိုနိုင်အောင် ပြောရမလဲလို့ အသည်းအသန်စဉ်းစား နေမည်လားမသိ.. ကိုအောင့်ကို စနောက်ရင်း စိတ်လက်ပေါ့ပါးလာ၏.. ဘယ်တော့မဆို အတွေးတွေ တူတူနေတတ်တဲ့ ကိုအောင်ဟာ ခိုင် စနောက်နေတာလား အတည်ပြောနေ သည်လားကိုကျတော့ ခွဲခြားမသိဘူးလားကွယ်..
“မဟုတ်သေးဘူးလေ ခိုင်ရ..”
“ဟုတ်ပါတယ် ကိုအောင်ရ”
“အာ..”
“အာမနေနဲ့… ရေးလေ.. ခုရေး”
“ချက်ချင်းကြီးတော့ ကိုယ်လည်း ဘယ်ရေးနိုင်ပါ့မလဲ.. ပြီးတော့ အခု လောင်းတဲ့အကြောင်းကလည်း ဖြစ်ရဦးမယ်”
“ရအောင်ရေးပေါ့”
“အာ”
ကိုအောင်က တအာအာနှင့် စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်.. ဒီလို ကပ်သီးကပ်သပ်တွေ ပြောတတ်မှန်းလည်းသိလျက်နဲ့ ကိုအောင်ဘာကြောင့် ခိုင်နှင့် အလောင်းအစားလုပ်သလဲ.. ခုမှ နောင်တရနေလို့တော့ မမှီတော့ပါဘူး.. ကိုအောင်နဲ့ခိုင် အလောင်းအစား လုပ်နေကြတာ.. ရှုံးတဲ့လူက ကဗျာတစ်ပုဒ်ရေးပေးကြေးရယ်လို့ပေါ့.. ဒါပေမယ့် တကယ်တမ်းကြတော့ နှစ်ယောက်စလုံး မနိုင်ကြ.. ဒီတော့ ကဗျာရေးကြေးကို ချေလိုက်မလားလို့ ခိုင်က အဆိုပြုပေမယ့် ကိုအောင်ကတော့ နှစ်ယောက်စလုံး တစ်ပုဒ်စီရေးကြမယ်လို့ ပြောပြန်သည်.. ကဗျာမရေးတတ်သော ခိုင်က အမျိုးမျိုးဈေးဆစ်နေသောအခါ ကိုအောင်က စာတစ်ပုဒ်ရေးပေးဖို့ လျှော့ချပေးခဲ့၏.. “ဒါဆို ကိုအောင်က ကဗျာကိုခုရေးပေး.. ပြီးတော့ တခြားအကြောင်း မဖြစ်ရဘူး.. ခု လောင်းကြတဲ့ အကြောင်းပဲဖြစ်အောင်ရေးရမယ်”လို့ တောင်းဆိုလိုက်တော့ ကိုအောင် ထိတ်လန့်တကြားဖြင့် ငြင်းဆိုတော့သည်..
“တခြားအကြောင်းပဲ ထားပါ ခိုင်ရာ”
စာသားတွေချည်းသက်သက်ပဲ မြင်ရပြီး အသံကို မကြားရပေမယ့် ကိုအောင့်အသံကို မှန်းဆကြားယောင်ကြည့်ရင်း ခိုင် အတော်လေးရယ်ချင်သွား၏.. တခါတလေ ကိုအောင်က ဒီလိုပဲ သိပ်ပြီး စနောက်လို့ကောင်းတာပဲ.. ခုမှသာ ကိုအောင့်ကို စနောက်ရဲတာ.. ကိုအောင်နှင့် စခင်တုန်းကတော့ ခိုင့်ထက် အသက်အတော်လေးကြီးသည်ထင်ခဲ့မိပြီး ရိုရိုသေသေပဲ စကားပြောဖြစ်သည်.. ကိုအောင်ကလည်း ခိုင့်ထက် ၁ နှစ်ပဲ ကြီးသူလို့ မထင်ရ.. စကားပြော တည်ငြိမ်လွန်းနေသည်.. သို့သော် ထိုအချိန်ကတည်းကပင် ကိုအောင်နှင့် ခိုင် တူညီတာတွေ သိပ်များမှန်းတော့ ၂ ယောက်စလုံး သတိထားခဲ့မိသား.. ပျင်းလွန်းလို့ အကြောင်းအရာတစ်ခုခုကို ငြင်းခုန်ကြမည်ဆိုတာတောင် ခိုင်တို့ကြားမှာ ငြင်းစရာမတူညီမှု ရှာလို့မတွေ့တတ်ကြ..
“ခိုင် လေးဖြူကို အငဲထက်ပိုကြိုက်တယ်မဟုတ်လား” ဆိုသည့် မေးခွန်းသည်ပင် ငြင်းခုန်မှုတစ်ရပ်အဖြစ် မရောက်သွားတတ်.. ခိုင်ကလည်း အငဲကိုသာ ပိုပြီး နှစ်သက်သူဖြစ်နေသည်ကိုး.. အပျင်းကြီးကြတာချင်း တူသည်.. စာကိုကြုံသလိုသာ ဖတ်တတ်ပြီး စွဲစွဲထင်ထင်သိပ်မရှိလှတာချင်းလည်းတူသည်.. လူအများနှင့်မတူဘဲ ကိုးလိုး ကန့်လန့်တွေ တွေးတတ် ခံယူတတ်ကြတာချင်းလည်းတူသည်.. ဘာသာရေးကို သီးသီးသန့်သန့် ပြင်းပြင်းထန်ထန် မခံယူကြတာချင်းလည်းတူသည်.. သေခြင်းတရားကို စပ်စုလှစွာ အသိနှင့် ဖြတ်သန်းလိုကြတာချင်းတူသည်.. ယုတ်စွအဆုံး လူတစ်ယောက်အပေါ် စွဲလန်းတမ်းတပုံချင်းတွေတောင် တူနေပြန်သေးသည်..
စကားတစ်ခွန်းကိုပြောချင်ပြီဆိုလျှင် စာကိုအမြန်ရိုက်ပြီး အန်းတားခေါက်ရတတ်သည်.. နည်းနည်းလေးမကြာလိုက်နှင့် ထိုစကားကို ကိုအောင်က ပြောပြီးသွားပြီ.. သူ့ဘက်က နှေးနေလျှင်လည်း သူပြောချင်သည့် စကားကို ခိုင်က ပြောပြီးသားဖြစ်နေတတ်သည်.. “စကားကို ဦးသူပြောတမ်း လုနေရသလိုပဲ”လို့ ကိုအောင်က ရယ်မောဖူး၏.. “အမြွှာတွေလား မသိဘူးနော်” လို့ ခိုင်ကပြောပြီးတော့ “တစ်နှစ်ကြီးတစ်နှစ်ငယ် အမေမတူ အဖေကွဲတဲ့ အမြွှာတွေ”လို့ ရေးနေတုန်းရှိသေးသည်.. ကိုအောင်က ထိုစကားကို ပြောလာပြီးဖြစ်နေ၏.. ထို့ကြောင့် “ထူးဆန်းသောအမြွှာတွေပေါ့”လို့သာ ပြန်ရိုက်လိုက်ရသည်.. “Clone တွေလား မသိဘူး”ဟူသော စကားကိုတော့ ပြိုင်တူပြောမိကြဖူး၏.. ပြီးတော့လည်း ရယ်မောနေကြတာပါပဲ..
တူပြန်ပြီ.. တူပြန်ပြီလို့ ပြောရပေါင်းများတော့ ပင်ပန်းလာကြပြီး မတူတာကြမှပဲ ပြောတော့မယ်လို့ သဘောတူထားလိုက်ကြသည်.. အခုထိတော့ မတူပါလားရယ်လို့ သေချာအငြင်းပွားစရာကိစ္စ မရှိသေး.. ဒါပေမယ့်လေ.. အကြီးမားဆုံး မတူညီမှုတစ်ခုကိုတော့ ခိုင် တမင်ပင်မေ့ဖျောက်ထားခဲ့တာ.. မဖြစ်နိုင်တဲ့စိတ်ကူးတွေအကြောင်း ခိုင်တို့ ပြောခဲ့ကြဖူးသည်.. “အသက်ကြီးလာတဲ့အခါ တောင်ပေါ်ဒေသလေးမှာ အေးအေးချမ်းချမ်းနေထိုင်နိုင်ဖို့”လို့ ခိုင်က ဖြေခဲ့တော့ ကိုအောင်က “ခိုင်ကလည်း အဲ့ဒါက မဖြစ်နိုင်တဲ့စိတ်ကူးမှာမဟုတ်တာ.. တကယ်ဖြစ်လာနိုင်တဲ့စိတ်ကူးပဲ ဥစ္စာ.. တခြားဟာပြောင်းပြော”လို့ ကန့်ကွက်ခဲ့၏.. ခိုင် ပြုံးသာပြလိုက်သည်.. မဖြစ်နိုင်လို့ပေါ့ကွယ်လို့ စိတ်ထဲကသာပြောလိုက်မိ၏.. မဖြစ်နိုင်လို့ပေါ့ ကိုအောင်ရယ်..
ကိုအောင့်လို အစ်ကိုမျိုးတစ်ယောက်သာ ခိုင့်မှာရှိခဲ့လျှင်တော့ ခိုင့်စိတ်ကူးက တကယ်ဖြစ်လာနိုင်မည်လားမသိ.. အခုတော့ ခိုင့်မှာ မွေးချင်းမောင်နှမလည်း မရှိသူမို့ ထိုစိတ်ကူးသည် မဖြစ်နိုင်သည့် စိတ်ကူးအဖြစ်မှာသာ ရပ်တန့်သွားခဲ့ရသည်.. “ကိုယ်လည်း အသက်ကြီးရင် အေးအေးချမ်းချမ်းပဲနေချင်တာ.. တကယ်ပဲ တောင်ပေါ်သွားပြီး ခြံစိုက်ရင်လည်းစိုက်.. ကျောင်းဆရာရင်လည်းလုပ်မှပါ”လို့ ကိုအောင်က ပြောခဲ့ဖူးတော့ ထိုစိတ်ကူးကို တကယ်ပင် အကောင်အထည်ဖော်ဖို့ အတင်းအကျပ်တောင်းဆိုမိပြန်သည်.. “ဖြစ်အောင်လုပ်ပါ အဲ့ဒိစိတ်ကူး.. ခိုင့်အတွက်ပါ ပိုပြီးဖြစ်အောင်လုပ်လိုက်ပါ”.. လို့ အတည်ပေါက်ကြီးပြောမိတော့ ကိုအောင်နားမလည်နိုင်ခဲ့.. “ဘာလို့လဲ ခိုင်ရ.. ခိုင်လည်း အသက်ကြီးရင် ဘန်ကောက်မှာ ဆက်မနေနဲ့လေ ပြန်လာပေါ့ မြန်မာပြည်ကို”ဟု တိုက်တွန်းနေခဲ့သေးသည်..
“ကိုအောင်.. ကဗျာရေးထားနော်.. ခိုင် အပြင်ခဏသွားဦးမယ်.. ပြန်လာရင် ရေးပြီးသား ဖြစ်ပါစေ”
“အာ.. ခိုင်”
ကိုအောင် ပြန်ရိုက်လာတဲ့စာတွေကို မဖတ်အားတော့.. သူနာပြုအစ်မကြီး “နမ်” အနားမရောက်လာခင် laptop လေးကို ပိတ်ပစ်လိုက်သည်..
“ဒီကလေးမလေး.. အင်တာနက်အကြာကြီး ကြည့်နေပြန်ပြီမဟုတ်လား”
ထိုင်းစကားသံများသည် ကြားခါစကတော့ အထူးအဆန်းဖြစ်ပြီး နားထောင်ရအတော်ခက်သော်လည်း ၂ နှစ်ကျော် နားထောင်ပြီးသည့်နောက်မှာတော့ နားဝင်ချိုလာသလိုပါပဲ.. နမ် က ခိုင့်ကို သန့်ရှင်းရေးလုပ်ပေး ဆေးတိုက်ပေးရင်း ဆေးရုံမှ လူသစ်များ လူဟောင်းများအကြောင်းကို တတွတ်တွတ်ပြောပြနေ၏.. အစုံပါပဲ.. ခိုင့်ကို နောက်တစ်ပတ်မှာ ခြင်ဆီဖောက်စစ်ကြဦးမည့်အကြောင်းရောက်တော့မှ ခိုင်သူ့ကို တားမြစ်လိုက်မိသည်..
“မပြောပါနဲ့တော့ နမ်.. စစ်လည်းအပိုပါပဲလို့ဆိုနေ.. တူညီတဲ့ခြင်ဆီကိုလည်းတွေ့မှာမဟုတ်ဘူး.. ရောဂါကလည်း တန့်နေမှာမဟုတ်ပါဘူးဆိုမှပဲ”.. ခု ၃ ၄ လအတွင်းမှာပင် ပို၍ ဆိုးဝါးလာသော ခိုင့်အခြေအနေကို ခိုင်သာအသိဆုံးပေါ့.. မွေးချင်းမောင်နှမသားချင်းမဟုတ် မိဘမဟုတ်ပါဘဲနဲ့ ရိုးတွင်းခြင်ဆီတူဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ.. ခိုင်မသိဘူးများ ထင်နေသလား..
ခိုင်က ဘာစကားမှ ဆက်မပြောတော့ဘဲ ငြိမ်နေသောအခါမှ နမ်က အနားကနေထွက်သွား၏.. သူ ထွက်သွားသွားချင်းပင် laptop လေးကို ခိုင်ပြန်ဖွင့်လိုက်သည်.. အွန်လိုင်းပေါ်ကို ခိုင်ပြန်ရောက်သွားတော့ ကိုအောင် အတော်လန့်သွားပုံရ၏.. “ဟာ ခိုင်ပြန်လာတာ မြန်တယ်.. ကိုယ် ဘာမှကို မရေးရသေးတာခိုင်ရ” တဲ့.. “မြန်မြန်ရေး.. ခိုင်လည်း ရေးတော့မှာ.. လောင်းကြေးစားကြေးလုပ်တဲ့အကြောင်း”..
“ခိုင်နဲ့ကိုယ် ရေးတာချင်းလည်း တူနေဦးမှာ.. ထပ်လောင်းဦးမလား”
“မတူလောက်ပါဘူး.. ခိုင်က လောင်းကြေးအကြောင်းတင်မကဘူး.. ခိုင်နဲ့ ကိုအောင် မတူဆုံးအချက်ကြီးကိုပါ ရေးမလို့လေ”
“ဟာဟ ဘယ်လောက်များမတူနိုင်မှာမို့လဲ”
“အကြီးအကျယ်ကို မတူတာပေါ့.. မတူတာကို သိလိုက်ရရင် ကိုအောင်လည်း သိပ်အံ့သြသွားမယ်”
“ကြည့်သေးတာပေါ့ ကိုယ်အံ့သြအောင် ရေးနိုင်ရင် ခိုင်လိုချင်တာတောင်း”
ခိုင်ပြုံးလည်း ပြုံးလျက် ရင်လည်း နာကျင်စွာတွေးမိသည်.. မတူဘူးကိုအောင်ရ.. ကံကြမ္မာချင်း မတူကြပါဘူး.. ကိုအောင်က အားအင်အပြည့်နဲ့ တက်ကြွပြီး အလုပ်တွေလုပ်နေချိန်မှာ ခိုင်ကတော့ အဖိုးအဖွားတွေရဲ့ ငွေတွေနဲ့ ဆေးကုနေရတာချင်း မတူကြဘူး.. ကိုအောင့်မှာ ချစ်ခင်စရာ အစ်ကိုတွေ အစ်မတွေရှိပေမယ့် ခိုင့်မှာတော့ ရိုးတွင်းခြင်ဆီလေး နည်းနည်းယူဖို့တောင် မောင်နှမ မရှိရတာချင်း မတူကြဘူး.. အသက်ကြီးလာတဲ့အခါ တောင်ပေါ်ဒေသလေးမှာ နေချင်တာချင်းတူတူ.. ကိုအောင်က ဖြစ်အောင်လုပ်နိုင်ပြီး ခိုင်က မဖြစ်နိုင်တဲ့ဘဝချင်းမတူကြပါဘူး..
ခိုင်သည် ရစ်ဝဲလာသော မျက်ရည်များကို မျက်တောင်များဖြင့် ပုတ်ခတ်ထုတ်လိုက်ပြီး notepad လေးကို ဖွင့်ကာ.. သူတို့လောင်းကြေးအကြောင်းကို စတင်ရေးသားလိုက်တော့သည်..
ကိုအောင့်ပုံစံကိုမြင်ယောင်ကြည့်ရင်း တကယ်ပင်ရယ်မောလိုက်ချင်သလို ပျော်ရွှင်လာသည်.. စကားကို ဘယ်လိုနိုင်အောင် ပြောရမလဲလို့ အသည်းအသန်စဉ်းစားနေမည်လားမသိ.. .. .. .. .. …

No comments:
your comment please