တိမ်ဦးလေပြေ

မိုးတွေညို့လို့လာပြန်ပြီ မေ.. မိုးရွာတော့မှာလား.. အနောက်တောင်ဆီက ညိုမဲပြီးတက်လာတဲ့ တိမ်တွေဟာ မိုးရွာစေတဲ့တိမ်တွေလို့ဆိုကြရဲ့.. ဘာရယ်လို့သတ်မှတ်ခွဲခြားဖို့ခက်တဲ့ အနံ့သင်းသင်းလေးရှိတဲ့ လေကလည်းတဖြည်းဖြည်းချင်းတိုက်နေပြန်တယ်.. ညင်သာတယ်ဆိုပေမယ့် ကြက်သီးလေးတွေထသွားလောက်အောင် အေးစက်စက်ခံစားရစေတယ်လေ.. ကိုယ့်အပေါ်တည့်တည့်ကောင်းကင်ကြီးကတော့ ကြည်လင်နေတုန်းပဲ.. နေရောင်ခပ်ကျဲကျဲတောင် မပျောက်သွားသေးပါဘူး..

မြင်ကွင်းက ဆန်းလိုက်တာ လှလိုက်တာမေရယ်.. အနားမှာရှိတဲ့ သစ်ပင်တွေ မြက်ပင်လေးတွေ လမ်းကွေ့ကွေ့လေးပေါ်မှာ နေရောင်က ခပ်ဖွဖွလေးနွေးတုန်းမှာ ဟိုးခပ်လှမ်းလှမ်းက တိုက်တန်းတွေ သစ်ပင်အုံ့အုံ့တွေကတော့ မိုးမှောင်မှောင်အောက် ရောက်နေကြပြီ.. အလင်းနဲ့ အမှောင် ခြားနားနေပေမယ့်လည်း ကောင်းကင်တစ်ခုထဲအောက်မှာ ရောထွေးနေကြတာ.. မထူးဆန်းဘူးလား.. နေရောင်နွေးနွေးအောက်မှာ ရပ်နေပေမယ့် မိုးနံ့ပါတဲ့လေအေးအေးက ကိုယ့်ဆံပင်တွေကိုလာတိုက်နေတာခံစားရတာ.. အနွေးနဲ့ အအေးတပြိုင်နက်ကိုယ်ရနေတာ မလှဘူးလား..


မေရေ.. နောက်သိပ်မကြာခင်မှာ မေဟာလည်း ကိုယ့်လိုပဲ နေရောင်အောက်က လေအေးအေးကို ခံစားရတော့မယ်.. တိမ်တွေမရောက်လာခင် ကြိုရောက်လာတဲ့ လေပြေဦးလေးနဲ့အတူ ကိုယ့်တမ်းတခြင်းတွေလည်းပါလာမှာကို မေသိမှာလား.. အဲဒိနောက်တော့ တဖွဲဖွဲကျလာတဲ့ မိုးစက်တွေဟာ နေရောင်အောက်မှာ တလက်လက်နဲ့ပေါ့.. အဲဒိမိုးစက်ကလေးတွေဟာ ကိုယ့်ကိုလည်းစိုစေပြီးပြီဆိုတာ မေသတိထားမိမလား.. ထီးဖွင့်ဆောင်းဖို့ ဒါမှမဟုတ် မိုးလွတ်ရာကို ခိုဝင်လိုက်ဖို့ မမီလိုက်ခင် မေ့ကိုယ်ပေါ်ကိုကျလာမယ့် ရွှေရောင်မိုးမှုန်လေးတွေထဲမှာ ကိုယ့်အထိအတွေ့ကို မေခံစားမိမလား.. အဲဒိနောက်တော့ နေရောင်ပျောက်သွားပြီး တိမ်ထုတွေ အောက်မှာ သည်းကြီးမည်းကြီးကျလာမယ့် မိုးစက်ခပ်စိတ်စိတ်လေးတွေကို မေ ပျော်ရွှင်ငေးမောနေမလား.. ဒါမှမဟုတ် မေ့ခရီးလမ်းကို နှောင့်နှေးစေတာပဲရယ်လို့ စိတ်ပျက်လက်ပျက်ကြည့်နေမှာလား..

တကယ်တော့ တိမ်တွေဟာ မရက်စက်တတ်ပါဘူးမေ.. မိုးစက်တွေကိုခေါ်ပြီး သူတို့လာတော့မယ်ဆိုတဲ့အကြောင်း လေပြေကိုလွှတ်ပြီး ကြိုအကြောင်းကြားပေးတတ်တာပဲမဟုတ်လား.. လူတွေကသာ လေကပြောတဲ့စကားကို သတိထားပြီး နားထောင်တတ်မယ်ဆိုရင် မိုးစက်တွေမစိုအောင် ပြင်ဆင်ဖို့ အချိန်ရကြမှာပဲပေါ့.. ခုတော့ လူတွေက လေပြေပြောတဲ့စကားကို နားထောင်ဖို့စိတ်အားလူအား မရှိကြလို့သာ အမှတ်တမဲ့နဲ့ ဖြစ်နေကြတာလေ.. ဒါပေမယ့်လည်း လေပြေလေးကတော့ သူ့တာဝန်သူကျေအောင် အမြဲကြိုးစားနေတာပါပဲ.. မိုးတိမ်တွေရဲ့တမန်တော်လေပြေလေးကို ကိုယ်ကတော့ သတိတရ ချီးကျူးမိတယ် မေရဲ့..

ဟော ပြောရင်းဆိုရင်း တလက်လက်နဲ့ မိုးမှုန်လေးတွေကျလာပြီ.. ကိုယ့်မိတ်ဆွေ လေပြေလေးရဲ့ အထိအတွေ့ကလည်း ပိုပြီးအေးစက်လာနေပြီ.. မကြာခင် မိုးစက်တွေ တဖျောက်ဖျောက်ကျလာလို့ လေပြေလေးလည်း ကိုယ့်အနားကခွာပြီး တခြားတနေရာကို ဆက်သွားတော့မယ်.. မိုးတိမ်တိုက်တွေလာနေပြီဆိုတဲ့အကြောင်း ကမ္ဘာသူ ကမ္ဘာသားတွေကို ပြောကြားပေးဖို့ပေါ့.. သွားတော့ လေပြေလေးရေ.. မေ့အနားကို ရောက်တဲ့အခါ မေသတိပြုမိအောင် သေချာလေးပြောပေးပါနော်.. မေမိုးမစိုအောင် ပြောပေးဖို့အတွက် ကိုယ်ကလွှတ်လိုက်တယ်ဆိုတာလည်း မေသိသွားပါစေ.. မေကလည်း အပူအပင်တွေ စိတ်ရှုပ်ထွေးမှုတွေကို ခဏဘေးဖယ်လို့ ကိုယ်ကစေလိုက်တဲ့ တိမ်ဦးလေပြေလေးနဲ့ နားလည်တူညီစွာ ပျော်ရွှင်နိုင်ပါစေကွယ်..

No comments:

your comment please

Powered by Blogger.