မိုးရေထဲကပုံပြင်

ရုတ်တရက် မိုးကရွာချလိုက်တော့ သူတော်တော်လေး အထိတ်တလန့်ဖြစ်သွားသည်.. မိုးခိုစရာနေရာက ချက်ချင်းရှာမတွေ့.. သူငယ်ချင်းတွေ ဘယ်ကိုသွားပါလိမ့်.. သူငယ်ချင်းတွေ ဘယ်မှာခိုနေပါလိမ့်.. အဖော်ကွဲပြီး လမ်းပျောက်နေရတဲ့ကြားထဲ မိုးကပါ နှိပ်စက်ရက်တယ်ကွယ်..

သူငယ်ချင်းများကို ရှာနေကတည်းက သူတော်တော်မောနေခဲ့ပြီ.. ဗိုက်ကလည်း ဆာပြီ.. စားစရာကလည်း ရှာရခက်သား.. ဟော- ဟိုရှေ့နားမှာ ခေါင်မိုးစွန်းလေးတစ်ခု.. သို့သော် အနားရောက်မှ စိတ်ပျက်သွားရသည်.. သူ့လိုဘဝတူတွေ အပြည့်.. သူ့အတွက် နေရာမရှိတော့.. တစ်ကိုယ်လုံးခိုဝင်ဖို့မပြောနဲ့ ခြေလေးတစ်ဖက်တောင် ချလို့ရတော့မယ်မထင်.. သူ ရှေ့ဆက်ထွက်ခဲ့သည်..

မိုးကပိုပြီးသည်းလာပြီ.. ခိုစရာတစ်နေရာကို တွေ့မှဖြစ်မည်.. ဒီထက်ပိုပြီး သူသွားနိုင်တော့မည်မထင်.. ခုတောင် ရေစိုသဖြင့် သူ့တောင်ပံတွေလေးလာပြီ.. မနည်းကို အားတင်းခတ်နေရ၏.. ဒီထက်ဆက်ပျံနေရလျှင် သူ ပြုတ်ကျတော့မှာ.. ခေါင်မိုးစွန်း.. သစ်ပင်အုပ်အုပ်.. မိုးလွတ်ရာ ခိုစရာ.. ခိုနားစရာ..နေရာ နေရာ.. ...

လေက ဖြုန်းကနဲ တိုက်လိုက်ပြန်သည်.. ရေစိုနေသော သူ့တောင်ပံများက သူလိုရာသို့ တွန်းခတ်ပို့မပေးနိုင်တော့.. လေတိုက်သည့်ဘက် သူထိုးဆင်းသွားသည်.. မတတ်နိုင်.. အနီးဆုံး ခေါင်မိုးတစ်ခုပေါ် သူနားလိုက်သည်.. မိုးစက်များက သူ့ကိုယ်ပေါ်သို့ အညှာအတာမဲ့စွာ ကျဆင်းလာ၏.. ချမ်းလွန်းနေသော်လည်း လောလောဆယ်တော့ အတောင်ညောင်းသက်သာနေသေးသည်.. ပြီးတော့ အသက်ခပ်ဝဝရှူခွင့်ရနေသေးသဖြင့် တော်သေးသည် ဆိုနိုင်သည်..

သို့သော် ဒီမှာကြာရှည်နေလို့တော့မဖြစ်သေး.. ချမ်းလွန်းသဖြင့် သူသေသွားနိုင်သည်.. တရှိန်ထိုး ဆင်းလာကြသည့် မိုးစက်တွေကလည်း သူ့ကိုယ်ခန္ဓာသေးသေးကို နာကျင်စေပြန်၏.. မျက်လုံးရှေ့မှာ တင်နေသော မိုးရေစက်များကို ခါထုတ်ပစ်လိုက်ပြီး ပတ်ပတ်လည်ကို စူးစမ်းလိုက်သည်.. ဘယ်နေရာကြည့်ကြည့် တိုက်ခေါင်မိုးတွေချည်းပါပဲလား.. အရမ်းကြီးမကြာသေးသော ကာလကပင် သူတို့အတွက် နေထိုင်စရာသစ်ပင်တွေ အများအပြားရှိခဲ့သေးသည်.. ခုတော့ ခိုနားစရာနေရာက ရှားပါးလိုက်တာ..

ဟိုဟိုဒီဒီကြည့်နေရင်းနဲ့ပဲ တိုက်တစ်ခု၏ဝရံတာအမိုးစွန်းလေးကို လှမ်းမြင်လိုက်ရသည်.. သူနားနေသော ခေါင်မိုးနှင့်ဆိုလျှင် အနည်းငယ်ဝေးသေးပြီး အနည်းငယ်လည်း ပိုမြင့်နေသည်.. သူ ရောက်အောင် သွားနိုင်ပါ့မလား.. မသွားလို့လည်း မဖြစ်.. ရောက်မှဖြစ်မည်.. တခြားတစ်ယောက် အဲ့ဒိနေရာကို မရောက်လာခင်.. ဒီထက်ပိုပြီးတောင်ပံတွေ ရေမစိုခင်.. ဒီထက်ပိုပြီး သူ့ကြွက်သားတွေ တောင့်တင်းမအေးခဲခင်.. ...

ကိုယ်ခန္ဓာပေါ်မှာ ရေများကိုတဖျတ်ဖျတ်ခါထုတ်လိုက်ပြီး အားတင်းကာ သူစတင်ပျံသန်း၏.. လေက ဝေ့ပြီးတိုက်လာပြန်သည်.. ကံကောင်းစွာပင် သူသွားလိုရာဘက်သို့ တိုက်နေသဖြင့် တောင်ပံများကိုဖြန့်ကာ အသာလေးခိုစီးလိုက်သည်.. ဝရံတာဘက်ကိုတော့ ဦးတည့်သွားပေမယ့် ရေစိုသဖြင့် လေးနေသော သူ့တောင်ပံများက သူ့ကိုအောက်ဘက်စိုက်ဆင်းခေါ်သွားသဖြင့် ဝရံတာအမြင့်ကိုရောက်အောင် အလန့်တကြား ပြန်၍ခတ်လိုက်ရသည်.. ဒီအမြင့်လေးကိုတက်ရတာပင် သူ့အတွက် တော်တော်လေးမောဟိုက်နေပြီ..

ဝရံတာကိုရောက်မှ သူထင်သလောက် မကျယ်ဝန်းမှန်းသိလိုက်ရသည်.. လက်ရန်းတွေက မိုးပက်သဖြင့် စိုရွှဲနေ၏.. ပြတင်းပေါက်နှင့် ဝရံတာလက်တန်းဆုံရာ ထောင့်စွန်းလေးတစ်နေရာသာ ကွက်ကွက်ကလေး ခြောက်သွေ့နေ၏.. အဲသည့်လောက်နေရာလေးကပင် မဆိုး.. သူထိုနေရာသို့ တိုးသွားလိုက်ပြီး ရေစက်များကို အားပါးတရခါထုတ်လိုက်သည်.. မိုးမှုန်များပါဝင်နေသော လေတိုက်သဖြင့် အနည်းငယ်အေးသည်ကလွဲလို့ မိုးရေစက်များ သူ့အပေါ် တိုက်ရိုက်မကျ.. ခေါင်မိုးပြင်ကြီးပေါ်မှာလောက် မအေး.. တဖြည်းဖြည်းချင်း သူ့တောင်ပံများခြောက်သွေ့သွားလိမ့်မည်.. မိုးကလည်း မကြာခင်တိတ်သွားမှာပဲ..

ခေါင်းကလေးကိုအသာပု၍ အနားယူရန် သူပြင်နေတုန်းမှာပဲ သူ့နောက်ဘက် မှန်တံခါးမှ ဒုန်းကနဲ အသံကြီးကို ကြားလိုက်ရသဖြင့် အလန့်တကြားပျံသန်းခဲ့ရပြန်သည်.. မိုးရေထဲမှာ တစ်ပတ်လောက်ပျံပြီးမှ ဝရံတာဘက်သို့ သူပြန်လာကြည့်တော့ ပြတင်းပေါက်မှာ ကောင်လေးနှစ်ယောက်ကို မြင်ရသည်.. သူ့ကို လိုလားပုံမရပါ.. ကောင်လေးတစ်ယောက်က ပြတင်းပေါက်မှန်တံခါးကို ဒုန်းကနဲ တစ်ချက်ထပ်ထုပြန်၏.. “H5N1 ကြီးကွ” ဟူသော သူနားမလည်သည့်စကားတစ်ခွန်းကို အချင်းချင်းပြောကြသေးသည်.. ဝရံတာလေးမှ ဝေးရာသို့ ဝမ်းနည်းစွာသူ ထွက်ခွာလာခဲ့ရပြန်ပါသည်..

မွန်းလှပြီ.. ချမ်းလှပြီ.. အတောင်တွေလည်းညောင်းနေပြီ.. မိုးလွတ်ရာနေရာလေးတစ်နေရာ ခိုဝင်စရာနေရာလေးတစ်နေရာတောင် သူရှာမတွေ့နိုင်တော့ဘူးလား.. မျက်လုံးများပြာဝေလာပြန်သည်.. ဘယ်နေရာကို ဦးတည်ပျံသန်းရမလဲမသိတော့.. မိုးမှုန်တွေကြောင့်ရော မောပန်းလွန်းတာကြောင့်ရော သူ့မြင်ကွင်းတွေ ရှင်းရှင်းလင်းလင်းမရှိဖြစ်နေသည်.. လေတိုက်လိုက်ပြန်တော့ သူပြိုယိုင်သွားပြန်သည်.. မတတ်နိုင်တော့ပါ.. ထပ်ပြီးတွန်းကန်ပျံသန်းဖို့ အင်အား သူ့မှာမရှိတော့.. အောက်ဘက်သို့ တရိပ်ရိပ်ထိုးဆင်းနေရင်း “ပွမ်”ဟူသော ဟွန်းသံတစ်ခုကိုသာ နောက်ဆုံးကြားလိုက်ရပြီး သူ့ကမ္ဘာကြီး
မှောင်မိုက်.. .
အေးချမ်း .. သွား. ....


(မိုးသည်းသည်းနေ့လည်တစ်ခုမှာ မြို့လည်ခေါင် ၅ ထပ်အမြင့်ပြတင်းပေါက်ကနေ အပြင်ကိုငေးကြည့်နေခဲ့ပါတယ်.. ငှက်ကလေးတစ်ကောင် မိုးရွာထဲမှာ ဟိုဘက်ပျံလိုက် ဒီဘက်ပျံလိုက်နဲ့ လူးလားခတ်နေပြီး ခဏကြာတော့ မျက်စိရှေ့မှာတင်ပဲ ကားလမ်းမပေါ် ထိုးကျသွားတာ.. ၃.၆.၂၀၀၉ ခုနှစ် ဗုဒ္ဓဟူးနေ့.. ပုံကို google မှာရှာကာ ပြန်ပြီးပြင်ဆင်ထားပါတယ်)

No comments:

your comment please

Powered by Blogger.