လိမ္မော်ရောင်ရေကန်ပုံပြင်

ရေကူးကန်မျက်နှာပြင်သည် ကြည်လင်စွာငြိမ်သက်လျက် လိမ္မော်ရောင်မျက်နှာပြင်ကြီးတစ်ခုလိုဖြစ်လျက်ရှိသည်.. ရေကန်မှ ရေသည်အေးစက်နေမလား.. ကြည့်ရသလောက်တော့ အေးမည့်ပုံပါပဲ.. ဗွမ်းကနဲဆင်းချလိုက်လျှင် ရေအေးအေးများက အသားကို ဓားအစင်းပေါင်းများစွာနဲ့ မွှန်းလိုက်သလိုများ နာကျင်စေမှာလား.. နှာခေါင်းတွေ ပါးစပ်တွေထဲ ရေတွေဝင်လာကာ မွမ်းကျပ်ခံစားရစေမလား.. ဒါပေမယ့် ဂရုမစိုက်ဘဲ ရေထဲကိုထိုးဆင်းလိုက်တော့ ထင်သလောက်လည်း မအေးလှပဲ နွေးနွေးလေးနှင့်ကူးလို့ကောင်းရုံပင်.. နှာခေါင်းထဲရေတွေဝင်လာပေမယ့် ဆိုးဆိုးဝါးဝါးမဟုတ်လှပဲ သည်းခံလို့ရနေသဖြင့် တော်ပါသေးသည်..

လိမ္မော်ရောင်ရေများ၏ ဟိုးအတွင်း အနက်ရှိုင်းဆုံးနေရာထိ လျှောက်ဝင်လာခဲ့သည်.. ရေကူးကန်အောက်ခြေမှာ တချို့မြက်ခင်းများက စိမ်းစိုလျက် တစ်ချို့မြက်ခင်းများကတော့ အရိုင်းဆန်စွာ တောထလျက်ရှိသည်.. ရေထဲမှာမို့ထင်သည်.. သစ်ပင်များကလည်း ပုတိုတိုတွေလိုလို.. တကယ်တမ်းအနားကပ်ကြည့်မိပြန်တော့ ရှည်လျားမြင့်မားစွာ မျှော်ကြည့်လို့မဆုံးနိုင်အောင်ဖြစ်လျက်ရှိပြန်သည်.. ဘာပင်မှန်းမသဲကွဲသည့် ပင်စည်ဖြောင့်မတ်မတ်အပင်ပေါ်မှာ ငှက်တော်တစ်ကောင်ကိုမြင်ရသည်.. လှလိုက်တာ..

ရေကန်ကို ဟိုဘက်ဒီဘက် အလျားလိုက် ၂ ခေါက်လျှောက်ပြီးပေမယ့် ရှာနေသော အိမ်ကိုမတွေ့သေး.. ပင်ပန်းနွမ်းလျစွာ ရေကန်မျက်နှာပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်.. မဖြစ်ဘူး.. ဒီအတိုင်းတော့မဖြစ်ဘူး.. တစ်ယောက်ယောက်ကို မေးမှဖြစ်လိမ့်မည်ထင်သည်.. တွေးနေတုန်းမှာပဲ သူ့ကို မြင်လိုက်ရသည်.. ဒုက္ခရောက်တိုင်း လိုအပ်နေတိုင်း ပြင်းပြင်းပြပြတောင့်တလိုက်တိုင်း အနားသို့ရောက်ရောက်လာတတ်သူ.. အခုလည်းပဲ ရေကန်အောက်ခြေမှာ စက်ဘီးလေးနဲ့ဖြတ်သွားတာမြင်လိုက်ရပြန်သည်..

အမြန်ကူးခတ်ပြီး သူ့အနားရောက်သွားတော့ သူက အံ့သြသလိုကြည့်နေသည်.. “မင်းဒီကို ဘယ်လိုရောက်နေတာလဲ”လို့များ မေးလိုက်တာလားမသိ.. “အိမ်တစ်အိမ်လာရှာတာပါ”လို့ ဖြေလိုက်မိသလိုပဲ.. သူက လက်ကိုဆွဲလျက် ရှေ့သို့ဆက်လျှောက်သွားသည်.. သူ့ခြေလှမ်းတွေက ရေထဲမှာလည်း ခပ်ကျဲကျဲခပ်မြန်မြန်ပဲနော်.. လက်ကိုသာဆွဲပြီး မသွားနေဘူးဆိုလျှင် နောက်မှာကျန်ခဲ့တော့မှာ သေချာနေသည်..

ဟင်.. ခုနက အခေါက်ခေါက်အခါခါ ကူးနေခဲ့ပေမယ့် ဒီအိမ်ကိုမမြင်ခဲ့.. ခု သူကလိုက်ပြလိုက်တော့လည်း အလွယ်တကူပဲ ရှာလို့တွေ့တာပါပဲလား.. အဝါရောင်အိမ်လေးသည် ရေကန်အောက်ခြေမှာ ငြိမ်သက်အေးချမ်းစွာ ခြံထဲမှာ နှင်းဆီပန်းအများအပြားပဲ ပွင့်လန်းလျက်ရှိသည်.. ခြံတံခါးက ပိတ်ထားတော့ ဘယ်လိုဝင်ရပါ့မလဲလို့ သူကတွေးပြီး စိတ်ပူနေသည်.. “အို ဒီလိုပဲ အပေါ်ကနေကျော်ပြီးဝင်မှာပေါ့”လို့ ပြောပြောဆိုဆိုပင် ခြံစည်းရိုးတံခါးပေါ်မှ ကျော်ကာ ကူးပြီးဝင်လိုက်တော့ ခြံထဲကပန်းပင်တွေကြားထဲရောက်သွားတော့သည်.. ကဲ- အဆင်မပြေဘူးလား..

သူက သဘောကျသလို ပြုံးရယ်ကာ စက်ဘီးလေးကိုနင်းပြီး ထွက်သွားတော့သည်.. သူ့ကျောပြင်ကိုကြည့်ရင်း ကြည့်ရင်းနဲ့ပင် ရေမှုန်များက တဖြည်းဖြည်းခြားနားကာ ဝေဝါးပျောက်ကွယ်သွား၏.. လွမ်းစရာကောင်းသလိုလိုပဲကွယ်.. သူနဲ့တွေ့တဲ့အမှတ်တရအဖြစ်သိမ်းထားရန် ရည်ရွယ်ပြီး ရေနည်းနည်းကို လက်ဖြင့်အသာခပ်ယူလိုက်သည်.. လိမ္မော်ရောင်တောက်တောက် ရေများက လက်ထဲမှာကျတော့ ပိုပြီးလိမ္မော်ရောင်သမ်းကာ လှပပြီး ချစ်စရာကောင်းနေသေးသည်.. နူးနူးအိအိနှင့် ကိုင်လို့ကောင်းပေမယ့် အနည်းငယ်လည်း လေးလံနေသလိုပါပဲ..

ကျောနောက်ဘက်မှ အိမ်တံခါးဖွင့်သံကိုကြားလို့ လှည့်ကြည့်လိုက်တော့ အမြဲချိုသာနှစ်လိုဖွယ်ကောင်းနေတတ်သော ဖိုးဖိုးကိုပြုံးရယ်လျက်တွေ့လိုက်ရသည်.. “အိမ်ထဲဝင်လေ မြေးလေး”လို့ ကြိုဆိုနေသလိုပင်.. အား - ပျော်စရာကောင်းလိုက်တာ.. နောက်ဆုံးတော့ အိမ်ကို ပြန်ရောက်လာရပြီ.. အိမ်ထဲဝင်သွားရင် ဖွားဖွားရော.. ဖေဖေနဲ့မေမေရော.. ကိုကိုရော ညီမလေးရောက စောင့်ကြိုနေလိမ့်ဦးမည်ထင်သည်.. ဒီလိုဆိုပြန်တော့လည်း ရေမွမ်းခံ အအေးခံပြီး ဒီအထိဆင်းလာရကျိုးနပ်သားပဲ.. လက်ထဲက လိမ္မော်ရောင်ရေထုလေးကို အိတ်ကပ်ထဲအသာပြောင်းထည့်ပြီး ပျော်ပျော်ရွှင်ရွှင်ရယ်ပြုံးလျက် အိမ်ထဲပြေးဝင်ခဲ့လိုက်၏..

အိမ်တံခါးလေး ပိတ်သွားလေသည်.. ရေကန်သည် ပြန်လည်ငြိမ်သက်လျက် လိမ္မော်ရောင်မျက်နှာပြင်ကြီးတစ်ခုလို ကြည်လင်စွာတည်ရှိလျက်နေပြန်တော့သည်..

No comments:

your comment please

Powered by Blogger.