သူမ

အမျိုးသမီးကိုမြင်မြင်လိုက်ချင်းပဲ ဒီလေ့လာရေးကိုလိုက်လာမိတာ မှန်သွားပြီလို့သိလိုက်သည်.. သူ့မျက်နှာက အတော်လေးကို ကျက်သရေ ရှိသည်.. သို့သော် အေးချမ်းတည်ငြိမ်သောမျက်နှာမျိုးတော့မဟုတ်.. ထက်မြက်စူးရှသောမျက်ဝန်းများ.. ဖြောင့်စင်းစင်းနှာတံ.. ပိရိ၍ပြတ်သားမည့်ပုံပေါ်သည့် နှုတ်ခမ်း.. ခပ်ဝိုင်းဝိုင်းမျက်နှာကျနှင့် ခေါင်းဆောင်မှုစွမ်းရည် အပြည့်အဝရှိမည့်ပုံမျိုး.. သူ့ကားပေါ်မှာ ပါလာသည့် ခရီးသည်အားလုံးကို စိတ်အညိုအငြင်မခံစေဘဲ သို့သော် စည်းကမ်းလည်းသေဝပ်စွာ သူထိန်းသိမ်းသွားနိုင်လိမ့်မည်ထင်သည်..

နောက်ဆုံးနှစ် ပန်းချီကျောင်းသားများ၏ လေ့လာရေးခရီးစဉ်မို့ သွားလာမည့်နေရာသိပ်မများ.. သို့သော် တစ်နေရာရောက်ရင်ဖြင့် မပြီးနိုင်မစီးနိုင်ကြာမှာက သေချာနေသည်.. ပုဂံဘုရားနံရံများမှ ဆေးရေးပုံများကို မှတ်စုတွေထဲကူးမည်.. ကနုတ်တွေလေ့လာရမည်.. သမိုင်းနောက်ခံအကြောင်း အနည်းငယ်သိဖို့လည်းလိုဦးမည်.. ပတ်ဝန်းကျင်အဆင်ပြေသောဘုရားဆိုလျှင် အောက်ဒိုးရေးကြမည်.. ပန်းချီနှင့်ပတ်သက်သောလိုအပ်ချက်များကိုမေးလိုပါက ကူညီပေးဖို့ ကျောင်းမှ ကထိက ဆရာ ၂ ယောက်၊ ဆရာမ ၁ ယောက်ပါလာပြီးပြီ.. သို့သော် ဘုရားနောက်ခံသမိုင်းတွေနှင့် ဒေသန္တရဗဟုသုတတွေ.. နယ်မြေအခြေအနေတွေနဲ့ ခရီးစဉ်တွေအတွက် ကျွမ်းကျင်သော ဧည့်လမ်းညွှန်တစ်ယောက်ကို အားလုံးသဘောတူ ငှားရမ်းခဲ့ကြသည်..

အမျိုးသမီးက အသက် ၃၅ နှစ်ဝန်းကျင်လောက်ဖြစ်မည်.. အရပ်ပုပုပျတ်ပျတ် ကိုယ်ခန္ဓာကပြည့်ပြည့်ဖြိုးဖြိုး.. အမြဲတမ်း ပါတိတ်ဝမ်းဆက်ကို ဝတ်လေ့ရှိသည်.. ပါတိတ်ဝတ်လျှင် တောဆန်သလိုအမြဲထင်မြင်မိသော ကျမသည် သူ့ကိုကျတော့ ကြည့်လို့လှသားပဲလို့ မှတ်ချက်ချမိသေးသည်.. ခရီးစဉ်အစ ကျောင်းဝင်းထဲမှာ ကျောင်းသားများကို စုစေပြီး ဆရာတွေအမှာစကားပြောကတည်းက သူကပါ ကျောင်းသားကျောင်းသူအားလုံးကို မိတ်ဆက်စကားပြော၏.. သူ့အသံက အနည်းငယ်စူးရှပြီး စွာသလိုပဲ.. သို့သော် နားထောင်လို့တော့ အဆင်ပြေနေပါသည်.. “ကျမ ပန်းချီကို မဆွဲတတ်ပါဘူး.. ဒါပေမယ့် ကျမအလုပ်ရဲ့ အပိုင်းကဏ္ဍ တစ်ရပ်အနေနဲ့တော့ စိတ်ဝင်တစားရှိတယ်.. သိတယ်.. ကျမ ရှင်တို့အားလုံးကို အကောင်းဆုံးအကူအညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” တဲ့.. “ဆရာကြီးစတိုင်နဲ့” လို့ ကျမ သူငယ်ချင်း ဇေယျာက မှတ်ချက်ချ၏.. “ဟင့်အင်း.. ယုံကြည်မှုအပြည့်ရှိတဲ့ စတိုင်လ်ပါ” လို့ ကျမ ပြန်ပြောလိုက်တော့ သူက ကျမခေါင်းကို ဘုန်းကနဲတစ်ချက်ထုပါသည်.. ကျမ ရယ်မောနေလိုက်၏..

ကားပေါ်ရောက်တော့ သူက ဒရိုင်ဘာနောက်ဘက် တစ်ယောက်ထဲခုံမှာ နေရာယူပါသည်.. သူ့နောက်ထိုင်ခုံမှာမှ ဆရာ ဆရာမတွေ.. ကျမထိုင်သော ခုံက ကားနောက်ပိုင်း ဘီးခုံးကြီးပေါ်မှာမို့ တစ်ကားလုံးမှာအမြင့်ဆုံးနေရာဖြစ်သည်.. ကားတစ်စီးလုံးကို ရှေ့မှနောက်ထိ ကောင်းစွာမြင်နိုင်နေပြီး မြင်ရသလောက်လည်း သူသည် ဒရိုင်ဘာနှင့် လမ်းတွေအကြောင်း တစ်ခွန်းနှစ်ခွန်းပြောသည်ကလွဲလို့ ဆရာမတွေနဲ့တောင် စကားလက်ဆုံမကျပါ.. သို့မဟုတ် စကားလက်ဆုံကျဖို့ မကြိုးစားပါ.. ဘယ်လိုဧည့်လမ်းညွှန်မျိုးပါလိမ့်.. သူနဲ့ခရီးသွားရတဲ့ ဧည့်သည်တွေကတော့ ပျင်းလို့သေမှာပဲထင်သည်.. ကျောင်းသားကျောင်းသူတွေချည်းပဲ ပါသောကားဆိုတော့ သီချင်းသံ စနောက်သံ ရယ်မောသံတွေဆူညံနေသော်လည်း သူကတော့ မကြားသလို မသိသလိုပင်.. တစ်ကားလုံး တအုန်းအုန်းရယ်မောသည်အထိ ပွဲကျစေသောဟာသတွေကိုလည်း သူမရယ်ပါ.. တော်တော်ထိန်းချုပ်တတ်ပုံရသည့်မိန်းမ..

ကျမတို့ ပုဂံခရီးစဉ်က သူများတွေလို တစ်နေ့တည်း ဘုရားတွေ အများကြီးရောက်ဖို့ ရည်ရွယ်ချက်မရှိပါ.. တချို့တွေလို စွယ်တော်လေးဆူ တစ်နေ့တည်းဖူးရဖို့ မည်သူမှ စိတ်မကူးပါ.. အာနန္ဒာဘုရားကိုရောက်တော့ ဘုရားပွဲအချိန်နှင့် ကြုံကြိုက်သည်မို့ ဘုရားအပြင်မှာ ဈေးတန်းကြီးက အတော်စည်ကားနေသည်.. မြေအိုးရောင်စုံ အရွယ်စုံတွေ.. ရုပ်သေးရုပ်တွေ.. တောင်းတွေပလုံးတွေ.. အဝတ်အထည်တွေ.. ဒေသအစားအသောက်တွေ.. ကျမတို့ထဲက ဘယ်သူမှ ဘုရားထဲမရောက်ဖြစ်ကြဟုပြောလျှင် ယုံကြပါ့မလားမသိ.. အပြင်ဘက်ဈေးတန်းထဲမှာပဲ ခဲ Sketch အမြန်ခြစ်သူကခြစ်.. ဓာတ်ပုံတဖျပ်ဖျပ်ရိုက်သူကရိုက်ဖြင့် ကျမတို့ ပျော်ရွှင်ပြည့်စုံနေကြသည်.. ပုဂံကိုရောက်ပြီးမှ အာနန္ဒာဘုရားထဲ ခြေပင်မချသည့် အနုပညာသည်ပေါက်စလေးများကို သူကတော့ စိတ်ပျက်လက်ပျက်သာ ကြည့်နေတော့၏.. ကျမကတော့ သူ့မျက်နှာကို အပြောင်းအလဲတစ်ခုဖြစ်သွားအောင် ကျမတို့က လုပ်လိုက်နိုင်တာကို ပျော်နေမိသည်..

နောက်ထပ်နောက်ထပ်ဘုရားတွေမှာလည်း ကျမတို့ သူ့ကိုအတော်လေး ဒုက္ခပေးကြသေးသည်.. သူလိုက်ပြနေသော ဘုရားဆင်းတုတွေကို ပေါက်ဆိန်ပေါက်ဦးချ.. သူရှင်းပြသော သမိုင်းနောက်ခံတွေကို ကသောကမျောသာမှတ်သားပြီး အားလုံးက ဘုရားအတွင်းလှေခါးမှတဆင့် ဘုရားပေါ်တက်ရန်သာ စိတ်ထက်သန်နေကြသည်.. ပုဂံဘုရားအများစုမှာ အပေါ်တက်ဖို့တားမြစ်ထားပါသည်.. သို့သော် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဌာနများ၏ ခွင့်ပြုချက်လက်မှတ်များပါသော ကျောင်းသားများမို့ အပေါ်တက်လေ့လာရန်ခွင့်ပေးထားခြင်းဖြစ်သည်.. “ကျမတောင် ဒီပေါ်မတက်ဖူးသေးဘူး”ဟု သူက ဆရာ့ကို ပြောနေ၏.. အပေါ်ရောက်ပြန်တော့လည်း သူ့ခမျာ မအားရတော့ရှာ.. ဟိုဘက်က ဘာဘုရားလဲ.. ဒီဘက်ကဘာလဲ.. ဟိုးမှာမြင်ရတာ ဓမ္မရံကြီးမဟုတ်လား.. ဒီဘက်က မြင့်မြင့်ကဘာလဲ.. ကျန်စစ်သားဥမင်ကို ဒီကမမြင်ရဘူးလား.. စသည်ဖြင့် စသည်ဖြင့်.. ဟိုတစ်ယောက်ကဆွဲမေးလိုက်.. ဒီဘက်က တစ်ယောက်ကဆွဲလိုက်ဖြင့် သူ မရောက်ဖူးသော ဘုရားအပေါ်စီးမြင်ကွင်းကို ကောင်းကောင်းမခံစားရပြန်ပါ..

“ငါတို့ဆရာမကြီးက အတော်တော့ကျွမ်းသဗျာ.. ဘာမေးမေးအကုန်သိတယ်” ဟု ဇေယျာက အနားကပ်လာရင်း ခပ်တိုးတိုး မလိုတမာဟန်ဖြင့် ချီးမွမ်းပါသည်.. ကျမ ဘာမှပြန်မပြောဘဲ အသံစာစာဖြင့် ရှင်းပြနေသည့် သူ့အနားကပ် သွားလိုက်သည်.. “ပုဂံမှာ စာဆိုရှိတယ်လေ.. အမြင့်မှာ သဗ္ဗေညု.. ထုမှာ ဓမ္မရံကြီး.. အနုမှာ အာနန္ဒာ တဲ့.. ထုထည်ဆိုရင် ဓမ္မရံကြီးကအကြီးဆုံး.. သဗ္ဗေညုကကျတော့ အမြင့်ဆုံး.. အာနန္ဒာဘုရားကျပြန်တော့ အနုစိတ်လက်ရာတွေမှာ အကောင်းဆုံးဆိုတဲ့သဘောပါ” .. သူစိတ်ဝင်စားသော ဘာသာရပ်မို့ စိတ်ပါလက်ပါရှင်းပြနေသော်လည်း မျက်နှာကတော့ ခပ်တည်တည်ပင်.. ဒီမိန်းမ ရယ်ရောရယ်တတ်ရဲ့လား..

ပုဂံရောက်ပြီး ၅ ရက်မြောက်နေ့မှာ ဘုရားနံရံမှဆေးရေးပန်းချီများကို ကူးဆွဲရန် ကျောင်းသား ၄၅ ယောက်ကို ၁၅ ယောက်စီအဖွဲ့တွေခွဲ.. ဆရာ ဆရာမတစ်ယောက်စီက ခေါင်းဆောင်ကာ ဘုရား ၃ ခုကိုခွဲသွားကြသည်.. ကျမပါဝင်ရသည့်အဖွဲ့က မြင်းကပါဂူပြောက်ကြီးဘုရားမှ တိတ္ထိတို့တန်ခိုးပြခန်းကို ကူးဆွဲမှတ်တမ်းတင်ရန် တာဝန်ကျပါသည်.. မြင်းကပါဂူပြောက်ကြီးဘုရားကို ကျမတို့ ၃ ရက်ဆက်တိုက်သွားကြရ၏.. ပုံကူးစက္ကူအကြည်များကို နံရံတွင် စက္ကူတိပ်များဖြင့်ကပ်.. ပြီးမှ ထိုပေါ်တွင် ရေစိုခံဆော့ပင်ဖြင့် ထပ်ကူးကြရပါသည်.. အဲသည့်ပုံကူးစက္ကူပေါ်ကပုံတွေကို ကျောင်းပြန်ရောက်မှ ရေဆေးစက္ကူများပေါ်မှာပြန်ကူးဆွဲ.. အရောင်ဖြည့်ကြရဦးမည်.. သူနားမလည်သောအပိုင်းကဏ္ဍကိုရောက်လာပြီမို့ ကျမတို့ ဆရာမကြီး၏ အသံစာစာကို မကြားရတော့ပြန်ပါ.. မနက်ဆိုလျှင် ကျမတို့ အဖွဲ့ ၃ ဖွဲ့ကို ကားဆရာကြီးက တစ်နေရာစီလှည့်ပို့ပါသည်.. နေ့လည်ဆိုလျှင် ထမင်းဘူးတွေလာပို့သော ကားနှင့် သူပါလာတတ်သည်.. အအေးဘူးတွေကို သူ့သဘောနှင့်သူဝယ်လာပေးတတ်ပါသည်.. ကျမတို့က ဆူညံပျော်ရွှင်စွာကျေးဇူးတင်ကြသော်လည်း သူကတော့ ဘာမှမထူးခြားသလိုပင် မျက်နှာသေနှင့်..

ပုံကူးခြင်းများပြီးတော့ ကျမတို့ ပြန်ကြပါသည်.. မပြန်ခင်ညက တည်းခိုရာယွန်းကောလိပ်ရှေ့ကွင်းပြင်ကြီးထဲတွင် မီးပုံပွဲလုပ်ကြတော့ သူက ထင်းတွေ အစားအသောက်တွေစီစဉ်ပေးသည်.. မီးပုံပွဲလုပ်မှာကို ကြိုသိနေသဖြင့် နေ့လည်ဘက် အားလုံးပုံကူးသွားနေတုန်း ညောင်ဦးဈေးထဲကနေ ထင်းတွေသွားဝယ်လာပေးထားသည်ဟု ဆရာတွေကပြောပါသည်.. သူ့ထင်းများကြောင့် ကျမတို့ အဆင်ပြေပြေမီးပုံလုပ်ခွင့်ရလိုက်သော်လည်း သူကတော့ ထိုညက ကွင်းထဲသို့ပင်ဆင်းမလာခဲ့ပါ.. ညစာကို တိတ်ဆိတ်စွာစားပြီး အပေါ်ထပ်တက်အိပ်နေ၏.. ကျမက သူ့ကိုသွားခေါ်ဖို့တိုင်ပင်တော့ သူငယ်ချင်းများက တပြိုင်နက်ကန့်ကွက်ကြပါသည်.. “နေပါစေ”တဲ့.. ကျမ ပုခုံးတွန့်၍သာ ထိုင်မြဲထိုင်နေလိုက်တော့သည်..

၁၀ ရက်ကြာခရီးမှ ရန်ကုန်ပြန်ရောက်သည်ထိ ကျောင်းသားများကို စကားတစ်ခွန်းမှမပြောသော သူ့ကို အတော်လေးမကျေမနပ်စိတ်ဖြင့် ကျမကားပေါ်မှာ လိုက်ပါလာပါသည်.. အတော်လေးမာနကြီးတဲ့မိန်းမ.. ကျောင်းသားတွေက တစ်ခွန်းမေးမှ တစ်ခွန်းဖြေသည်.. နိုင်ငံခြားသားဧည့်သည်တွေနဲ့ ကျောင်းသားဧည့်သည် ဘာတွေများ ကွာခြားနေတာမို့လို့လဲ.. သို့သော် ကားက တက္ကသိုလ်ကျောင်းဝင်းထဲကိုရပ်တော့ ကျမ သူ့ကိုခဏမေ့သွားသည်.. လေ့လာရေးခရီးကိုမလိုက်ဘဲ ကျန်ခဲ့သော တခြားသူငယ်ချင်းတွေက ကားပြတင်းပေါက်များမှတဆင့် အထုပ်အပိုးတွေကို ကူညီသယ်ပေးကြသဖြင့် ကျမတို့ သယ်ရပိုးရအတော်လေးသက်သာသွားကြပါသည်.. ဝရုန်းသုံးကား ကားပေါ်မှဆင်းကြပြီး သူငယ်ချင်းများနှင့် ဆူညံအော်ဟစ်နှုတ်ဆက်နေရင်းမှ ကျမ၏ ပန်းချီဒေါက်ခုံ ကားပေါ်မှာကျန်သေးကြောင်း သတိရသွားသဖြင့် အပြေးအလွှား ပြန်သွားရပြန်သည်..

ကားပေါ်မှာ သူရှိနေတုန်းပဲ.. စင်ပေါ်မှာတင်ထားတဲ့ အဝတ်ထုပ်ကို သူအခုမှချတုန်း.. ကျမ သူ့ကို မကြည့်ဘဲ ပန်းချီဒေါက်ကိုသယ်ပြီးဆင်းလာတော့ သူက နောက်က ကပ်၍လိုက်လာပါသည်.. ကားပေါ်မှဆင်းပြီး ကျမတချက်လှည့်ကြည့်လိုက်မိတော့ တဝက်တပျက်ပဲပွင့်နေသော တံခါးကို သူအပြည့်ဖွင့်ဖို့ ကြိုးစားနေတာ မြင်ရသည်.. ကားတံခါးကလည်း လက်ဖြင့် ထောက်မထိန်းထားလျှင် ပြန်ပြန်ပိတ်သွားတော့ အထုပ်အပိုးတွေနဲ့သူ အခက်အခဲဖြစ်နေပုံရ၏.. ကျမ သူ့အတွက် တံခါးကိုဖွင့်ပေးလိုက်ကာ လက်ဖြင့်ထောက်ထိန်းပေးထားလိုက်သည်.. အထုပ်တွေကိုဆွဲရင်း သူဆင်းလာပါသည်.. အောက်ရောက်တော့ ကျမကို ကြည့်ကာပြုံးပြရင်း ကျေးဇူးတင်စကားဆို၏.. “Thank You သော်သော်” တဲ့..

ကျမ ရင်လှပ်ခနဲခုန်သွားတာ သိပ်ပျော်သွားလို့ဖြစ်မည်ထင်သည်.. သူ ကျမကို သိနေတာပဲ.. ကျမသူ့ကို ပြန်ပြုံးပြလိုက်မိတာလား.. ရပါတယ်လို့ ပြန်ပြောလိုက်တာလား.. ဘာမှပြန်မတုံ့ပြန်မိဘူးလား.. သေချာမသဲကွဲခင် သူကလှည့်ထွက်သွားခဲ့ပါသည်.. ဆရာတွေကို နှုတ်ဆက်ပြီးနောက် ကျောင်းအပြင်မှ အငှားကားတစ်စီးကိုတားကာ သူပြန်သွား၏.. ကျမ မြောက်ကြွမြောက်ကြွဖြစ်နေတာကို သူငယ်ချင်းများ ရိပ်မိသွားပါသည်.. “နင်ဘာဖြစ်နေတုံး”ဟု မေးကြ၏.. ကျမ ဘာပြန်ဖြေရပါ့မလဲ.. “သူငါ့နာမည်ကို သိနေတယ်ဟ”လို့ဖြေလိုက်ရမလား.. “သူငါ့ကိုပြုံးပြသွားတယ်”လား.. အဲဒါနဲ့ပဲ ဘာကြောင့် နင်ကပျော်ရတာလဲ လို့များမေးလာရင် ဘာဆက်ပြောရမှန်းသိမည်မဟုတ်ပါ.. ဘာကြောင့်ပျော်နေမိမှန်းမသေချာသောကြောင့် သူတို့ကို ဘာမှပြန်မဖြေမိ.. သို့သော် သေချာတာတစ်ခုကတော့ ကျမတစ်ချိန်လုံးပြုံးနေမိပါသည်..

No comments:

your comment please

Powered by Blogger.