နန်းညီနှင့် ၅၀၀ တန်များ
ခုနောက်ပိုင်း ရန်ကုန်မှာ ဘာတွေခေတ်စားနေလဲ သိကြသလား.. အနီရောင်ဆိုင်းဘုတ်တွေနဲ့ မြို့အနှံ့မှာ များများလာတဲ့ ဆိုင်တွေလေ.. ဘာယူယူ ၅၀၀ ဆိုတဲ့ဆိုင်တွေ.. တစ်ချို့နေရာတွေမှာဆို ဘာယူယူ ၁၀၀ တောင်ရသေး.. ပထမပိုင်းတော့ လှည်းတန်းနဲ့ မြေနီကုန်းမှာပဲ မြင်ရာကနေ ခုတော့ နေရာတကာမှာ အဲ့ဒိဆိုင်တွေမြင်လာရပြီ.. ဘာယူယူ ၅၀၀ ပါတဲ့.. လက်ဘက်ရည်တစ်ခွက် ၂၅၀ ဖြစ်နေချိန်မှာ.. ဘတ်စ်ကားတစ်ခါစီး ၁၀၀၊ ၁၅၀ ဖြစ်နေချိန်မှာ ၅၀၀ နဲ့ဘာပစ္စည်းတွေများရမလဲလို့ စိတ်ဝင်စားစရာမကောင်းဘူးလား..
ဟုတ်ကဲ့.. နန်းညီတို့လည်း စိတ်ဝင်စားမိသွားတာပေါ့.. အဲ့ဒိဆိုင်တွေ ခုလောက်မှိုလိုမပေါက်ခင်ကတည်းက မြေနီကုန်းမှာမြင်နေလို့ ဝင်စပ်စုမိပါသေး.. အဲ့ဒိတုန်းက သီတင်းကျွတ်လား တန်ဆောင်တိုင်လား.. အဲလိုပွဲတော်လ တစ်ခုခုပဲ.. ဆိုင်ရှေ့မှာ ဘာယူယူ ၅၀၀ ဆိုတဲ့ ဆိုင်းဘုတ်က အထင်းသားချိတ်လို့.. မြင်ရသလောက် ချိတ်ဆွဲပြထားတဲ့ ပစ္စည်းတွေကလည်း စိတ်ဝင်စားစရာကောင်းသား.. အမျိုးအစားကိုစုံလို့.. ကလစ်တွေ ခေါင်းစည်းကြိုးရောင်စုံတွေ လက်သည်းပုလင်းတွေ သစ်သီးတွေဘာတွေထည့်တဲ့ဇကာလေးတွေ မီးဖိုချောင်သုံးလက်အိတ်လို ပစ္စည်းမျိုးတွေရော.. သစ်သားယောင်းမတွေ လက်သည်းညှပ်လိုဟာမျိုးတွေလည်းပါရဲ့..
ဆိုင်ထဲဝင်သွားပြီးကြည့်မိတော့ ဘာလေးတွေမှန်းလည်းမသိ.. မွစိတက်ကလေးတွေစုံနေတာပဲ.. များသေားအားဖြင့်တော့ ဖန်စီဆွဲကြိုး လက်ကောက်တွေပေါ့.. နောက်ပြီး နှုတ်ခမ်းနီတွေ.. အဲဒါတွေတော့ သိပ်စိတ်မဝင်စားမိတာနဲ့ လက်သည်းပုလင်းတွေကိုကြည့်နေလိုက်တယ်.. စိတ်ကြိုက်အရောင်တစ်ပုလင်း နှစ်ပုလင်းယူပြီး ကောင်တာကိုသွား.. ပုလင်းကိုထိုးပေးရင်း လက်ကလည်း ၁၀၀၀ တန်တစ်ရွက်ကိုပေးရင်းပေါ့.. အဲ့ဒိမှာ စတော့တာပဲလေ..
“၂၄၀၀ ကျတယ် ညီမ” (ခပ်တည်တည်ဖြင့် မျက်နှာကိုမော့မကြည့်ဘဲ ပြောခြင်း)
“ဟင်.. ဘာယူယူ ၅၀၀ ဆို” .. (မျက်လုံးပြူးဖြင့် အံ့သြတကြီးမေးလိုက်ခြင်း)
“အဲဒါတွေက ဟိုဘက်အခြမ်းကပါ.. ဒီဘက်ကဟာတွေက သူ့ဈေးနဲ့သူပေးရမယ်” (စိတ်မရှည်လက်မရှည် ပမာမခန့်ဖြေလိုက်ခြင်း)
“ဟာ မဟုတ်သေးဘူးလေ.. ဘာယူယူ ၅၀၀ ဆိုလို့ လာယူတာပေါ့.. အဲလိုဈေးကွာတယ်ဆိုရင် တခြားဆိုင်တွေနဲ့ ဘာကွာမှာလဲ” (ပေကပ်ကပ်ဖြင့် ပြောလိုက်ခြင်း)
“၅၀၀ နဲ့ ဒါမျိုးဘယ်ရမှာလဲ.. ၅၀၀ နဲ့ပဲလိုချင်ရင် ဟိုဘက်ကဟာ ယူပါလား” (လေသံမာမာဖြင့် ခပ်ပြတ်ပြတ်ပြောခြင်း)
ကဲ ကဲ.. ကြည့်ပါလား.. အဲ့ဒိနောက်တော့ သူကလည်း ပွစိပွစိရွတ်.. မယ်ညီတို့ကလည်း ဒါမျိုးဘယ်ရမလဲ.. ဘာယူယူ ၅၀၀ ဆိုပြီးလည်းရေးထားသေးတယ်.. တကယ်ဝယ်တော့ကျတော့ ၃၅၀၀ ဖြစ်လိုဖြစ်.. လက်သည်းတစ်ပုလင်း ၁၂၀၀ ပေးရလိုပေးရ.. သူပေးတဲ့ ၅၀၀ ဆိုတဲ့ပစ္စည်းတွေကျပြန်တော့ စုတ်ပြတ်သတ်လို့.. ခေါင်းစည်းကြိုးလေးတွေ ရေချိုးခန်းသုံးပလတ်စတစ်ခေါင်းစွပ်တွေ.. အဲဒါတွေ ၅၀၀ ကတော့ သူပြောမှလား.. ဘယ်မှာဝယ်ဝယ် ၅၀၀ နဲ့ရတာပဲ.. မဟုတ်ဘူးလား..
ပြောချင်တာက လက်သည်းတစ်ပုလင်း ၅၀၀ နဲ့မရခဲ့လို့မဟုတ်ပါဘူး.. အဲ့ဟာတွေ လိုချင်လွန်းနေတာလည်းမဟုတ်ဘူးလေ.. တကယ်လည်း မဟုတ်ဘဲနဲ့ ခပ်တည်တည်နဲ့ ဘာယူယူ ၅၀၀ လို့ရေးထားပြီး ရောတောရှိလုပ်နေတာကိုပြောချင်တာ.. တစ်ဆိုင်လုံး ရှိသမျှပစ္စည်းတွေကပဲ အကုန် ၅၀၀ တန်လိုလို.. ဒါစီးပွားရေးလုပ်တာလား.. ဒီလိုပဲလုပ်ရတာလား.. နားမလည်ပါဘူး.. အဲဒိနေ့က နန်းညီကတော့ မကျေနပ်လို့ ခပ်တည်တည်ဘဲ မဝယ်ဘဲ ပြန်ထွက်လာခဲ့တယ်.. အသိတစ်ချို့ကိုပြောပြတော့ သူတို့လည်း အဲလိုဖြစ်ဖူးတယ်တဲ့.. ပစ္စည်းယူ ငွေချေကာမှ ဈေးကြီးနေလို့ ဘာမှလည်း ပြောမနေချင်တာနဲ့ သူပြောသလောက်ပေးပြီး ယူလာတယ်လို့ ပြောပါတယ်..
လူ့သဘာဝကတော့ ၅၀၀ နဲ့ရမယ့် ပစ္စည်းတွေဟာ ဘာတွေများဖြစ်မလဲ စိတ်ဝင်စားမှာပါပဲ.. ဒီတော့ ဝင်ကြည့်မယ်.. သူတို့ရဲ့ ၅၀၀ မဟုတ်တဲ့ ပစ္စည်းတွေက စိတ်ဝင်စားစရာကောင်းတော့ ၅၀၀ ဆိုတန်တယ်ရယ်လို့ ဝယ်မိမယ်.. ငွေရှင်းကာမှ ပြဿနာတွေတက်မယ်.. တော်ရုံပြဿနာမရှာချင်သူတွေတောင် အဲ့ဒိက အရောင်းစားရေးမလေးတွေ ပြောပုံဆိုပေါက်နဲ့ စိတ်တိုရပါတယ်.. တစ်ချို့ကတော့ ဝယ်မိကာမှ ပြီးပြီးရော ပြောသလောက်ဈေးနဲ့ ငွေရှင်းလာမယ်.. အဲလိုနဲ့ ခံရသူတွေ ဘယ်လောက်များနေပြီလဲမသိပါဘူး.. အမှန်တော့ ၅၀၀ ဆိုလည်း ၅၀၀ နဲ့တန်တဲ့ပစ္စည်းတွေပဲထားပေါ့.. ဒါမှမဟုတ်လည်း ၁၀၀၀ တန်ဆိုလည်း ၁၀၀၀ ပေါ့.. ရိုးသားသင့်တယ်ထင်တာပဲ.. ခုတော့ ၅၀၀ ရေးထားလို့ ဝင်သွားပါတယ်.. စိတ်တိုရ ပြဿနာတက်ရနဲ့.. နန်းညီကတော့ သူငယ်ချင်းတွေ အဲ့ဆိုင်သွားကြည့်မယ် ဘာညာပြောရင် လိုက်ပိတ်ပင်တာပဲ.. “အလကား ဘာမှ ၅၀၀ မဟုတ်ဘူး.. တခြားဆိုင်တွေလိုပဲ ဈေးတွေကွာတာပဲ.. အီးဘောလောကြီး”လို့..

No comments:
your comment please