ထူးမခြားနား

ဆရာမြတ်ငြိမ်းဘာသာပြန်တဲ့ နိုင်ငံတကာဝတ္တုတို စုစည်းမှုစာအုပ်ကို ကျွန်မဖတ်ဖြစ်ပါတယ်.. အဲသည့်ထဲကမှ အမေရိကန်စာရေးဆရာ O.Henry ရေးတဲ့ The Cop and The Anthem ဆိုတာလေးကို ဖတ်ပြီး ကျွန်မလည်း သဘောကျ.. သူငယ်ချင်းတစ်ယောက်ကိုလည်း သတိရသွားတာနဲ့ သူရော အားလုံးရော ဖတ်ဖို့ အဲဒါလေးပြန်တင်မယ်ဆိုပြီး တင်ဖြစ်တာပါ.. အားလုံးလည်း ကြိုက်မယ်လို့တော့ ထင်တာပဲ.. The Cop and The Anthem ဆိုတော့ တိုက်ရိုက်ကြီးဆိုရင် "ရဲသားနှင့် ဘုန်းတော်ဘွဲ့"ပေါ့နော်.. ဒါပေမယ့် ဆရာမြတ်ငြိမ်းကတော့ "ထူးမခြားနား" လို့ မြန်မာလို နာမည်ပေးထားပါတယ်.. လောကကြီးမှာ ဒါဖြစ်ချင်တယ် ဒါမှဆိုပြီး ကြိုးစားတုန်းကမရ.. မလိုချင်တော့ပါဘူးဆိုမှ အဲဒါကြီးက လာဖြစ်နေတတ်တာမျိုးတွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ မြင်သာအောင်ရေးသွားတဲ့ ၀တ္တုတိုလေးပါ.. ပြီးတော့ အတော်ကို ကမောက်ကမနိုင်တဲ့ လူတွေနဲ့ လောကကြီးကို သရော်ထားသလိုလိုပါပဲ.. "တို"ဆိုပေမယ့် အတော်လေး "ရှည်"နေလို့ မနည်းပြီးအောင် အားတင်းပြီးရိုက်ထားရတာမို့ ဖတ်ကြည့်ကြပါဦး..

ဒါကတော့ အကျဉ်းလေးပေါ့

ဆိုးပေသည် မက်ဒီဆန်ပန်းခြံထဲရှိ သူ့ခုံတန်းပေါ်တွင် မအီမသာလူးလွန့်လိုက်၏။ ဘဲငန်းကြီးတွေ ညဥ့်နက်သန်းခေါင် တဂွီဂွီအော်မြည်လာပြီဆိုလျှင်၊ နောက်ပြီး အနွေးထည်မရှိသေးသည့် မိန်းမတွေ သူတို့ လင်သားများကို အကြင်နာပိုလာပြီဆိုလျှင်၊ နောက်ပြီး ဆိုးပေတစ်ယောက် ပန်းခြံထဲရှိ သူစံမြန်းရာ ခံတန်းပေါ် တွင် မအီမသာလူးလွန့်ပြီဆိုလျှင် ဆောင်းဝင်ဖို့ နီးကပ်လာပြီသာမှတ်။

သက်မဲ့သစ်ရွက်တစ်ရွက် ဆိုးပေပေါင်ပေါ်ပြုတ်ကျလာသည်။ ဤကား "ဦးဆီးနှင်း"၏ မှတ်ပုံတင်ကတ်ပြားတည်း။ "ဦးဆီးနှင်း"ကား မက်ဒီဆန်ပန်းခြံတွင် ပုံမှန်လာရောက်တည်းခိုသည့် ဧည့်သည်တော်။ သူလာရောက်တည်းခိုတော့မည်ဆိုလျှင်လည်း နှစ်စဉ်ကြိုတင်သတိပေးထားတတ်သူ။ သူက ရောက်လာတော့မည့်အကြောင်း လမ်းမကြီးလေးသွယ်၏ လမ်းဆုံလမ်းထောင့်များတွင် ကြေညာချက်များကပ်ရန် "လမ်းပေါ်ကလူများ" စံအိမ်ကြီး၏ ခြေမြန်တော် "မြောက်လေ"ကို ကြိုတင်စေလွှတ်ထားလေ့ရှိသည်။ သို့မှ လမ်းပေါ်ကလူများ ကြိုတင်အသင့်ပြင်ထားနိုင်မည်မဟုတ်လား။

ရာသီဥတုကကြမ်းတော့မည်။ ဆိုးပေ သူ့ခုံတန်းပေါ်တွင် မအီမသာလူးလွန့်လိုက်ပြန်သည်။ ဆိုးပေ၏ ဆောင်းခိုစီမံကိန်းမှာ သိပ်ကြီးကြီးကျယ်ကျယ်တော့ မဟုတ်လှပါ။ ရည်မှန်းချက်တွေထဲတွင် မြေထဲပင်လယ်သို့ သွားပြီး ဇိမ်ခံသင်္ဘောစီးဖို့မပါ။ ပင်လယ်အော်သို့သွားပြီး လှေလှော်ရွက်တိုက်နေ့ဖို့လည်းမပါ။ သူ့စိတ်ထဲတွင် ပုံဖော်ထားသည်မှာ "ကျွန်း"ပေါ်တွင် ၃ လတိတိ သွားရောက်နေထိုင်ဖို့မျှသာ။ သည်သုံးလအတွင်း မြောက်လေ၏ အန္တရာယ်နှင့် ပုလိပ်များ၏ နှောက်ယှက်မှုမှ ကင်းဝေးမည်။ အိပ်ရာထိုင်ခင်းရဖို့ သေချာမည်။ ပေါင်းလို့သင်းလို့ရမည့် မိတ်ဆွေတွေရှိမည်။ သည်လောက်ဆို တော်ပြီပေါ့။

မနေ့က ပန်းခြံအိုကြီးထဲက ရေပန်းဖွားအနီးရှိ ခုံတန်းပေါ်တွင်အိပ်ခဲ့သည်။ သူ့ကုတ်အင်္ကျီအောက်၊ ဒူးခေါက်ကွေးအောက်နှင့် ပေါင်ပေါ်တင်ထားသည့် သတင်းစာ စာရွက်များက အအေးဓာတ်ကို ခုခံတော်လှန် နိုင်စွမ်းမရှိတော့။ သည်တော့ သူ့စိတ်ထဲ "ကျွန်း"အကြောင်း ပိုစဉ်းစားမိသည်။ မြို့တော်၏ မှီခိုသူများအတွက် အလှူဒါနဟူသောအမည်ဖြင့် ပြုလုပ်ပေးသည့် ကယ်ဆယ်ရေးအစီအစဉ်များကို ဆိုးပေမကြိုက်။ မနှစ်မြို့။ ဆိုးပေ၏ မာနစိတ်ကလေးက ကုသိုလ်ဖြစ်ပေးကမ်းစွန့်ကြဲခြင်းကို လက်ခံရမှာဝန်လေးသည်။

ကျွန်း"သို့သွားဖို့ ဆိုးပေဆုံးဖြတ်ပြီးပြီ။ သည်တော့ သူ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ ချက်ချင်းစီမံစိုင်းပြင်း တော့၏။ လွယ်လွယ်လေး အောင်မြင်နိုင်သည့်နည်းလမ်းတွေ အများကြီးပါ။ အမြန်ဆုံးနည်းလမ်းကတော့ အကောင်းစားစားသောက်ဆိုင် တစ်ဆိုင်ထဲဝင်ပြီး ကောင်းပေ့ညွန့်ပေ့ဆိုသည့် အစားအသောက်တွေမှာစား၊ နောက်ပြီး ငွေကြေးဆိုလို့ ခြူးတစ်ပြားမှ မပါကြောင်း ကြေညာ၊ နောက်ပြီးလုံးဝဆူညံပူညံမလုပ်ဘဲ ပုလိပ်လက်ထဲ ထိုးအပ်တာခံလိုက်၊ ကျန်ကဏ္ဍကိုမူ သက်ဆိုင်ရာတရားသူကြီးက ဆက်လက်တာဝန်ယူသွားလိမ့်မည်။

ဆိုးပေ ခုံတန်းပေါ်မှထသည်။ ပန်းခြံမှထွက်သည်။ ဘရော့ဝေးနှင့် ပဉ္စမရိပ်သာလမ်းမကြီးရှိရာသို့ ကတ္တရာလမ်းအတိုင်းလျှောက်သည်။ ဘရော့ဝေးလမ်းမကြီးဘက်ချိုးသည်။ ပြိုးပြက်ဝင်းလက်နေသည့် စားသောက်ဆိုင်တစ်ဆိုင်ရှေ့တွင်ရပ်သည်။ စားကောင်းသောက်ဖွယ်များရနိုင်သည့်ဆိုင်။

ဆိုးပေက သူ့ကုတ်အင်္ကျီအောက်ဆုံး ကြယ်သီးမှစပြီးအပေါ်ပိုင်းကိုအားထားသည်။ သူ့မှာ မုတ်ဆိတ်ကျင်စွယ်များ ရိတ်ထားသည်။ အသင့်တပ်ပြီးလည်စည်းပါသည့် ကုတ်အင်္ကျီက သားသားနားနားရှိသည်။ စားသောက်ဆိုင်ထဲရှိ စားပွဲတစ်လုံးဆီသို့ သံသယကင်းစွာအရောက်သွားနိုင်လျှင် သူအောင်မြင်ပြီ။ စားပွဲအပေါ်ပိုင်းတွင် ထိုးထွက်နေမည့် သူ့ခန္ဓာအစိတ်အပိုင်းကို စားပွဲထိုးမြင်လျှင် သံသယ လုံးဝရှိမည်မဟုတ်။ ဘဲကင်တစ်ကောင်နှင့် ရှာဘလီဝိုင်တစ်ပုလင်းတော့မှာရမည်။ ပြီးမှ ကော်ဖီကြမ်းခါးခါး တစ်ခွက်နှင့် ဆေးပြင်းလိပ်တစ်လိပ်ပေါ့။ တစ်ဒေါ်လာတန်ဆေးပြင်းလိပ်လောက်ဆို တော်ပါပြီ။ စားသောက်ဆိုင်မှ တာဝန်ရှိသူများက အကြမ်းကိုင်လက်စားချေချင်စိတ် ပေါ်လောက်အောင်လည်း စုစုပေါင်း ကျသင့်ငွေက များမည်မဟုတ်။ သို့တိုင် စားကောင်းသောက်ဖွယ်များဖြင့် အူမတောင့်နေပြီဆိုတော့ မိမိ၏ ဆောင်းရာသီ စံရိပ်သာခရီးကို ပျော်ပျော်ပါးပါး သွားနိုင်မည်မုချ။

သို့သော် စားသောက်ဆိုင်တံခါးကိုကျော်ပြီး ခြေချလိုက်မိသည်နှင့် စားပွဲထိုးချုပ်၏ မျက်လုံးများက ဆိုးပေ၏ ဖွာလန်ကြဲဘောင်းဘီနှင့် စုတ်စုတ်ပြတ်ပြတ်ဖိနပ်ပေါ်သို့ ရောက်သွားသည်။ သန်မာပြီး အသင့်ဖြစ်နေသည့်လက်များက သူ့ကိုတွန်းထုတ်လိုက်သည်။ ဆိုးပေ တိတ်ဆိတ်စွာ လျင်မြန်စွာပင် လမ်းဘေးပြန်ရောက်သွားသည်။ ဘဲကင်ကြီးတစ်ကောင်လုံး ပါးစပ်ပေါက်နားရောက်ပြီးမှ လွဲချော်သွားစေသည့် ကြမ္မာယုတ်ကို ဆိုးပေကျိန်ဆဲမိ၏။

ဆိုးပေ ဘရော့ဝေးလမ်းပေါ်သို့ ချိုးကွေ့ခဲ့၏။ လွမ်းမောဖွယ်ရာ ကျွန်းသာယာသို့သွားရာ ခရီးလမ်းကား သာယာဖြောင့်ဖြူးခြင်းမရှိပါကလား။ စံအိမ်တွင်ခိုဝင်စံမြန်းရမည့်နည်းလမ်းကို တမျိုးတဖုံစဉ်းစားဦးမှ။

ဆဋ္ဌမရိပ်သာလမ်းထောင့်တွင် လျှပ်စစ်မီးတွေ ထိန်ညီးစွာဖြင့် မှန်ချပ်ကြီးနောက်တွင် ပစ္စည်းတွေခင်းကျင်း ပြထားသည့် ဆိုင်ခန်းတစ်ခန်းရှိသည်။ ဆိုးပေက ကျောက်ခဲတစ်လုံးကောက်ယူပြီး မှန်ချပ်ကြီးကို ပစ်ခွဲလိုက်၏။ လမ်းထောင့်မှလူတွေ ပြေးလာကြသည်။ ရှေ့ဆုံးကပြေးလာသူမှာ ပုလိပ်တစ်ယောက်။ ဆိုးပေ အင်္ကျီတွေထဲလက်နှစ်ဖက်နှိုက်ပြီး ခပ်တည်တည်ရပ်နေသည်။ ပုလိပ်ကို မြင်လိုက်ရတော့ ပြုံးပြုံးကြီးလုပ်နေသည်။
" ခဲနဲ့ပစ်တဲ့ကောင် ဘယ်ရောက်သွားလဲ"
ပုလိပ်က လှုပ်လှုပ်ရှားရှားမေးသည်။
"ခဲနဲ့ပေါက်တဲ့အလုပ်ကို ကျုပ်လုပ်လိုက်တယ်ဆိုတာ ခင်ဗျားမတွက်မိဘူးလားဗျာ"

ဆိုးပေ မထော်မနန်းမပြော။ တစ်ဘ၀စာ စည်းစိမ်ဥစ္စာပုံကြီးကို ကြိုဆိုသလို ပျူပျူငှာငှာပြောသည်။ ဆိုးပေ၏ စကားကို ပုလိပ်မင်း၏ အတွေးအခေါ်က လက်ခံဖို့ငြင်းဆန်လိုက်၏။ မှန်ပြတင်းများကို ခဲဖြင့်ခွဲသူများသည် တရားဥပဒေ ဘက်တော်သားများနှင့် အေးအေးလူလူ စကားပြောနေတတ်သည်မှမဟုတ်ဘဲ။ လမ်းဖြတ် တစ်ဝက်လောက်တွင် ဘတ်စ်ကားတစ်စီးနောက် အမီပြေးလိုက်နေသည့် လူတစ်ယောက်ကို ပုလိပ်တော်မင်း တွေ့သွားသည်။ နံပါတ်တုတ်ကိုကိုင်လျက် ထိုလူနောက် ပြေးလိုက်သွားသည်။ ဆိုးပေ ကိုယ့်ကြမ္မာကိုယ် အော့ကြောလန်သွားသည်။ ယောင်ပေပေဖြင့် ဆက်လျှောက်ခဲ့သည်။ ဒုတိယမ္ပိ မအောင်မြင်ခြင်း။

လမ်းတစ်ဖက်ခြမ်းတွင် ဟန်ပန်တစ်ခွဲသားလုပ်လိုသူများအတွက် စားသောက်ဆိုင်တစ်ဆိုင်ရှိသည်။ ထိုဆိုင်က ငွေနည်းနည်းဖြင့် တ၀ကြီးစားလို့ရသည့်ဆိုင်။ အသုံးအဆောင်ပစ္စည်းများက ခပ်ညံ့ညံ့။ ထိုဆိုင်ထဲသို့ ဆိုးပေ အထစ်အငေါ့မရှိ ၀င်သွားသည်။ စားပွဲတစ်လုံးတင် ထိုင်ပြီးအမဲသားပြုတ်ကြော်၊ မုန့်ပြားသလက်၊ မုန့်ဆီကြော်နှင့် မုန့်ဌာပနာများမှာသည်။ စားသောက်ပြီးသောအခါ အသေးဆုံးပြားစေ့တစ်စေ့ပင် မိမိနှင့် သူစိမ်းတရံဆံဖြစ်နေကြောင်း စားပွဲထိုးအားပြောပြ၏။
"ဒီတော့ဗျာ.. ပုလိပ်သာ မြန်မြန်ခေါ်ပေတော့.. ကျုပ်လို လူကြီးလူကောင်းတစ်ယောက်ကို အကြာကြီးစောင့်ခိုင်းမထားသင့်ဘူးလေ"
"နောင်ကြီးအတွက် ပုလိပ်တွေ ဘာတွေခေါ်မနေတော့ပါဘူးဗျာ"

စားပွဲထိုး၏အသံ ထောပတ်ကိတ်လိုနူးညံ့နေ၏။ မျက်လုံးများက မင်ဟတ်တန်ဧည့်ခံပွဲမှ ယမကာစုံထဲ မျောနေသည့်ချယ်ရီသီးလေးများလို ရွှန်းလက်နေ၏။

"ကဲ.. အပေါင်းအသင်းရေ"
အညှာအတာကင်းမဲ့သော သံမံတလင်းကို ဘယ်ဘက်နားနှင့် ပိပိရိရိကလေး ဂဟေဆက်နေသည့် ဆိုးပေအား စားပွဲထိုး ၂ ယောက်ဆွဲထူသည်။ လက်သမားကိုင် ခေါက်ပေတံကိုဖွင့်လိုက်သလို ဆိုးပေ တစ်ဆစ်ပြီးတစ်ဆစ် မတ်တပ်ရပ်သည်။ သူ့အ၀တ်အစားပေါ်မှ ဖုန်များကိုခါပစ်၏။ အဖမ်းအဆီးခံရဖို့ဆိုတာ အိပ်မက်ထဲစိတ်ကူးယဉ်ရသလို မလွယ်လှပါကလား။ "ကျွန်း"ကတော့ အဝေးကြီးဝေးနေပြီ။ ဆိုင်နှစ်ဆိုင်ကျော်ရှိ ဆေးဆိုင်ရှေ့တွင်ရပ်နေသည့် ပုလိပ်တစ်ယောက်က သူ့ကိုကြည့်ပြီး ရယ်တော်မူသည်။ ပြီးတော့ လမ်းမအတိုင်းလျှောက်သွားသည်။

ရင်ထဲ သတ္တိတွေပြန်ဝင်လာသည်အထိ လမ်းဖြတ် ငါးဖြတ်လောက်ဆိုးပေ လမ်းလျှောက်ပစ်လိုက်၏။ ဒီတစ်ချီတော့ အခွင့်အရေးက ကံကောင်းထောက်မစွာ ပေါ်လာသည်။ စတိုးဆိုင်တစ်ဆိုင်၏ မှန်ပြတင်းပေါက်ရှေ့မှာ အမျိုးသမီးတစ်ယောက်။ အသက်ခပ်ငယ်ငယ်။ အ၀တ်အစား သားသားနားနားနှင့် ။ ကောင်မလေးနှင့် နှစ်ကိုက်အကွာလောက်တွင် ရေတိုင်တစ်တိုင်ကို မှီပြီးရပ်နေသည့် ထောင်ထောင်မောင်းမောင်း ပုလိပ်ကြီးတစ်ယောက်လည်း ရှိနေသည်။ သူအကွက်ချစီစဉ်လိုက်သည်က အမျိုးကောင်းသမီးတစ်ယောက်အား ကာယိနြေ္ဒပျက်စေမှုကို ဖန်တီးဖို့။ မကြာမီအတွင်း ပုလိပ်တော်မင်းက သူ့လက်မောင်းကို ဖမ်းကိုင်ပြီး သူ့အား ဆောင်းရာသီစံရိပ်သာသို့သွားသည့် လမ်းပေါ်ပို့ဆောင်ပေးပါလိမ့်မည်။

ဆိုးပေ အသင့်ချုပ်ပြီး လည်စည်းကို ဆွဲဆန့်သည်။ တွန့်ကြေနေသော အင်္ကျီလက်မောင်းကို သပ်သည်။ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး ကောင်မလေးရှိရာသို့ ပေစောင်းစောင်းဖြင့် ချဉ်းကပ်သွားသည်။ ကောင်မလေးကို မျက်စိမှိတ်ပြသည်။ ချောင်းဟန့်သံပေးသည်။ ပြုံးပြသည်။ စပ်ဖြဲဖြဲလုပ်ပြသည်။ မြာပွေသူတစ်ဦးပုံပေါ်အောင် မျိုးစုံလုပ်ပြသည်။ မျက်စိထောင့်ကပ်ကြည့်လိုက်တော့ မိမိအား စူးစူးစိုက်စိုက်ကြည့်နေသည့် ပုလိပ်ကြီးကိုတွေ့သည်။
ကောင်မလေးခြေလှမ်းနည်းနည်းရွှေ့သွားသည်။ ဆိုးပေလိုက်သွားသည်။ ကောင်မလေးဘေးသို့ ရဲရဲတင်းတင်းကပ်သွားပြီး ဦးထုပ်ကိုအသာမြှောက်လိုက်ကာ ..
"အား ဘက်ဒ်လိယားပါလား.. တို့ခြံထဲသွားပြီး ကစားရအောင်လေကွာ"

ပုလိပ်ကြီးကကြည့်နေဆဲ။ ကောင်မလေးလက်ဖျောက်တစ်ချက် တီးလိုက်ရုံဖြင့် မိမိသည် နွေးထွေးလုံခြုံသော "ကျွန်း"သာယာသို့ သွားရာလမ်းပေါ်ရောက်ပြီ။ ဆိုးပေရင်ထဲ အခုကတည်းက နွေးထွေးမှုကိုခံစားနေရပြီ။ ကောင်မလေး သူ့ဘက်လှည့်လိုက်သည်။ လက်တစ်ဖက်ဆန့်ထုတ်ပြီး ဆိုးပေ၏ ကုတ်အင်္ကျီလက်မောင်းကို ကိုင်ထားသည်။

"ဖြစ်တာပေါ့ မိုက်.. ကျွန်မကို ဘီယာတစ်ဂါလန်လောက်သာ တိုက်လိုက်.. စောစောကတည်းက ရှင့်ကိုပြောမလို့.. ပုလိပ်က ကြည့်နေတာနဲ့"

ဆိုးပေဆိုသည့် ၀က်သစ်ချပင်ကြီးကို ကောင်မလေးက ပန်းနွယ်တစ်နွယ်လို တွယ်ကပ်ရင်း ပုလိပ်ကြီးကို ကျော်ဖြတ်ခဲ့ကြသည်။ ပုလိပ်ကြီးခုမှ စိတ်ပေါ့ပါးသွားဟန်ရှိ၏။ ဆိုးပေကား ကြမ္မာဂြိုလ်စီးပြီး လွတ်မြောက်ခြင်းခရီးကို နှင်ရပြန်ပြီ။

လမ်းထောင့်ရောက်တော့ သူ့အဖော်ကို အတင်းခါထုတ်ပြီး ဆိုးပေ တစ်ချိုးတည်းပြေးတော့၏။ ညဘက်ဆို အလင်းထိန်ဆုံး၊ လူသူအသွားအလာအများဆုံး ရပ်ကွက်ရောက်မှ ဆိုးပေအပြေးရပ်သည်။ ဆောင်းလေ၏ အအေးဓာတ်အောက်တွင် သားမွေးအင်္ကျီဝတ်မိန်းမများ၊ ကုတ်အင်္ကျီရှည်ကြီးများ ၀တ်ထားသည့် ယောက်ျားများ ပျော်ပျော်ရွှင်ရွှင် လမ်းသလားနေကြသည်။ ဆိုးပေ ရုတ်တရက်စိုးရိမ်သွားသည်။ မိမိသည် အဖမ်းမခံရလောက်အောင် သားသားနားနား ဖြစ်နေလို့များလား။ ဇာတ်ရုံတစ်ရုံရှေ့တွင် ခံ့ခံ့ညားညား လမ်းသလားနေသည့် ပုလိပ်တော်မင်းတစ်ဦးကိုတွေ့တော့ ဆိုးပေ ကမန်းကတန်း "သူရာမောင်"ပုံ ဖမ်းလိုက်၏။

လမ်းဘေးပလက်ဖောင်းပေါ်တွင် အရက်သမားတစ်ဦးလို သံကုန်ဟစ်ပြီးအော်သည်။ သူ ကသည်၊ ခုန်သည်၊ သံစုံဟစ်သည်။ လမ်းသွားလမ်းလာများ အနှောင့်အယှက်ဖြစ်အောင် အစွမ်းကုန်လုပ်သည်။ ပုလိပ်တော်မင်းက နံပါတ်တုတ်ကို လက်ထဲတွင်လှည့်ကာ လှည့်ကာဖြင့် ဆိုးပေကို ကျောခိုင်းကာ အနားရှိလမ်းသွားလမ်းလာ တစ်ဦးကိုပြောသည်။

"ယေးလ်တက္ကသိုလ်က ဟတ်ဖို့ကောလိပ်ကို နိုင်သွားလို့ အောင်ပွဲခံနေတဲ့ ကောင်လေးတွ ဆူညံဆူညံတော့ရှိတယ်.. ဒါပေမယ့် အန္တရာယ်မပေးပါဘူး.. သူတို့ကို ဖမ်းလားဆီးလား မလုပ်ဖို့ ကျွန်တော်တို့ကိုညွှန်ကြားထားတယ်လေ"

ဆိုးပေ .. . မအောင်မြင်သည့်အယောင်ဆောင်မှုကို မကျေမချမ်းရပ်လိုက်သည်။ ဘယ်ပုလိပ်တော်မင်းမြတ်တို့ကမှ မိမိကိုမဖမ်းကြတော့ဘူးလား။ ဆိုးပေအဖို့ ရွှေ"ကျွန်း"တော် မျှော်တိုင်းဝေး ဖြစ်နေပြီလား။ အအေးဓာတ်ကိုကာကွယ်ရန် သူ့ကုတ်အင်္ကျီပါးပါးမှ ကြယ်သီးများကို ပြန်တပ်လိုက်ရသည်။

ဆေးပြင်းလိပ်ဆိုင်တစ်ဆိုင်ရှေ့တွင် သားသားနားနား ၀တ်စားထားသည့် လူတစ်ယောက်ဆေးလိပ် မီးညှိနေသည်။ လေတိုက်သဖြင့် မီးခြစ်မှ မီးတောက်က ယိမ်းထိုးနေ၏။ သူ့ဖဲထီးကို ဆိုင်တံခါးဘောင်တွင်ထောင်ထားသည်။ ဆိုးပေ ဆိုင်ပေါက်ထဲဝင်သည်။ ထီးကိုလှမ်းယူပြီး အေးအေးလူလူထွက်လာခဲ့သည်။ ဆေးလိပ်မီးညှိနေသည့်သူ သူ့နောက် ခပ်သုတ်သုတ်လိုက်လာသည်။

"ကျုပ်ထီးဗျ".. ထိုလူ ခပ်မာမာပြော၏။
"သြော် ဟုတ်လား.. ခင်ဗျားထီးလား" .. ဆိုးပေ သရော်တော်တော်ပြော၏။ ထိုလူမခံချင်အောင် စော်ကားမော်ကားလေသံစွက်ထားသည်။

"အေးလေ ဒါဆိုလည်း ဘာဖြစ်လို့ ပုလိပ်ကိုမခေါ်သလဲ.. ဒီထီးကို ကျုပ်ယူလာတယ်.. ထီးက ခင်ဗျားထီး.. ဘာလို့ ပုလိပ်မခေါ်လဲ.. ဟိုမှာ လမ်းထောင့်မှာ တစ်ယောက်ရပ်နေလေရဲ့"

ထီးပိုင်ရှင်ခြေလှမ်းနှေးသွားသည်။ ဆိုးပေလည်း ခြေလှမ်းလိုက်နှေးသည်။ ကုသိုလ်ကံက ငါ့ဘက်မှာ မရှိသေးပါလားဟု ဆိုးပေ ကြိုတင်တွက်ဆလိုက်၏။ ပုလိပ်က သူတို့နှစ်ယောက်ကို စူးစူးစမ်းစမ်း လှမ်းကြည့်နေသည်။
"အေးလေ" .. ထီးဆရာ ပြော၏။
"အဲဒီထီးက .. အဲ.. ဒီလိုအမှားအယွင်းတွေက ဖြစ်တတ်ကြတယ်လေ.. သိတယ်မဟုတ်လား.. ကျွန်တော်.. ဒီထီး ခင်ဗျားထီးဆိုရင်လည်း ကျွန်တော့်ကိုခွင့်လွှတ်ဗျာ.. ကျွန်တော်လည်း ဒီမနက်ကမှ စားသောက်ဆိုင်တစ်ဆိုင်မှာ ဆွဲလာတာ.. ခင်ဗျား ထီး.. မှတ်မိနေလည်း အဲ.. ကျွန်တော် ခင်ဗျား.. ... "
"ဟုတ်တယ်.. ဒီထီး ကျွန်တော့်ထီးပဲ" .. .. ဆိုးပေ မာမာတင်းတင်းပြော၏။

ထီးရှင်ဟောင်းနောက်ဆုတ်သွားသည်။ ပုလိပ်တော်မင်းက ထောင်ထောင်မောင်းမောင်းမိန်းမတစ်ယောက် လမ်းဖြတ်ကူးလာသည်ကို အပြေးအလွှားသွားပြီး ကူညီပေးသည်။ ဟိုဘက်လမ်းဖြတ် နှစ်ဖြတ်လောက်ဆီတွင် ကားတစ်စီးလာနေသည်လေ။

ဆိုးပေ လမ်းတစ်လမ်းထဲကဖြတ်ပြီး အရှေ့ဘက်လျှောက်လာသည်။ တိုးတက်မှုများကြောင့် စိတ်ဓာတ်ကျနေသည်။ လက်ထဲကထီးကို ဒေါသအမျက်ခြောင်းခြောင်းထွက်ပြီး အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။ သံခမောက်ကြီးတွေဆောင်းပြီး နံပါတ်တုတ်တွေ ကိုင်ထားသည့်ပုဂ္ဂိုလ်များကို မကြားတကြားရေရွတ်သည်။ ရန်စသည်။ သူတို့ဖမ်းတာခံချင်ပါသည်ဆိုမှ သူတို့က သူ့ကိုဘေးမဲ့လွှတ်ထားကြသည်။

ရှေ့မလှမ်းမကမ်းအရှေ့ဘက်တွင် ရိပ်သာလမ်းကလေးများရှိသည်။ သည်လမ်းကွေ့မှာ ဆူဆူညံညံမရှိ။ လှုပ်လှုပ်ရွရွမရှိ။ သူက မက်ဒီဆန်ပန်းခြံဘက်သို့ပင် မျက်နှာမူလိုက်၏။ ခုတော့ သူအိပ်စရာနေစရာ သည်ပန်းခြံမှခုံတန်းပဲ ရှိတော့သည်မဟုတ်လား။

သို့သော် ထူးထူးခြားခြားတိတ်ဆိတ်နေသည့် လမ်းထောင့်ရောက်တော့ ဆိုးပေ တောင့်တောင့်ကြီးရပ်နေမိ၏။ သူ့ရှေ့မှာဘုရားရှိခိုးကျောင်းကြီးတစ်ကျောင်း။ အိုမင်းနေပြီ။ ထူးဆန်းသည့် အသံတစ်သံကို ကြားနေရသည်။ ခရမ်းရောင်ဆေးသုတ်ထားသည့် ပြတင်းပေါက်ထဲမှ အလင်းရောင်မှိန်မှိန်တစ်တန်းထိုးထွက်နေသည်။ အခန်းထဲက အော်ဂင်ဆရာ၏ လက်ချောင်းကလေးများသည် ခလုတ်ဖြူဖြူလေးများပေါ်တွင် ပြေးလွှားနေမည် မုချ။ လွင့်ပျံလာသောတေးသံက ချိုသာအေးမြလွန်းသဖြင့် ဆိုးပေမလှုပ်မချောက်ရပ်နေမိသည်။ သံဝင်းထရံများကို မှီကပ်လျက်။ လမင်းကြီးက သူ့ခေါင်းပေါ်မှာ။ ကြည်စင်နေသည်။ အေးမြနေသည်။ မော်တော်ယာဉ်တွေ၊ လမ်းသွားလမ်းလာတွေမှာ မရှိသလောက်ကျဲနေသည်။ အော်ဂင်ဆရာတီးခတ်နေသည့် တေးသွားက ဆိုးပေကို သံဝင်းထရံနားမှ မခွာနိုင်အောင်ဖြစ်နေစေ၏။ ဘာကြောင့်ဆို သည်တေးကို သူကောင်းကောင်းကြီး ကျွမ်းဝင်ရင်းနှီးနေသည်။ ဟိုတစ်ချိန်က သူ့ဘ၀မှာ အမေတို့၊ နှင်းဆီပွင့်တို့၊ ဘ၀ရည်မှန်းချက်တို့၊ သူငယ်ချင်းအပေါင်းအသင်းတို့၊ သေသပ်ကျနသော အ၀တ်အစားတို့ဖြင့် ပြည့်လျှမ်းနေသည့် ကာလတုန်းကပေါ့။

ဆိုးပေ စိတ်နှလုံးပျော့ပျောင်းနူးညံ့ချိန်နှင့် ဘုရားရှိခိုးကျောင်းအိုကြီး၏ အရှိန်အ၀ါပေါင်းစပ် ဆုံစည်းမိသောအခါ သူ့စိတ်ဓာတ်တွေ ရုတ်ခြည်းပြောင်းလဲသွားသည်။ သူက သူ့ဘ၀ကို စိုးရိမ်ထိတ်လန့်စွာ ပြန်လည်သုံးသပ်မိသွားသည်။ သူ စောက်ထိုးမိုးမျှော်ကျနေသည့် တွင်းနက်ကြီး၊ သိက္ခာမဲ့နေ့ရက်များ၊ တန်ဖိုးမဲ့ဆန္ဒများ၊ သေဆုံးသွားသော မျှော်လင့်ချက်များ၊ ပျက်စီးခဲ့ပြီဖြစ်သော စွမ်းရည်သတ္တိများနှင့် အသက်ရှင် နေထိုင်နိုင်ရေးအတွက် အောက်တန်းကျသော လှုပ်ရှားမှုများ။

ထို့နောက် တဒင်္ဂအတွင်းမှာပင် ၀င်လာသည့် စိတ်ကောင်းကလေးကို သူ့နှလုံးသားက ဆီးကြိုလိုက်သည်။ မိမိကိုယ်မိမိ နွံတာထဲမှ ရုန်းထွက်တော့မည်။ မိမိကိုယ်မိမိ ယောက်ျားစစ်စစ်တစ်ယောက်ဖြစ်အောင် ပြုလုပ်တော့မည်။ မိမိကို စိုးမိုးအနိုင်ယူနေသော အကုသိုလ်တရားကို အနိုင်တိုက်တော့မည်။ အချိန်ရှိပါသေးသည်။ မိမိ အသက်သိပ်ကြီးသေးသည်မှ မဟုတ်ဘဲ။ မိမိလိုလားတောင့်တခဲ့သည်များကို မဖြစ်မနေ အကောင်အထည်ဖော်မည်။ ဘုရားရှိခိုးကျောင်းဆီမှ ချိုသာအေးမြသော ဘုန်းတော်ဘွဲ့ အော်ဂင်တေးသံက သူ့အားတော်လှန်စိတ်များ မွေးဖွားပေးလိုက်၏။

မနက်ဖြန်ဆို အုန်းအုန်းကျွက်ကျွက်ဖြင့် အလုပ်တွေရှုပ်နေသည့် မြို့ထဲသွားပြီး အလုပ်တစ်ခုရှာမည်။ သားမွေးကုန်သည်တစ်ဦးက သူ့အားမော်တော်ယာဉ်မောင်းအလုပ်လုပ်မလားဟု တစ်ခါမေးဖူးသည်။ သည်လူကိုတွေ့အောင်ရှာမည်။ ပြီးတော့အလုပ်တောင်းမည်။ မိမိသည် ကမ္ဘာလောကထဲတွင် အဓိပ္ပါယ်ရှိသော လူတစ်ဦးဖြစ်လာလိမ့်မည်။ မိမိသည် .. ... ။

မိမိလက်မောင်းပေါ် လက်တစ်ဖက်လာတင်သည်ကို ဆိုးပေခံစားလိုက်ရ၏။ သူချာကနဲလှည့်ကြည့်လိုက်တော့ ပုလိပ်တော်မင်းတစ်ဦး၏ မျက်နှာပြဲပြဲကြီးကို တွေ့လိုက်ရသည်။

"ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ"
"ဘာမှမလုပ်ပါဘူး"

"ဒါဆိုလိုက်ခဲ့"
ပုလိပ်တော်မင်း သူ့ကိုခေါ်သွားသည်။

နောက်နေ့နံနက်တွင် ပုလိပ်ရုံးရှိ တရားသူကြီးက သူ့အားအမိန့်ချမှတ်လိုက်သည်။

"ကျွန်းပေါ်တွင် သုံးလတိတိ သွားရောက်နေထိုင်စေ"
"........................... "


အကျယ်သိချင်တယ်ဆို

7 comments:

  1. O.Henry ရဲ့ The Last Leaf ကို ငယ်ငယ် က သင်ဖူးတယ်ဗျ။ အရမ်းကောင်းတဲ့ စာရေးဆရာပဲ ကျနော် ကတော့ အရမ်းကြိုက်တယ် ။ နောက်တစ်ပုဒ် ရှိသေးတယ်ဗျ။
    ကားလေးတစ်စီးကို စောင့်နေတယ် ဆိုတာလေ( ဘာသာပြန်ပဲ ဖဆ်ဖူးတာ) အဲဒီဝတ္ထုတိုလေး လည်း အရမ်းကောင်းတယ် ။

    အခုလိုမျှဝေပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ

    ReplyDelete
  2. ဖတ်ဘူးတယ် နန်းညီ..ထပ်ဖတ်သွားတယ်။
    မှတ်ချက်
    ဗမာလိုဘာသာပြန်ထားတာကိုဖတ်တာပါ. သေချာအောင်ထပ်ပြောသွားတယ။်

    ReplyDelete
  3. ကောင်း၏
    ကျေးဇူးတင်၏
    အညောင်းခံ ရိုက်ပေးသည့်အတွက်

    ReplyDelete
  4. ဖတ်ရတာ ကောင်းလိုက်တာ ညီရေ
    အခုလို အပင်ပန်းခံရေးပြီး မျှဝေတာကျေးဇူးပါ
    စိတ် နည်းနည်းလန်းသွားတယ်။

    ReplyDelete
  5. if you can find O'henary biography, please launch it! this guy is very funnny! He wrote shortstories from prison but he was not a prisonner but the guard! thank you Nan Nyi!!!

    ReplyDelete
  6. ဆိုးပေ... ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်း မကျ... ဖြစ်ချင်တာ မဖြစ်၊ မဖြစ်ချင်တော့တဲ့ အချိန်ကျတော့လည်း ဆိုက်ဆိုက်ကြီးကို လာပြီး ဖြစ်တာ ဟ..
    ကျေးဇူးပါ... ဖတ်ရတာ ကောင်းပါတယ် မယ်ညီလေးရေ

    ReplyDelete
  7. O'Henry ဆိုတာဒီလိုအရေးအသားတွေကြောင့်သူများနဲ့မတူပဲ
    ကွဲထွက်အောင်မြင်ခဲ့တဲ့သူတစ်ယောက်ပဲ။

    ReplyDelete

your comment please

Powered by Blogger.