သန်လျင်သွားတောလား

(ရေဒီယိုမှ နားထောင်စရာပုံပမာ အခန်းကဏ္ဍရဲ့ နောက်ခံစကားပြောသူ၏လေသံနဲ့ ဖတ်ကြပါရန်)


၂၀၀၇ ခုနှစ်ရဲ့ ဆောင်းအကုန် နွေအကူးကာလလေးရဲ့ နေ့လေးတစ်နေ့မှာပေါ့.. နန်းညီနဲ့ နန်းညီအစ်ကို brook တို့.. အင်္ဂလိပ်စာကျူရှင်တက်ရန် နံနက် ၇ နာရီခန့်မှာ အိမ်မှထွက်လာခဲ့ကြပါတယ်.. လမ်းထိပ်ရောက်လို့ ဘတ်စ်ကားကို စောင့်တာ.. မလာ မလာနဲ့မို့ အမြင်ကပ်လို့ ကျူရှင်မသွားတော့ဘူးကွာဆိုပြီး တိုးကြောင်ကလေး ဘူတာကို ယောင်လည်လည်နဲ့ ရောက်သွားပါတော့တယ်.. (ဘာမှလည်း မဆိုင်ဘူးလို့ မတွေးကြပါနဲ့.. ကျောင်းသားတွေက ပညာလိုလားပေမယ့် မြန်မာ့ပို့ဆောင်ဆက်သွယ်ရေးက အဲ့ဒိပညာလိုလားစိတ်တွေကို ဖျက်ဆီးပစ်လိုက်တာပါ.. သူတို့အပြစ်ပါ.. နန်းညီတို့အပြစ်မဟုတ်ပါဘူး).. ရောက်သွားတဲ့အချိန် ဘူတာမှာ ထွက်ခါနီးရထားက သန်လျင်အရှေ့ပိုင်းတက္ကသိုလ်ကို သွားမယ့် ရထားပါ.. အဲဒါနဲ့ပဲ အဲ့ရထားကြီးတက်စီးပြီး သန်လျင်ပါသွားလေသတည်းပေါ့.. ရထားက မနက်အစောမို့ လူလည်းချောင်ပြီး .. လေကလည်း လတ်ဆတ်သန့်ရှင်း.. မောင်နှမ ၂ ယောက်.. အေးဆေး စကားလေးပြောလိုက် ဆေးလိပ်လေးဖွာလိုက်နဲ့ ပါသွားလိုက်တာ.. ဟိုရောက်.. ဟိုကပြန်ထွက်လာ.. တော်တော်မိုက်တဲ့ Feel လေးပါ..

အဲဒါနဲ့ အဲ့ Feel လေး တခြားသူတွေကိုလည်း မျှဝေကြမယ်ဆိုပြီး.. အဲ့ဒိရဲ့ နောက်တစ်ပတ် တနင်္ဂနွေမှာလား မသိ.. နံနက်စောစောထ.. နန်းညီ.. အိဖူး.. brook .. brook ရဲ့ညီ နောင့်နောင့်.. နောက်ပြီး အယ်ရှား.. အယ်ရှားရဲ့အစ်ကို သဲသဲ.. ၆ ယောက်သား နောက်တစ်ခါထပ်သွားဖို့ သေချာစီစဉ်ကြပါတော့တယ်.. လူသေချာမှတ်နော်.. ပြန်ပြောပြရမလား..
၁။ နန်းညီ
၂။ အိဖူး
၃။ brook
၎။ နောင့်နောင့်
၅။ အယ်ရှား
၆။ သဲသဲ .. .. ယောက်ျားလေး ၄ ယောက်.. မိန်းကလေး ၂ ယောက်ပါ..

(ဒီပုံမှာ နန်းညီမပါ.. ကောက်ရိုးပုံပေါ်ကပုံမှာတော့ ဘယ်အစွန်မှာပါ)


အိမ်ကိုတော့ သန်လျင်သွားလည်မယ်.. ပန်းချီလည်းဆွဲကြမယ်ဆိုပြီး ပြောထားတာပေါ့.. သွားမယ့် ၆ ယောက်မှာ.. ပန်းချီမဆွဲတတ်တာ အိဖူးနဲ့ နောင့်နောင့်ပဲပါတယ်.. ကျန်သူတွေက ပန်းချီကျောင်းသား တွေချည်းပါပဲ.. အဲလိုနဲ့ အဲ့မနက်မှာ ၆ ယောက်သား ဘူတာကိုသွား.. ရထားလတ်မှတ် ၁၀ တန် ခြောက်စောင် ကို ၀ယ်လို့.. သန်လျင်သွားတောလားကြီးကို အစချီခဲ့ပါတော့တယ်.. ( ဒန်တန့်တန်)..

ရထားပေါ်မှာလည်း ၆ ယောက်သား စကားတွေဖောင်ဖွဲ့လို့ .. သန်လျင်တံတားကြီးကို ကျော်တဲ့အချိန်မှာတော့ ရန်ကုန်မြစ်ဝကိုလိုက်ရှာရင်း စရင်း နောက်ရင်းနဲ့ပဲ.. မြို့နယ်နိမိတ်ကိုကျော်ပြီး တောရွာကျေးလက်ဘက်ကို ရောက်လာပါတော့တယ်.. တံတားဟိုဘက်ကို ဆင်းပြီဆိုတာနဲ့ ဘေးပတ်လည်မြင်ကွင်းတွေက လယ်ကွင်းတွေဖြစ်ကုန်ပါပြီ.. အဲလိုနဲ့ ဘူတာတွေ ဖြတ်လာလိုက်တာ.. အောင်သုခ ဆိုလား.. (သိပ်မမှတ်မိတော့ပါ).. အဲ့ဘူတာလေးလည်းရောက်ရော.. ဆင်းကြမယ်ကွာ ဆိုပြီး ရထားပေါ်က ဆင်းခဲ့ကြပါရော.. တကယ်တော့ ဘယ်နားဆင်းရမယ် ဘာလုပ်မယ် ဘာမှ အစီအစဉ်မရှိပါဘူး.. အဲ့ဘူတာ ဘေးပတ်လည်က ရှုခင်းတွေလှတယ်ဆိုပြီး ကောက်ကက်ဆင်းလာကြတာ..


နောက်တော့ အိမ်လေးတွေကြားထဲကဖြတ်ပြီး လမ်းမပေါ်တက်လာလိုက်တော့ သန်လျင်မြို့ထဲရောက်ပါတယ်.. အဲ့မှာ စားစရာ သောက်စရာတွေ ၀ယ်ကြပါတယ်.. ခေါက်ဆွဲကြော် ကြာဇံကြော် ထမင်းကြော်.. လိမ္မော်ရည်ဘူးတွေ.. Grand Royal တစ်တောင့်.. ပလပ်စတစ်ခွက်ကလေး ၂ ခွက်.. ရေသန့်ဘူးတွေ ၀ယ်လို့.. ၀ယ်ခြမ်းပြီးတော့ အိမ်တွေကြားက ပြန်ဖြတ်.. လယ်ကွင်းတွေဘက်ပြန်လာကြ.. ဟိုး လယ်ကွင်းတွေကြားထဲမှာ အိမ်လေးတွေရှိတယ်.. အဲ့ကိုသွားကြမယ်ဆိုပြီး.. လယ်ကန်သင်းတွေပေါ်ကတက်.. လယ်ကွက်တွေဖြတ်.. အိမ်လေး ၂ လုံးဆီ ချဉ်းကပ်ခဲ့ကြပါလေ၏.. ပထမအိမ်နားရောက်တော့ အိမ်မှာ ဘယ်သူမှလည်းမရှိပါဘူး.. ဘာလုပ်ကြရမယ်မှန်းလည်း မသိပါဘူး.. အဲ့ဒိအိမ်ဘေးက ကုက္ကိုပင်ကြီးကတော့ တကယ်ကိုကြီးတာပါ.. အဲ့အောက်နားလေး စခန်းချရရင်တော့ ရှယ်ပဲလို့ပေါ့.. ဒါပေမယ့် အိမ်ရှင်က မရှိတော့ကာ.. နေလို့မဖြစ်သေးဘူးလေဆိုပြီး နောက်တစ်အိမ်ကို ကူးဖို့ပြင်ပါတယ်.. နောက်အိမ်ကူးမယ်ဆိုပြီး အဲ့နောက်တစ်အိမ်ဘက်ကို မျှော်ကြည့်လိုက်တော့ ဦးလေးကြီးတစ်ယောက်က အဲ့အိမ်ရှေ့ကနေ နန်းညီတို့ ဘက်ကိုလှမ်းမျှော်ကြည့်နေပါတယ်.. အဲဒိမှာ အမှတ်တရစကားကတော့ နောင့်နောင့်ပြောတဲ့စကားပါပဲ..“ဟုတ်တယ် ဒီအိမ်က အိမ်ရှင်မရှိဘူး.. ဟိုဘက်အိမ်သွားမယ်.. အဲ့ဦးလေးကြီးကြည့်ရတာ ရိုးသားပုံပေါ်တယ်” တဲ့.. ဘာရိုးသားပုံပေါ်တာလဲ .. ဦးလေးကြီးကိုကဖြင့် အဝေးကြီးကမြင်ရတာ မျက်နှာတောင် မြင်ရတာမဟုတ်ဘူး.. နောက်ပြီး ဘာရိုးသားတာပြောနေမှန်းလည်း မသိပါဘူး.. ပါးစပ်ထဲတွေ့ကရာလျှောက်ပြောလိုက်တာနေမှာ.. ဒါပေမယ့် အဲဒိ “ရိုးသားပုံပေါ်တယ်” ဆိုတဲ့စကားကတော့ နန်းညီတို့ လူစုပါးစပ်ထဲမှာ စွဲမြဲသွားပြီး အထာစကားတောင် ဖြစ်သွားပါတယ်.. ခုချိန်ထိ..

နောက်တော့ နန်းညီတို့က အဲဒိအိမ်ရှင်ဆီမှာ ခွင့်တောင်းပြီး သူတို့အိမ်ရဲ့မလှမ်းမကမ်းက သစ်ပင်ကြီးအောက်မှာ စခန်းချပါတယ်.. အိမ်ရှေ့မှာ ရေကန်တစ်ကန်ရှိတယ်.. ရေကန်ရဲ့ ဟိုဘက်မှာတော့ ကောက်ရိုးပုံကြီးတစ်ပုံက ဟီးထလို့.. အိမ်နဲ့ကောက်ရိုးပုံကြားမှာ ရေကန်ဆိုပါတော့.. နန်းညီတို့ရွေးတဲ့ သစ်ပင်ကြီးက ရေကန်ဘေးဘက်မှာပါ.. အဲ့သစ်ပင်အောက်မှာနေ.. ပါလာတာတွေစား သောက်.. ပေါက်ကရတွေလျှောက်ပြောနဲ့ပေါ့.. ဓာတ်ပုံတွေလည်း ရိုက်ကြပေမယ့် လူတွေကပဲ မူးနေလို့လား.. ဘာကဘာဖြစ်လဲတော့ မသိပါဘူး.. တစ်ပုံမှ မကြည်ဘူး.. အားလုံး Hand Shade တွေဝင်နေပါတယ်.. နောက် နေ့လည်လောက်ရောက်တော့ နန်းညီနဲ့ အယ်ရှားက ပုံဆွဲမယ်ဆိုပြီး ကောက်ရိုးပုံကြီးဘေးကို သွား.. စက္ကူပေါ်မှာ ဟိုခြစ်ဒီခြစ်လုပ်ရင်း.. နောက်တော့ နေ့လည်နေပူပူမှာ .. ကောက်ရိုးပုံရိပ်အေးအေးနဲ့ ဗိုက်ကလေး.. အရက်ကမူးထွေထွေ.. မျက်လုံးတွေမှေးစင်းကျလို့ အိပ်ပျော်ခြင်းအဆင့်သို့ ရောက်သွားပါတော့တယ်.. (အိပ်ပျော်နေပုံကို ဓာတ်ပုံလည်း ချောင်းရိုက်ခံလိုက်ရပါ၏)..


နောက် ခဏနေတော့ ကောက်ရိုးပုံကြီး လှုပ်စိစိဖြစ်လာလို့ နိုးလာပြီး အကြောင်းရင်းရှာတော့.. လား လား.. နောင့်နောင့်နဲ့ အိဖူးက ကောက်ရိုးပုံကြီးပေါ်မှာ တက်ဆော့နေကြတာကိုး.. အဲဒါနဲ့ နန်းညီတို့ ၂ ယောက်လည်း ပူးပေါင်းပြီး တက်ဆော့ကြတာပေါ့.. ဒိုင်ဗင်တွေပစ်.. လေယာဉ်ပျံဆိုလုပ်.. သိုင်းတွေချ.. အို .. ၄ ယောက်သား ဗြောင်းဆန်နေတာပဲ.. လူတစ်ကိုယ်လုံးလည်း ကောက်ရိုးခြစ်ရာ ရှရာတွေ ဗရပွနဲ့.. မျက်နှာတွေ လည်ပင်းတွေမှာ အနီစင်းကြီးတွေ.. (တကယ်ဆို နန်းညီတို့ အတော်လွန်ပါတယ်.. နွားကျွေးဖို့ ကောက်ရိုးတွေကို အပုံဖြစ်အောင် သေချာပုံထားရတာ.. ခု တက်ဆော့တော့ အပုံကြီးက ဘေးဘက်ကို အိအိကျလာပြီး အလယ်ကြီးမှာ ခွက်လို့.. ပိုဆိုးတာက နွားက အဲလိုလူနင်းထားတဲ့ ကောက်ရိုးဆို မစားပါဘူးတဲ့.. အဲ့တုန်းကတော့ မသိဘူးကိုး.. အိမ်ရှင်ဦးလေးကြီးကလည်း ဘာမှမပြောတော့ .. .. ခုမှ အဲလိုတွေ သူများပြောလို့သိတာ.. အားနာလိုက်တာ) ..

နန်းညီတို့ အငယ် ၄ ယောက်တက်ဆော့နေတုန်း.. အကြီးတွေဖြစ်တဲ့ brook နဲ့ သဲသဲက အိမ်ရှင်ဦးလေးကြီးတွေ အဒေါ်ကြီးတွေနဲ့ စကားပြောနေကြတာပါ.. ဘယ်ကလာတာပါ.. ပန်းချီကျောင်းသားတွေပါ.. မောင်နှမတွေပါ ဘာညာပေါ့.. သူ့အိမ်သွားနေတော့ သူနဲ့အလ္လာပသလ္လာပ ပြောရတာပေါ့လေ.. ကောက်ရိုးပုံပေါ်က ၄ ကောင်ကလည်း အတော်လေး သောင်းကျန်းတော့ ကောက်ရိုးပုံကြီးက ပြိုတော့မတတ်ဖြစ်လာပါလေရော.. အဲဒိကျမှ အိမ်ရှင်ဦးလေးကြီးက ပြောပါတယ်တဲ့.. “ပြိုကျလာရင် သူတို့ပြုတ်ကျမှာ” ဆိုပြီး.. အဲဒိအခါကျမှ အကြီး ၂ ယောက်လည်း အခြေအနေကို သတိထားမိပြီး.. “ဟေ့ရောင်တွေ ဆင်းကြစမ်း.. တော်ကြတော့” ဆိုပြီး ဆူပါလေရော.. နန်းညီတို့လည်း ကုပ်ချောင်းချောင်းနဲ့ ဆင်းလာကြပြီး အောက်ရောက်မှာ ကောက်ရိုးပုံကြီးအတော်လေး အခြေအနေဆိုးနေတာကို သတိထားမိကြပါတယ်.. အဲဒါနဲ့ ကောက်ရိုးပုံကို အသာလေး အနားပေးလိုက်ပြီး တစ်စခန်းထတာက.. အဲ့သည့်အိမ်က ကြက်တွေကို လိုက်ချောက်တာပါ.. ကြက်သေးသေးတွေ ကြက်မတွေကို လိုက်စတာ.. ကြက်မက လိုက်ဆိတ်မှပဲ ငြိမ်သွား ကြပြန်ပါတယ်.. ငြိမ်သွားရခြင်း အကြောင်းနောက်တစ်ခုက အဲ့အိမ်ရှင်အဒေါ်ကြီးက ထန်းလျက်တွေရေနွေးတွေ ချပေးလို့လေ.. အိမ်ကပြင်လေးမှာ အားလုံးထိုင်ပြီး ရေနွေးသောက် ထန်းလျက်စား.. စကားလေးဘာလေးပြောပြီး.. ညနေ ၅ နာရီလောက်မှာ.. ဒီကယူသွားတဲ့ သကြားလုံးထုပ်တွေ ဘီစကစ်တွေနဲ့အတူ ငွေနည်းနည်းကိုပါ အိမ်ရှင်ဦးလေးကြီးကို လက်ဆောင်ပေးခဲ့ပါတယ်.. သူတို့ကလည်း ဘာမှ ထွေထွေထူးထူးမငြင်းဆိုပါဘူး.. ခင်မင်ခြင်းကြောင့်ပေးတာပဲဆိုပြီး လက်ခံပါတယ်.. ပျော်စရာပဲ.. နန်းညီတို့လည်း အနေမခက်ဘူးပေါ့..

နောက်တော့ အိမ်ကနေ ဘူတာဆီပြန်ကြတယ်.. လယ်ကွင်းတွေထဲက ဖြတ်ပြီးလမ်းလျှောက်ကြရင်း သီချင်းတွေ အော်ဆို.. ပေါက်ကရတွေ စနောက်လို့.. ဘူတာမှာ ရထားစောင့်နေရင်းနဲ့လည်း တစ်စက်မှအငြိမ်နေဘဲ လျှောက်ဆော့နေလိုက်ကြတာ.. ဘေးလူတွေကတော့ ထင်မှာပဲ.. ဘာကောင်တွေမှန်းလည်းမသိ.. ဘာပုံစံတွေမှန်းလည်း မသိလို့.. အဲဒိတုန်းကတော့ ဘာမှကို ဂရုမစိုက်ပါဘူး.. ကိုယ့်ဘာသာကိုယ် စိတ်လွတ်လက်လွတ်ပျော်နေကြတာ.. သူများတွေကိုတော့ အနှောင့်အယှက်မဖြစ်ပါဘူး.. ကိုယ့် ၆ ယောက်ပဲ အချင်းချင်းတွေ နှောင့်ယှက်တာလေ.. ရထားလာတော့လည်း ဘယ်သူမှမရှိပဲ ကိုယ့်ဘာသာတွေပဲ ကိုယ် လုယက်တက်ကြသေးတယ်.. ရယ်စရာကြီး..

အဲဒိနောက်တော့ ညနေခင်းရဲ့ အလင်းမှုန်မှုန်.. လေတဖြူးဖြူးကြားမှာ တိုးကြောင်ကလေးဆီ ဦးတည်ထားတဲ့ ဂျပန်ရထားတွဲ အနီရောင်လေးဟာ ပင်ပန်းတာတွေရော အပျော်တွေရော စိတ်ပေါ့ပါးလွတ်လပ်မှုတွေရော ပြည့်သိပ်နေတဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ လူငယ် ၆ ယောက်ကို သယ်ဆောင်ပြီး သန်လျင်လယ်ကွင်းတွေဆီကနေ ပြန်လာခဲ့ပါတော့တယ်..

14 comments:

  1. ဖတ်ရတာ ပျော်လိုက်တာနော်

    ReplyDelete
  2. ပျော်စရာကြီး... တူမရေ့...
    အဲလို ပြန်ပျော်ချင်လိုက်တာ...

    ReplyDelete
  3. ပျော်စရာကြီးပါအေ...
    ဒါနဲ့... လူရေတာမှာ မျက်စိလည်သွားတယ်..၊ အားလုံးပေါင်းမှ ၆ ယောက်ကို
    ယောက်ျားလေး ၆ ယောက်.. မိန်းကလေး ၂ ယောက်ပါ.. လို့ ရေးထားလို့

    ReplyDelete
  4. ပျောက်ဆုံးခဲ့သောနိဗ္ဗာန်ဘုံကိုပြန်တွေ့လိုက်ရလိုပါပဲ..

    ReplyDelete
  5. အဲ့နားမှာ ထန်းရည်ဆိုင်တဆိုင်ရှိတယ်လေ မတွေ့လိုက်ကြဘူးလား ဟွန်း။ အဲသဟာ ကျုပ်ရဲ့ မြို့နော် လွမ်းလိုက်ထာဟာ :(

    ReplyDelete
  6. ညီမ လုပ်တာနဲ့ အကိုတောင် ကောက်ရိုးပုံပေါ် တက်ဆော့ချင်လာပြီ

    ReplyDelete
  7. ဒီတစ်ခါ သွားရင် ကျုပ်ကိုခေါ်အေ...။

    ReplyDelete
  8. ဖတ်လို့ ကောင်းလိုက်တာ
    ကောက်ရိုးပုံပေါ်တောင် တက်ခုန်ချင်လာပြီ...
    (မူးတယ်...အေ့)

    ReplyDelete
  9. ဖတ်ပီးအပျော်လေးတွေယူသွားတယ်နော်

    ReplyDelete
  10. ကတောက် .. နာမရှိတာ နာတယ်ကွာ ... ဟွန်း .... ငမူးတွေ ဓါတ်ပုံရိုက်ရတာ . .ဘယ်လောက် မုပါတယ် မှတ်တလဲ ........

    ReplyDelete
  11. တွေ့လား ကျေးဇူးတွေ တထောကြီးတင်သင့်တယ် နင်တို့အကို..ကို

    ReplyDelete
  12. ဖိုးဂျယ်February 03, 2009 3:48 AM

    ယောင်္ကျားလေး ၆ ယောက် မိန်းကလေး ၂ ယောက်ဆိုတော့
    အားလုံးပေါင်း ၈ယောက်ဖြစ်နေပြီပေါ့
    ပျော်စရာကြီးပေါ့လေ ပျော်နိုင်သူတွေ ပျော်ကြပေါ့

    ReplyDelete
  13. ပြောစ၇ာကြိးဗျာ။ အနော်တို့လဲ ပါမယ်ဗျို့

    ReplyDelete
  14. ဟေး ဟေး .. နောက်ကျမှ မန့်ရပေမဲ့ ကိုယ်တို့ကသွားတုန်းက ပါထားတဲ့လူနော် .. ပြန်တွေးရင် ထပ်တောင်သွားချင်ပါရဲ့ ..

    ReplyDelete

your comment please

Powered by Blogger.