လွမ်းနေတုန်းအိပ်မက်

မနက်ခင်းတိုင်းလိုလိုပင် နေရောင်ခြည်နုနုထွေးထွေးများ ကျွန်မအိပ်ရာပေါ်သို့ကျရောက်လာချိန်တွင် ပါးကို ခပ်ဖွဖွနမ်းကာ နိုးတတ်သည့် ရှင့်အနမ်းများကို တမ်းတမက်မောစိတ်ဖြင့် ကျွန်မအိပ်ရာမှ နိုးလာလေ့ရှိပါသည်.. ခန်းစီးစကို လှပ်တင်ရင်း ပြတင်းပေါက်မှတဆင့် ၀ရံတာပေါ်သို့ ကျွန်မကျော်ဆင်းပြီး ဟိုးအောက်လမ်းမကြီးဆီမှ လူများကားများကို ငေးကြည့်တတ်တဲ့အခါ ထိုသို့ပြတင်းမှကျော်သည်ကို မကြိုက်သည့် ရှင်ကတားမြစ်ဦးမှာလား.. ဘေးအခန်းမှတဆင့် ၀ရံတာသို့လာရသည့် တံခါးပေါက်မှ ကော်ဖီခွက်ကိုကိုင်ရင်း ၀င်လာတတ်သည့် ရှင့်ပုံရိပ်ကို ကျွန်မမြင်ယောင်လွမ်းဆွတ်နေပါသည်.. အခုတော့ ကျွန်မ instant coffee ထုပ်များကိုသာသောက်ဖြစ်တော့သည်.. ရှင့်ကော်ဖီဖျော်စက်ကို လုပ်ရကိုင်ရတာ ကျွန်မစိတ်မရှည်ဘူးလေ..

တိုက်ပေါ်မှဆင်းပြီး ကားမှတ်တိုင်သို့လမ်းလျှောက်ချိန် ကျွန်မလက်များကို မထိတထိ လာလာတိုက်တတ်သည့် ရှင့်လက်ချောင်းလေးများမရှိတော့ လမ်းလျှောက်ရတာ တစ်ခုခုလိုနေသလို အမြဲခံစားရပါသည်.. လက်ကို ဆုပ်ကိုင်တွဲလိုက်သည်လည်းမဟုတ်.. ချိတ်လိုက်တာမျိုးလည်းမဟုတ်ပဲ လက်လွှဲရင်း မသိမသာ လာလာထိတတ်သည့် ရှင့်ကို ဟိုတုန်းကတော့ ကျွန်မရယ်ချင်ခဲ့ဖူးပါသည်.. ဘတ်စ်ကားပေါ်မှာ အပေါ်လက်ကိုင်တန်းကို မမီမကမ်းလှမ်းခိုဆွဲရင်း ကျွန်မသတိရမိသည်ကတော့ ခိုတွယ်အားကိုးနေကျ လက်ဖျံလေးတစ်ခုပါပဲ.. မွေးညင်းတိုတိုလေးများဖြင့် ရှင့်လက်ဖျံညိုညိုလေးများက ဘတ်စ်ကားစီးသည့်အခါ ကျွန်မအတွက်တော့ ကိုင်စရာလက်ကိုင်တန်းတစ်ခုလိုပဲ.. “အရပ်ကလည်း ပုရှာတယ်” လို့ ရှင် ကျွန်မကို စနောက်တော့ ရှင့်ပုခုံးများကို ကျွန်မက ကိုက်တတ်သေးသည်.. ကျွန်မ စိတ်မကြည်သာတဲ့အခါ.. ကျွန်မစိတ်ပျော်တဲ့အခါ.. စိတ်ရှုပ်တဲ့အခါ. ၀မ်းနည်းတဲ့အခါ.. ကျွန်မ စိတ်လှုပ်ရှားမှု အပြောင်းအလဲတိုင်းမှာ ရှင့်ပုခုံးပေါ်ခေါင်းတင်မှီတွယ်ရင်း ပုခုံးသားများကို ကိုက်တတ်ခဲ့သည်.. နာကျင်တာကို ဟန်လုပ်ဖုံးကွယ်ရင်း ကျွန်မ ပုခုံးမကိုက်ရင်တောင် ဘာများဖြစ်နေပါလိမ့်ကို ရှင်တွေးထင်ခဲ့သည်အထိ ကျွန်မ ရှင့်အပေါ် အနိုင်ယူခဲ့မိသည်ထင်ပါသည်.. အခုတော့ ကျွန်မ ဒတ်ဆန်းကားလေးများကိုသာ စီးဖြစ်တော့သည်.. ဟီးနိုးကားလက်ကိုင်တန်းတွေက သိပ်မြင့်တယ်မဟုတ်လား.. ကျွန်မကို ဖေးမပေးမည့် ပုခုံးကျစ်ကျစ်လေးလည်း အနားမှာ မရှိတော့ဘူးလေ..

အလုပ်ထဲကိုရောက်တော့ ကျွန်မစားပွဲပေါ်က ခဲတံတွေထည့်သည့်ခွက်လေး အသစ်ဝယ်ဖို့လိုနေတာ သတိရမိသည်.. ရှင်ဝယ်ပေးထားသော ပန်းပုရုပ်ပုံစံခွက်လေးက အခု ဆေးတွေကွာနေပြီ.. ကျွန်မ အသစ်တစ်ခု လဲဖို့လိုနေပါပြီ.. တစ်ခုခုဝယ်ပေးဖို့ လုပ်ပေးဖို့ပူဆာတိုင်း.. “လိမ္မာရင်” ဆိုသောစကားဖြင့် ကျွန်မကို ဖြေတတ်သည့် ရှင့်ကို အခုရော ပူဆာလို့ရနိုင်ဦးမလား.. ကျွန်မဖြစ်ချင်တာ ဘာမဆို ရှင်ဖြည့်ဆည်းပေးခဲ့တာ.. ကျွန်မဆန္ဒများကိုသာ ရှင်ဦးစားပေးခဲ့တာ... ရှင့်ရဲ့စိတ် နာကျင်ရသည့်တိုင် ကျွန်မစိတ်ချမ်းသာမယ်ဆိုရင် ပြုံးပြုံးလေးရှင်ခွင့်လွှတ်ခဲ့တာ.. ကျွန်မခေါင်းကို ခပ်ဖွဖွပုတ်ကာ ပြုံးနေတတ်သည့် ရှင့်အပြုံး ကြည်ကြည် လင်လင်လေးများကို ကျွန်မမြင်ယောင်မိသည်.. ထိုအပြုံးကို ပြန်သတိရမိတိုင်း နွေးထွေးခြင်းနှင့်အတူ ကျွန်မခံစားရသည်က ဘယ်ဘက်ရင်ညွန့်မှ စူးအောင့်ခြင်းဖြစ်နေသည်မှာ ထူးဆန်းပါသည်.. အခု လောလောဆယ်တော့ ခဲတံခွက်လေးမှ ဆေးများ ဟိုတစ်ကွက်ဒီတစ်ကွက် ကွာနေတာ ရုပ်ဆိုးသဖြင့် အကုန်အပြည့်ကွာသွားအောင် ဆေးတွေကိုပေတံလေးဖြင့် ကျွန်မခြစ်ချပစ်နေပါသည်.. နောက်တစ်ခုဝယ်ပေးဖို့ ပူဆာစရာ ရှင်မှအနားမှာ ရှိမနေပဲလေ..

ညဘက်ကျွန်မ တီဗီကြည့်ဖြစ်သည့်အခါ ကျွန်မဘေးမှာထိုင်လျက် ကျွန်မလက်ချောင်းလေးများကို ပွတ်သပ်ဆော့ကစားတတ်သော ရှင်မရှိသည့်အခါ တီဗီထဲကို ကျွန်မစိတ်နှစ်လို့မရနိုင်.. လရောင်ကို မုန်းသော ကျွန်မနှင့် တရားလွန်သာတတ်သော လတို့ကြား ဖျန်ဖြေစကားဆိုပေးမယ့် ရှင်မရှိတော့ အရင်လို ၀ရံတာမှာလည်း ဂစ်တာမတီးချင်.. စာအုပ်ဖတ်ပြန်တော့လည်း စာထဲစိတ်ရောက်သွားလျှင် မျက်နှာနဲ့စာအုပ် ကပ်ကပ်သွားတတ်သော ကျွန်မကို “မျက်စိတော့ထိခိုက်တော့မှာပဲ”လို့ စောင့်ကြည့်သတိပေးတတ်တဲ့ ရှင်ကရှိမနေပြန်.. တစ်နေကုန် ကွန်ပျူတာကြည့်.. ဒီဇိုင်းတွေလုပ်ရလို့ ကျွန်မ ဇက်ကြောတွေတက် ခေါင်းတွေကိုက်ပြီး အိပ်မပျော်တဲ့အခါ.. အကိုက်အခဲပျောက်ဆေးတွေသိပ်မသောက်ဖို့ တားမြစ်တတ်ပြီး ကျောကို ဖွဖွညင်ညင်သာသာနှိပ်ပေးတတ်တဲ့ ရှင်မရှိတဲ့အခါ.. ... Idiot အဖွဲ့၏ ဘာပဲဖြစ်ဖြစ် သီချင်းမှ စာသားတစ်ချို့က ကျွန်မကို မျက်ရည်ကျသည်အထိ ခံစားမိစေတာ အံသြစရာကြီးပါလားကွယ်..
“တစ်ယောက်ထဲစိတ်ဓာတ်ကျ အခက်အခဲများနဲ့ငါ .. ဖြေရှင်းဖို့အားမရှိတော့ပါ.. အဖော်မဲ့လမ်းများနဲ့ သံစဉ်မဲ့ သီချင်းတွေကြား.. နေ့တွေဖြတ်ကျော်ဖို့အတွက်ဟာ.. လုံးဝမဖြစ်နိုင်ပါ.. ” ..
ကျွန်မ ခပ်တိုးတိုးလိုက်ညည်းမိပါသည်..

ရှင့်ဆီက ဖုန်းလာတဲ့ညများမှာဆို ကျွန်မ ရင်တွေတလှပ်လှပ်ခုန်လာသည်အထိ ပျော်မိပါသည်.. တစ်နေကုန် အိမ်အပြင်မှာပဲ အချိန်ကုန်တတ်သူကျွန်မအတွက် အိမ်ဖုန်းလေးက သိပ်အသုံးမ၀င်လှဘူးလေ.. တစ်ခါတရံ မိသားစုတွေဆီကဆက်တတ်တဲ့ဖုန်းလောက်သာ ... သို့သော် ညဥ့်နက်နက်မှာ ဖုန်းလေးမြည်လာလျှင်တော့ လှိုက်ခုန်သောစိတ်ဖြင့် ဖုန်းကို ကျွန်မနားထောင်ရသည်.. ရှင်နဲ့စကားပြောရတာပျော်မိသော်လည်း ရှင့်ကို တမ်းတသော တွယ်မက်နေသော ကျွန်မစိတ်တွေကို စကားထဲမှာ မပေါ်အောင် ဟန်ဆောင်ထိန်းချုပ် ရသည်ကလည်း ဒုက္ခတစ်မျိုးပါကွယ်.. သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်၏ စကားအပြန်အလှန်မျိုး ဖြစ်အောင် “ငါနဲ့သူ ဘာမှမဆိုင်တော့ဘူး.. ငါတို့ဘာမှမဆိုင်တော့ဘူး” လို့ စိတ်ထဲမှာ မကြာခဏ ရွတ်ပေးနေရတာကို ရှင်သိရင် ရယ်များနေမလား.. ရှင်ကရော ကျွန်မကို သတိရစိတ်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းချုပ်ဖုံးကွယ်နေခဲ့သလဲ.. ကျွန်မ သိချင်လျက်နဲ့ မမေးခဲ့ပါ.. ပင်လယ်ကြီးခြားနေတဲ့ နေရာဒေသတစ်ခုကနေ တစ်ပတ်တစ်ခါခန့်တော့ ဖုန်းဆက်ပြီး “ဘာရယ်မဟုတ်ပါဘူးကွာ” လို့အစချီ စကားပြောတတ်တာ ရှင်လည်း ကျွန်မကို သံယောဇဉ်ရှိဆဲဟု ကောက်ချက်ချလိုက်ရတော့မလား.. ကျွန်မတို့ ချစ်ခဲ့ဖူးတာတွေ ရှင်မေ့သွားမယ်လို့ ကျွန်မတော့ မယုံပါဘူး.. ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုသိနားလည်ကြပါသည်.. နော်..

“ဒီကကောင်မလေးတွေက သိပ်မိုက်တယ်ကွ.. ကိုယ်တော့ မကြာခင် ရည်းစားသစ်ရပြီး မင်းကို တကယ်မေ့နိုင်တော့မယ်ထင်တယ်” လို့ရှင်ကပြောတော့ ဟာသတစ်ခုကို ကြားလိုက်ရသလိုပင် ကျွန်မ ဟက်ဟက်ပက်ပက်ရယ်မိပါသည်.. ဘာအနှောင်အဖွဲ့မှမပါဘဲ ရယ်ချင်တာသက်သက်ကြောင့် ကျွန်မ ရယ်ချလိုက်မိသောအခါ ရှင်ကလည်း လိုက်ရယ်ပါသည်.. ကြည့်စမ်း.. ဒါရယ်စရာမှ မဟုတ်တာပဲကွယ်.. ကျွန်မတို့ အတော်ရူးတာပဲ.. ရှင့်ဖုန်းကတ်လေးကုန်ကာ ရှင့်အသံ တိကနဲပြတ်သွားချိန်အထိ ကျွန်မတို့ စကားပြောကြသည်.. နောက်တော့ ထုံးစံအတိုင်းပဲလေ..
ဘာသံမှမလာတော့သော ဖုန်းခွက်ကို ၁၅ မိနစ် .. မိနစ် ၂၀ လောက်ကြာသည်အထိ ကျွန်မ ဆက်ကိုင်ထားမိမည်.. နောက်တော့ ဖုန်းကိုချ.. ၀ိုင်ပုလင်းတွေဆီ လက်လှမ်း.. ရီဝေမူးယစ်စွာ ရှင့်ကိုလွမ်း.. တစ်ခါတရံ ခပ်ဟက်ဟက်ရယ်ရင်း... တစ်ခါတရံတော့လည်း နာကျင်သော မျက်ရည်များဖြင့် ကျွန်မ အိပ်ရာဝင်မည်.. ထို့နောက် အစီအစဉ်မရှိ ပရမ်းပတာ အင်မတန်နိုင်သော အိပ်မက်များဖြင့် ကျွန်မ နိုးတ၀က်အိပ်ပျော်မည်..

နောက်နေ့မနက်၏ နေရောင်ခြည်နုနုထွေးထွေးများ ကျွန်မအိပ်ရာပေါ်သို့ကျရောက်လာချိန်မှာတော့ ပါးကို ခပ်ဖွဖွနမ်းကာ နိုးတတ်သည့် ရှင့်အနမ်းများကို တမ်းတမက်မောစိတ်ဖြင့် ကျွန်မအိပ်ရာမှ နိုးထလာပါမည်.. ... ...

11 comments:

  1. save သွားတယ်နော်။ ပီးရင်ဖတ်မယ်။

    (btw that looks so luvv :P)

    ReplyDelete
  2. အင်း..ကောင်းတယ် ညီရယ်
    မမေ့ပစ်နဲ့...တော်တယ်
    အဲလိုပြောရတာ ကောင်းကောကောင်းရဲ့လား
    လေးဖြူကို ဘာကြောင့်ကြိုက်လဲ ပြောပြမယ်

    ReplyDelete
  3. သိပ်ကို နူးညုံတဲ့ခံစားမှုလေးတွေ ဖတ်ရတာ..ဖတ်ရသူကိုပါ စိတ်နှလုံးသိမ်မွေ့လာ..........။
    ငါဟာ....အရိုင်းမျက်နှာ၊ခက်ထန်တဲ့ နှလုံးသားနဲ့ လူဆိုတော့ ရင်ထဲ ဆတ်ခနဲ၊ဆတ်ခနဲ ဖြစ်လာတဲ့အထိ......မညီမျှခြင်းများကြားမှာ လွန်ဆွဲနေရ.........။
    အဲ့ဒိလွန်ကြိုးက...........အဆုံးမှာ.......ထောင်းခနဲ...။

    လေးစားအားပေးလျက်ပါ ......ညီညီ။

    ReplyDelete
  4. ညီ စာရေးတာလေးပိုလှလာတယ် ရှေ့ဆုံးအစနဲ့ နောက်မှာပြန်သိမ်းလိုက်တော့ သေသေသပ်သပ်လေးနဲ့ တွေးနေတာမပြတ်သွားဘူး ...တဆက်တည်းဖြစ်နေတာ ကောင်းတယ်
    (ဒီအချိန်မင်းအိပ်စက်ညလေး ငါတမ်းတနေတယ် ညင်သာမင်းနဖူးထက်
    ငါ့အနမ်း ပျံသန်းညအမှောင်အလယ်..အိုး..အဝေးကတိတ်တဆိတ်နဲ့လှမ်း
    နုတ်ဆက်တဲ့အနမ်း....)တွေ့လား

    ReplyDelete
  5. အရင် ၃ နှစ်လောက်က ဖတ်မိရင် တော်တော်ဟတ်ထိပြီး သောကမျက်ရည်ဗူးသီးလုံးလောက်ကျသွားမယ့် ၀တ္ထုလေးပဲ....။
    ခုလည်းနှစ်သက်စွာ ဖတ်သွားပါတယ်...။

    ReplyDelete
  6. ဟုတ်ကဲ့... အဲ... ကောင်းတယ်လို့ ပြောမလို့ ...နောက်ဆုံးထိ လွမ်းနေဦးမယ်ဆိုပါလား... :P

    ReplyDelete
  7. နန်းညီရေ .. ကောင်းပါတယ်.. ကိုယ်က ကိုယ်တိုင်မရေးတတ်ပေမယ့် ကောင်းကောင်းတော့ ဝေဖန်တတ်တယ်.. ဟ... ဟား...
    စာကြောင်းတွေ သိပ်မရှည်စေနဲ့နော် (စိတ်ချိုးနဲ့ အမန်အသိုင်း ကြောတတ်လို့)

    ReplyDelete
  8. ကောင်းတယ်
    လွမ်းဖို့

    ReplyDelete
  9. အိုး ... ကြည့်စမ်းပါ့ ...
    အရေးအသားအဖွဲ့အနွဲ့တွေနဲ့ ပြုစားဖမ်းစားတဲ့ မှော်ဆရာမ ပေပဲလား ...
    ခံစားဖတ်ရှု သူရင်ထဲ ... လေပြည်တွေကိုလည်း တိုက်ခတ်စေလား ... တိုက်ခတ်စေပါရဲ့
    လှိုင်းတံပိုးတွေ ထ ပြီး ၀ုန်းဒိုင်းကျဲ ရိုက်ခတ်စေလား ... ရိုက်ခတ်စေပါရဲ့ ...
    အဖွဲ့အနွဲ့တွေရဲ့ သက်ရောက်မှုကြားမှာ ... တစ်ဆင့်တစ်ဆင့် တက်လာတဲ့ စိတ်ရဲ့ ခံစားမှုတွေက
    ကိုင်းဖျားကနေ ဖျတ်ကနဲ ပြတ်ကျသွားအပြီးမှာ ဝေ့ကာ ဝေ့ကာနဲ့ ၀ဲကျလာတဲ့ သစ်ရွက်လေး တစ်ရွက်လို့ ညင်ညင်သာသာလေး၊ သိမ်သိမ်မွေ့မွေ့လေး ဖြစ်လို့သွားတယ် .... ရေးလက်တွေ သိပ်တက်လာသလို .... ပစ်ထည့်ထားတဲ့ စိတ်ရဲ့ ခံစားမှုတွေကလည်း ထိရှလှပလို့ ၊ ကျစ်လစ်သိပ်သည်းလို့ .... .... ...။

    ဒီဝတ္ထုလေးမှာ ရင်ဘတ်ကို လာထိတဲ့ အဖွဲ့အနွဲ့ စကားလုံးတန်ဆာလေးတွေ ဖြစ်တဲ့ .... .... ....

    “သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်၏ စကားအပြန်အလှန်မျိုး ဖြစ်အောင် “ငါနဲ့သူ ဘာမှမဆိုင်တော့ဘူး.. ငါတို့ဘာမှမဆိုင်တော့ဘူး” လို့ စိတ်ထဲမှာ မကြာခဏ ရွတ်ပေးနေရတာကို ရှင်သိရင် ရယ်များနေမလား.. ရှင်ကရော ကျွန်မကို သတိရစိတ်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းချုပ်ဖုံးကွယ်နေခဲ့သလဲ.. ကျွန်မ သိချင်လျက်နဲ့ မမေးခဲ့ပါ.. ”

    “ဘာအနှောင်အဖွဲ့မှမပါဘဲ ရယ်ချင်တာသက်သက်ကြောင့် ကျွန်မ ရယ်ချလိုက်မိသောအခါ ရှင်ကလည်း လိုက်ရယ်ပါသည်.. ကြည့်စမ်း.. ဒါရယ်စရာမှ မဟုတ်တာပဲကွယ်.. ကျွန်မတို့ အတော်ရူးတာပဲ.. ရှင့်ဖုန်းကတ်လေးကုန်ကာ ရှင့်အသံ တိကနဲပြတ်သွားချိန်အထိ ကျွန်မတို့ စကားပြောကြသည်.. နောက်တော့ ထုံးစံအတိုင်းပဲလေ..”

    “ဘာသံမှမလာတော့သော ဖုန်းခွက်ကို ၁၅ မိနစ် .. မိနစ် ၂၀ လောက်ကြာသည်အထိ ကျွန်မ ဆက်ကိုင်ထားမိမည်.. နောက်တော့ ဖုန်းကိုချ.. ၀ိုင်ပုလင်းတွေဆီ လက်လှမ်း.. ရီဝေမူးယစ်စွာ ရှင့်ကိုလွမ်း.. တစ်ခါတရံ ခပ်ဟက်ဟက်ရယ်ရင်း... တစ်ခါတရံတော့လည်း နာကျင်သော မျက်ရည်များဖြင့် ကျွန်မ အိပ်ရာဝင်မည်.. ထို့နောက် အစီအစဉ်မရှိ ပရမ်းပတာ အင်မတန်နိုင်သော အိပ်မက်များဖြင့် ကျွန်မ နိုးတ၀က်အိပ်ပျော်မည်.. ”

    “လရောင်ကို မုန်းသော ကျွန်မနှင့် တရားလွန်သာတတ်သော လတို့ကြား ဖျန်ဖြေစကားဆိုပေးမယ့် ရှင်မရှိတော့ အရင်လို ၀ရံတာမှာလည်း ဂစ်တာမတီးချင်.. စာအုပ်ဖတ်ပြန်တော့လည်း စာထဲစိတ်ရောက်သွားလျှင် မျက်နှာနဲ့စာအုပ် ကပ်ကပ်သွားတတ်သော ကျွန်မကို “မျက်စိတော့ထိခိုက်တော့မှာပဲ”လို့ စောင့်ကြည့်သတိပေးတတ်တဲ့ ရှင်ကရှိမနေပြန်.. ”

    အပိုဒ်လေးတွေတိုင်းက ... သိပ်လှပနေတယ်၊ ညင်ညင်သာသာလေး ဆွဲခေါ်လို့ ခေါ်သွားမှန်းမသိအောင်ကို နစ်မျောပြီး လိုက်ပါနေမိတာ .... ညက်ညောတယ် ... ရေစီးညင်သာတဲ့ စမ်းချောင်းလေးထဲ မျောပါသွားသလိုမျိုး ... ။

    တစ်ပုဒ်လုံး အပြီးမှာ “ကျွန်မတို့ ချစ်ခဲ့ဖူးတာတွေ ရှင်မေ့သွားမယ်လို့ ကျွန်မတော့ မယုံပါဘူး.. ” ဆိုတဲ့ နေရာကလေးက လွဲလို့ အချစ် ဆိုတာ အက်ကြောင်းထပ်အောင် ထည့်သွင်း မဖော်ပြထားပေမယ့် ... နှလုံးသားတစ်ခုထဲက သိပ်သည်းလေးလံပြီး နက်ရှိုင်းတောက်ပလွန်းတဲ့ အချစ်တစ်ခုကို ပီပီသသ မြင်တွေ့ခံစားနေရအောင် ရေးဖွဲ့နိုင်ခြင်း အပေါ်မှာ အထူးပဲ လေးစားသွားမိတယ် ဆိုတဲ့အကြောင်း ... ... .... ။

    ReplyDelete
  10. ညီရေ အရေးအသားတွေက ကောင်းလှချည်လားကွ
    အပေါ်က ကိုအိမ်မက်ရှင် ကောမန့်နဲ့တင်
    ညီ့ ပိုစ့်လေးက ပြည့်စုံနေပြီလေ
    ကဗျာ တစ်ပုဒ်ထွက်လာခဲ့ရင် ပေးမယ် ဟုတ်ပြီလား
    ထွက်လာခဲ့ရင်နော် ကြိုပြောထားတား)

    ချစ်ကို

    ReplyDelete
  11. ကောင်းလိုက်တာ.. တော်လိုက်တာ ညီလေးက

    ReplyDelete

your comment please

Powered by Blogger.