my August thoughts

August 31..
လစာရပြီ.. လစာစစ်ဖို့ အကောင့်အစ်မကြီးကပြောလို့ ငွေတွေရေရတော့ အရင် ၂၀၀၈ တုန်းက ပထမဆုံးအလုပ်စလုပ် လခစရတုန်းကကို သွားသတိရတယ်.. အိမ်နဲ့အလုပ်က အဝေးကြီးမှ အဝေးကြီး.. ကား ၃ ဆင့်စီးရတယ်.. မနက်ဆို ၆ နာရီထပြီး ၇ နာရီလောက်အိမ်ကထွက်ရတယ်.. ညနေ ၅ နာရီရုံးဆင်းရင် ည ၇ ခွဲလောက်မှ အိမ်ရောက်တယ်.. ဘတ်စ်ကားတွေ ကျပ်လိုက်တာမပြောနဲ့.. ဘီအမ်ကားကို စီးရင် နောက်ဆုံးနားမှာပဲ နေရာရှိတော့ အဲ့နားကထိုင်စီး.. ကားက ခုန်.. ဗိုက်တွေအောင့်.. ပြန်တွေးကြည့်ရင် စိတ်ညစ်စရာကြီး..

လစာကလည်း ခုနဲ့ယှဉ်ရင် မပြောပြတတ်အောင် နည်းတာပေါ့.. ဒါပေမဲ့ အဲ့တုန်းက အဲ့လစာပဲရတာတောင် တော်သေးတယ်ဆိုရမယ်.. ကိုယ်က ပန်းချီနဲ့ဘွဲ့ရပြီး ဘာမှသိပ်မဆိုင်တဲ့ နယ်ပယ်ကို စ,တိုးတာကိုး.. ဒါပေမဲ့ တကယ်တမ်း pressure များတာကို တွေးရင် ခုကတော့ တာဝန်ယူရတာပိုများလာတော့ pressure ပိုများတယ်..

အဲ့တုန်းက ဘဝကို ပြန်လိုချင်လားမေးရင်တော့ ဘယ်လိုချင်ပါ့မလဲနော်.. နေ့တိုင်းအလုပ်သွားနေပြီး အိမ်ကနေထမင်းဗူးယူနေပြီး အိမ်ကိုညဘက်ဆိုလာကြိုခိုင်းရပြီး မုန့်ဖိုးပြန်တောင်းသုံးရတဲ့ဘဝကိုးး.. ဒါပေမဲ့ အဲ့ဒိဘဝတွေကို တန်ဖိုးထားပါတယ်.. ဘာလို့လဲဆိုတော့ ဆရာကောင်းတွေနဲ့ တွေ့ခဲ့ရတယ်.. သင်ပေးချင်စိတ်ရှိသူတွေ မျှဝေတတ်သူတွေနဲ့ တွေ့ရတယ်.. အတုယူစရာတွေလည်း အများကြီးကြုံခဲ့တယ်..

ဘဝမှာ ကံကောင်းတယ်လို့ ပြောရမှာတစ်ခုက ကိုယ့်ကို ဒုက္ခပေး ချောက်ချသူတွေတို့.. အဆင်းဘီးတပ်တာတို့.. မကောင်းစိတ် မနာလိုစိတ်နဲ့ တိုက်ခိုက်တာတို့ ခုချိန်ထိ မကြုံရဖူးသေးတာပဲ.. လောကဓံကြီးကြီးများများ အတက်အဆင်းကြီးတွေ မကြုံရဖူးသေးတာပဲ... (ကြုံလည်း မကြုံဖူးချင်ပါဘူး).. "ညီက ကံကောင်းတယ်"လို့ လူတွေကပြောကြရင် ပြုံးပြုံးလေး နှစ်နှစ်သက်သက်လက်ခံလိုက်ဖြစ်တယ်..


August 29..
နောက်တစ်ပတ် တနင်္ဂနွေဆို သားဉာဏ်လေး ၈ လပြည့်ပြီ..
၈ လအတွင်း.. ခရီးသွားဖူးပြီ နဖူးဆောင့်မိဖူးပြီ ပုရွက်ဆိတ်ကိုက်ခံဖူးပြီ ဖျားဖူးပြီ.. စားသောက်ဆိုင်မှာ စားဖူးပြီ ဗိုလ်ချုပ်ဈေးရောက်ဖူးပြီ.. ဆံပင်နှစ်ခါညှပ်ပြီးပြီ..
ရွှေတိဂုံဘုရား နီးလျက်နဲ့ဝေးနေတုန်းမို့လို့ ဘုရားလိုက်ပို့ချင်တယ် မိုးမရွာပါစေနဲ့..


August 26..
အရင်ကတော့ အချစ်အက်ဆေးတွေ ဝတ္တုတွေ သိပ်ကို ထူးခြားရေးဖွဲ့နိုင်ခဲ့ဖူးတယ်.. "လွမ်းနေတုန်းအိပ်မက်"လိုဟာမျိုးဆို လုံးဝ ပျော်ဆင်းပဲ.. နောက်တော့ အတည်တကျရည်းစားလည်းရရော ဘာမှ ရေးမရတော့ဘူး.. ဘာလို့ဆိုတော့ ကိုယ်ဘာပဲ ရေးရေး သူနဲ့ သွားသွား တွဲမြင်နေကြတာနဲ့ပဲ ရှောင်ရေးရင်း ရေးရင်း ဘာမှ မရေးတတ်တော့သလိုဖြစ်သွားတယ်..
ပြီးတော့ ပြောလို့ပြောတာမဟုတ် ဘလော့ခေတ်တုန်းက လူတွေ စာအတော်ဖတ်ကြတာ.. ပို့စ်တစ်ခုတင်လိုက်ရင် reader သောင်းကျော်ရှိတယ်.. ခုတော့ မိုဘိုင်းလ်နဲ့ သုံးတာလည်း များလာလို့လားမသိ ဘလော့လင့်ပေးလိုက်ရင်တောင် မသွားဖတ်ချင်ကြတော့ဘူး.. ဖေ့စ်ဘုတ်နုတ်မှာကျတော့လည်း ရေးချင်ဘူး.. (ဒါတွေ တနင်္ဂနွေနေ့ blogday ပွဲကျရင်ထည့်ပြောဦးမှပါ)

August 26, Women's Equality Day..
အမျိုးသမီးတန်းတူအခွင့်အရေးနေ့..
၁၉၂၀ မှာ အမေရိကန်မှာ အမျိုးသမီးတွေ တန်းတူမဲပေးခွင့်အတွက်လှုပ်ရှားရင်း စတင်ခဲ့တယ်လို့ wikipedia မှာ ဖတ်ရတယ်..


August 20
ဘဏ်ငွေတွေပဲပြေးထုတ်ရ မလိုလို.. တသက်လုံးသိပ်ကြိုက်ခဲ့တဲ့ ပဲပြားကို မစားဘဲနေရတော့ မလိုလို.. လှေပဲဝယ်ထားရတော့ မလိုလို.. ဓာတ်ကြိုးပြတ်ကျမှာ ကြောက်လို့ လမ်းလျှောက်တိုင်း သရဏဂုံတင်ပြီးမှ သွားရမလိုလို.. အိတ်ထဲ ဓားဆောင်ထားရမလိုလို.. သိုင်းပဲပြေးသင်ထားရတော့ မလိုလို.. နေပြည်တော်လမ်းပဲ တသက်လုံးမသုံးရတော့ မလိုလို..
ဘယ်တစ်ကွက်မှ စိတ်သက်သာစရာမရှိ.. ဘာတစ်ခုမှ စိတ်လုံခြုံမှု မရှိ.. ဘယ်လိုအကြောင်းကမှ အာမခံချက်မရှိ.. ဘာကြောင့် ဒီနိုင်ငံဆက်နေရမယ် မသိတော့ဘူး..


August 10
လူတွေဟာ အူအတက်ကို ဘာကြောင့် ဗိုက်ထဲမှာထားသေးလဲ နားမလည်နိုင်ဘူး.. အဲလိုပဲ ဘာအတွက် ဘယ်သူ့အတွက်မှ အသုံးမကျနေရင် ဘာကြောင့်အနားမှာ ထားနေသေးလဲ နားမလည်ဘူး..

August 6
မောင်ဉာဏ ၇ လပြည့်



August 4
သားဉာဏ်ကြီးလာလို့..
မြန်မာပြည်က သိပ်လှတဲ့တိုင်းပြည် သားသားရဲ့လို့ပြောရင် "ဟုတ်လို့လားမေမေ" လို့ သားကမေးမယ်ထင်တယ်..
မြန်မာပြည်က သယံဇာတ သိပ်ပေါတာလို့ပြောပြရင် "မယုံဘူးမေမေ"လို့ သားကပြောမလားမသိ..
မြန်မာပြည်မှာလည်ပတ်စရာနေရာတွေမှ အများကြီးလို့ပြောရင် "ဘာနဲ့သွားမှ အဆင်ပြေမှာလဲ မေမေ"လို့ သားကစိတ်ပျက်မလား..
မြန်မာပြည်အစိုးရက မကောင်းဘူး သားသားရာ ပြည်သူတွေကို စေတနာမထားဘူး ဆိုရင်တော့ "ဟုတ်တယ်နော် မေမေ" လို့ ထောက်ခံချက်ရလောက်ပါရဲ့


August 3
What's on my mind? 
_အောင့်သက်သက်..
သေးသေးလေးတွေပဲ ဒါပေမဲ့ ခဲတံအတုံးတချောင်းနဲ့ အဆက်မပြတ်လာထိုးနေသလိုမျိုး

August 1
နိုးလာလာချင်း ရန်ကုန်ရေမြုပ်ရင် ဘယ့်နှယ့်လုပ်မလဲတွေးမိတယ်..
ငါ အလုပ်မသွားရတော့ဘူးပေါ့.. နေတာက ၅ လွှာဆိုတော့ ငါတော့ ရေထဲမရောက်မှာ သေချာတယ်.. ဆန်တွေဆီတွေ ဝယ်ထားရင် ကောင်းမလား.. မီးကတော့ပျက်မှာ.. ဂတ်စ်မီးဖိုအတွက် ဂတ်စ်သွားဖြည့်ထားဦးမှ.. သားသားအတွက် လိုတာ ဒိုင်ပါဘာညာ အကုန်ဒီနေ့သွားဝယ်မယ်..
ဟိုရောက်ဒီရောက်စဉ်းစားရင်း ဖျတ်ခနဲအတွေးတစ်ခုပေါ်တော့ ကြက်သီးထသွားတယ်..
ကိုယ့်လိုကြိုတွေးချိန်မရလိုက်.. ၅ လွှာမှာမနေ ရိက္ခာကြိုမစုနိုင်ဘဲ.. သားငယ် သမီးငယ်တွေအတွက် မပြင်ဆင်နိုင်ဘဲ ရေမြုပ်သွားတဲ့ဒေသက လူတွေ အများကြီးရှိနေပါပြီလား.. ဒိုင်ပါမပြောနဲ့.. နွေးအောင်ထွေးစရာ အနှီးမရှိတဲ့ မိုးရေထဲက ကလေးလေးတွေ..
တတ်နိုင်သလောက် လှူကြကယ်ကြပေမဲ့ မထိရောက် မလုံလောက်သေးဘူးတဲ့.. တားမြစ်တာတွေကရှိသေး.. အရေးပေါ်အခြေနေထုတ်ပြန်ပြီး နိုင်ငံအဆင့် ကယ်ဆယ်ရေးတွေစသင့်နေပြီ..
အမှန်က သူတို့အိမ်တွေစမြုပ်သွားသင့်တာ.. frown emoticon


No comments:

your comment please

Powered by Blogger.